25 C
Yangon

ကရင်ပြည်နယ်၊ ဝေါ်လေဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ် မိုင်းဆွဲခံရပြီး စစ်သား အနည်းဆုံး ၂၀ ဝန်းကျင်သေဆုံး၊ စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၂၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်ဒေသ ဖလူးကျေးရွာဘက်မှ ဝေါ်လေဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ယနေ့ မတ်လ ၂၇ ရက် နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၂၀ ဝန်းကျင် သေဆုံးနိုင်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ထံမှ သိရှိရသည်။

စစ်သည် အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၄၄ တပ်ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ DKBA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီက ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ကြောင်း သိရှိရသည်။

“ဟုတ်တယ်၊ ဒီကောင်တွေ အသေများတယ်။ ရှေ့ထွက်မိုင်း ၂ လုံးကွဲတယ်၊ မိုင်းအသေး ၂ လုံး ကွဲတယ်။ လမ်းပေါ်မှာ တချို့အလောင်းတွေ ရှိနေသေးတယ်၊ တချို့အလောင်းတွေတော့ လေယာဉ် လာပစ်တဲ့အချိန်မှာ ပြန်ဆွဲသွားတယ်။ လက်နက်တချို့လည်း ပြန်ကောက်သွားတယ်၊ တချို့လည်း ကျန်နေသေးတယ်” ဟု KNLA ပူးပေါင်းအဖွဲ့မှ ရှေ့တန်းတပ်သား ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

မိုင်းဆွဲခံရပြီးနောက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ရဟတ် ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ KNLA ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

“လေယာဉ်နဲ့ လာပစ်တဲ့အချိန်မှာ စစ်ခွေးတွေက မီးတွေရှို့ပြီး အချက်ပေးတယ်၊ ဘာလုပ်တာမှန်းတော့ မသိဘူး၊ ရဟတ်ယာဉ်ကလည်း အမြင့်ကြီးကနေ ပျံပြီး ပစ်တာ၊ ကျနော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး၊ တိုက်ပွဲမှာ ဒီကောင်တွေ ဘယ် လောက်ထပ်သေလဲဆိုတာတော့ အတိအကျမသိဘူး၊ အခုတော့ ဒီကောင်တွေ နောက်ပြန်ဆုတ်သွားတယ်” ဟု KNLA ပူးပေါင်းတပ်ဖွဲ့မှ အခြားရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

နှစ်ဖက်တိုက်ပွဲသည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး သေ့ဘောဘိုးကျေးရွာအနီးရှိ ဘလယ်ဒိုကျေးရွာထိပ်တွင် ဖြစ်ပွားခဲ့ကာ လက်ရှိ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် တိုက်ပွဲ ငြိမ်သက်နေကြောင်း သိရှိရသည်။

ဝေါ့လေမြို့နယ်ခွဲအတွင်းရှိ မော်ခီးနှင့် ထီးကပလယ် စစ်ကောင်စီစခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က မတ်လ ၂၁ ရက်နှင့် ၂၅ ရက်တို့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မော်ခီးစခန်းမှ စစ်သားများ ထွက်ပြေးသွားကာ လက်နက်ခဲယမ်းအမြောက်အများကို KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယနေ့ နံနက်တွင်လည်း ကော့ကရိတ်-မြဝတီ အာရှလမ်း တောနော်ရေတံခွန်အနီးတွင် ကုန်တင်ယာဉ် ၂ စီး မီးရှို့ခံရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တိုက်ပွဲဖြစ်ပွားကြောင်းလည်း သိရှိရသည်။

အာရှလမ်း၊ တောနော်ရေတံခွန်အနီး စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲအသေးစိတ်ကို ကနဦး မသိရှိရသေးပေ။

ယနေ့ မတ်လ ၂၇ ရက်မှစတင်ကာ ကော့ကရိတ်-မြဝတီ အာရှလမ်းမနှင့် မြဝတီ-ဝေါ်လေ ကားလမ်းကို ခရီးသွားပြည်သူများအနေဖြင့် အသုံးပြုမှု ရပ်ဆိုင်းထားရန် KNLA၊ KNDO တပ်ရင်းတပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article