ရန်ကုန်၊ ဇွန် ၁၃
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် တစ်နိုင်ငံလုံးဆိုင်ရာ “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ပြုလုပ်မည်ဖြစ်ကြောင်း General Strike Coordination Body – GSCB မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၉ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့၌ “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ကို ပြည်လုံးကျွတ်လှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စု၏ မတရားဖိနှိပ်မှုများ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုများနှင့် ဟန်ပြနိုင်ငံရေး ခြေလှမ်းများကို ပြည်သူလူထုက လုံးဝလက်မခံကြောင်း အဆိုပါ လှုပ်ရှားမှု သက်သေပြသရန် တိုက်တွန်းနှိုးဆော်ထားသည်။
ထိုလှုပ်ရှားမှု အတွင်း “အမေစုနှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်” ၊ “အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်” ၊ “ဦးဝင်းမြင့်သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်” စသည့် အချက်များ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ပြည်သူများ အနေဖြင့် ဇွန်လ ၁၉ ရက်နေ့၌ မိမိ ဒေသ လုံခြုံရေးအခြေအနေများအလိုက် နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်း၊ Online ကမ်ပိန်းတွင် ပန်း ပန်ဆင်ခြင်း၊ ကိုင်ဆောင်ခြင်း ပန်းဓာတ်ပုံများကို Social Media ပေါ်တွင် တင်၍လည်း ပါဝင်နိုင်ကြောင်း၊ ထို့ပြင် မြေပြင်သပိတ်လှုပ်ရှားမှုများတွင်လည်း နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ပါဝင်နိုင်ကြောင်း သိရှိရသည်။
“ဒီနှစ်ထဲမှာ ပထမဆုံးခေါ်ယူတဲ့ ပြည်လုံးကျွတ်လူထုလှုပ်ရှားမှုတစ်ခုဖြစ်တယ်။ လူထုခေါင်းဆောင် အမေစုမွေးနေ့မှာ လူထုက စစ်အုပ်စုရဲ့ ဟန်ပြခြေလှမ်းတွေ အဓမ္မစစ်မှုထမ်းခိုင်းစေမှုတွေကို လုံးဝလက်မခံဘူးဆိုတာကို ငြိမ်းချမ်းစည်းလုံးစွာနဲ့ ပြသကြမယ့် လူထုလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကနေ အမေစုနှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်၊ အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်၊ ဦးဝင်းမြင့်သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည် စတဲ့ သတင်းစကား ၃ရပ်နဲ့အတူ ဇွန် ၁၉ရက်နေ့မှာ ပြည်သူလူထုများ လုံခြုံရေးအသိ လုံခြုံရေးသတိနဲ့ ဘေးကင်းလုံခြုံစွာ ပါဝင်နိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်” ဟု General Strike Coordination Body – GSCB မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)”တွင် လူထု ကြွေးကြော်သံအနေဖြင့် “အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ၊ “ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့” ၊ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” စသည်တို့ ဖြစ်ကြောင်း သိရသည်။






