26.5 C
Yangon

မဲဆောက်နှင့် ရနောင်းတွင် တရားမဝင် ခိုးဝင်ခြင်း၊ စီးကရက်များ သယ်ဆောင်ခြင်း၊ နေထိုင်ခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းများကြောင့် မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇွန် ၁၃

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်နှင့် ရနောင်းခရိုင်တွင် တရားမဝင် ခိုးဝင်ခြင်း၊ စီးကရက်များ သယ်ဆောင်ခြင်း၊ နေထိုင်ခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းများကြောင့် မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းအာဏာပိုင်များ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မဲဆောက်ခရိုင် အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ၊ မဲဆောက်မြို့နယ် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မဲဆောက်အကောက်ခွန်ဌာန၊ တာ့ခ်ခရိုင် အခွန်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် မဲဆောက်-တာ့ခ် ကားလမ်းမကြီး၊ မယ်ပ (Mae Pa) ရပ်ကွက်အနီးတွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်ဆေးမှုအတွင်း အခွန်ပေးဆောင်ထားခြင်းမရှိသည့် “ATLANTA” (အနီရောင်) အမှတ်တံဆိပ် စီးကရက်ဘူးပေါင်း ၃၀၀၀ (တစ်ဘူးလျှင် ၂၀ လိပ်စီပါ) ကို တင်ဆောင်လာသော Mitsubishi Pajero အဖြူရောင်ကားကို စစ်ဆေးတွေ့ရှိခဲ့၍ ကားပေါ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသား အသက် ၃၇ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၂၄ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ မြန်မာနိုင်ငံသား ၂ ဦးသည် အခွန်ဆောင်ထားခြင်းမရှိသော ကုန်ပစ္စည်းများကို ရောင်းချရန် ရည်ရွယ်ချက်ဖြင့် လက်ဝယ်ထားရှိမှုနှင့် အခွန်ဆောင်ထားခြင်းမရှိသော ကုန်ပစ္စည်းများကို ပိုင်ဆိုင်ထားမှုတို့ဖြင့် အမှုဖွင့်လှစ်ထားပြီး၊ ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန်အတွက် မဲဆောက်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းစစ်တပ်မှ ပူးပေါင်းအဖွဲ့သည် နယ်စပ်လုံခြုံရေးအတွက် လှည့်လည်စစ်ဆေးစဉ် မဲဆောက်မြို့၊ သာ့ဆိုင်းလွတ်ကျေးရွာအုပ်စု၊ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးရှိ စျေးအနီး သောင်းရင်းမြစ်ကမ်းဘေးသို့ စက်လှေဖြင့် ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂ ဦးကို တားဆီးစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တားဆီးစစ်ဆေးရှာဖွေရာတွင် မြန်မာနိုင်ငံသား အသက် ၄၄ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၄၁ နှစ်အရွယ် အမျိုးသမီး ၁ ဦး တို့သည် နိုင်ငံကူးလက်မှတ် ပတ်စပို့နှင့် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် စသည့် အထောက်ထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာခြင်းဖြစ်၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ထိုင်းအာဏာပိုင်များက တရားမဝင် ခိုးဝင်လာသော မြန်မာ ၂ ဦးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်နေထိုင်မှုဖြင့် အမှုဖွင့်လှစ်ထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း မြန်မာနိုင်ငံဘက်သို့ ပြန်လည်နှင်ထုတ်နိုင်ရန် တာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့၏ ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်တွင် ဇွန်လ ၁၂ ရက်နေ့က ရနောင်းခရိုင်ထိုင်းအာဏာပိုင်များက နယ်မြေလုံခြုံရေးနှင့် တရားမဝင်ခိုးဝင်လာသူများကို လှည့်လည်စစ်ဆေးနေစဉ် နေထိုင်ခွင့် အထောက်အထားများ သက်တမ်းကုန်ဆုံးနေပြီး အသစ်ပြန်လည် ပြုလုပ်ခြင်းမရှိဘဲ တရားမဝင် ဆက်လက် နေထိုင်နေသော မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ထို့အတူ တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးကိုလည်း ထပ်မံတွေ့ရှိ၍ စစ်ဆေးရာတွင် စိတ်ကြွမူးယစ်ဆေးဝါး မက်သ်အဖက်တမင်း ကို သုံးစွဲထားကြောင်း တွေ့ရှိရ၍ ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဖမ်းဆီးထားသော မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် မူးယစ်ဆေးဝါးဥပဒေများအရ ထိရောက်စွာ အရေးယူနိုင်ရန်နှင့် မိခင်နိုင်ငံသို့ ပြန်လည်နှင်ထုတ် နိုင်ရန် သက်ဆိုင်ရာ ရဲစခန်းနှင့် လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ထံသို့ စနစ်တကျ လွှဲပြောင်းထိန်းသိမ်းအပ်နှံကာ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article