ရန်ကုန်၊ မတ် ၂
တန့်ဆည် မြို့နယ် ကျွန်းလည်ကျေးရွာမှ ရွှေကျင်ရွာသို့ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီနှင့် ပျူစောထီးများကို TRF အဖွဲ့မှ ယနေ့ မတ် ၂ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သုံးဦးသေကာ ဒဏ်ရာရရှိသူများရှိကြောင်း Taze Revolution Force – TRF မှ သတင်း ထုတ်ပြန်သည်။ TRF အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် စစ်ကောင်စီနှင့် ပျူစောထီးများသည် ယနေ့ ညနေ ၃ နာရီခွဲမှ စတင်ကာ ရွှေကျင်ရွာရှိ ပြည်သူများ နေအိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၄၀ ရှိ ရွှေကျင်ရွာတွင် ၃၅ လုံး မီးလောင် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ကျွန်းလည်၊ ကဘဲ၊ မူးခွ ကျေးရွာများတွင် လက်ရှိနေသူများ ပျူစောထီး အဖြစ် သတ်မှတ်တိုက်ခိုက်မည်ဖြစ်၍ မသက်ဆိုင်သူများ ကျေးရွာမှ အမြန်ဆုံးထွက်ခွာကြရန်လည်း TRF ၏ ထုတ်ပြန်ချက်တွင် သတိပေးထားသည်။
ပုံစာ – အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ခံရသည့် ရွှေကျင်ရွာ