ရန်ကုန်၊ မတ် ၁
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းနှင့်ဆောမြို့နယ်ရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ များသို့ ငွေကျပ် သန်း ၅၂၀၀ ကို မြေပြင် မစိုးမိုးနိုင်တော့၍ စစ်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ရန် ရှိနေကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောသည်။
မြေပြင်အခြေအနေတွင် စိုးမိုးမှု လုံး၀ မရှိတော့သည့်အတွက် ဝန်ထမ်းလစာ၊ စစ်တပ် တပ်ဖွဲ့ဝင်များ လစာ အပါအဝင် ဒေသအာဏာပိုင်များ၏ စရိတ်များ အတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲ ၃ ခုသို့ ငွေကျပ် သန်း ၅၂၀၀ ပို့ဆောင်ရန် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထံ အကြောင်းကြားလာကြောင်း၊ စစ်ရဟတ် ယာဉ်ဖြင့် ဂန့်ဂေါခရိုင် မြန်မာ့စီးပွားရေးဘဏ်သို့ ငွေကျပ် သန်း ၂၀၀၀ ပို့ဆောင် ခဲ့ပြီး ထီးလင်းမြို့နယ်ဘဏ်ခွဲအတွက် ငွေကျပ် သန်း ၁၂၀၀ နှင့် ဆောမြို့နယ် ဘဏ်ခွဲထံသို့ ငွေကျပ် သန်း ၂၀၀၀ မပို့ဆောင်ရသေးဘဲ ယခုရက်ပိုင်းအတွင်း ရဟတ်ယာဉ် ဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း စစ်ဘက် သတင်းရပ်ကွက်က အတည်ပြု ပြောဆိုသည်။
“ပို့မယ့်ငွေတွေက ဖေဖော်ဝါရီလ ဝန်ထမ်းလစာ၊ စစ်သည်အရာရှိလစာ၊ ပင်စင်လစာ တွေ အဓိကပါတယ်” ဟု အနောက်မြောက်တိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ရဟတ်ယာဉ် တစ်စီး။