ရန်ကုန်၊ ဇွန် ၂၃
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အင်အား ၁၀၀ ခန့်ပါ စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ချောက်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၀ ရက်နေ့တွင် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ပန်းတောင်းမြို့ဘက်မှ လာသော စစ်သား အင်အား ၁၀၀ ခန့်ပါဝင်သည့် Double Cab ကား ၁ စီးနှင့် စစ်ကား ၆ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စုလမ်းပိုင်း၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း Double Cab ကား ၁ စီးသည် မိုင်းထိမှန်ခဲ့ပြီး ကားပေါ် လိုက်ပါလာသော စစ်သား ၇ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၀ ဦးခန့် ပြင်းထန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်း ထပ်တိုးသေးဆုံးတာမျိုးဆိုတော့ လောလောဆယ်တော့ မသိရသေးဘူး။ စစ်ခွေး ၇ကောင်က ကားပေါ်မှာပဲ သေဆုံးတာပါ” ဟု ချောက်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက် ပ.က.ဖ )နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဖြစ်ကြသော မကွေးခရိုင် ပ.က.ဖ ( သခင်ဖိုးလှကြီးစစ်ကြောင်း )၊ ညောင်ဦးခရိုင် တပ်ရင်း ( ၄ ) နှင့် ဧရာဒေါင်း ( မကွေးဖက်ဒရယ်ယူနစ် တပ်ဖွဲ့ ) တို့ ပူးပေါင်းကာလုပ်ဆောင်ခဲ့ကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း ပြည်သူများကို ဒုက္ခပေးနေသော စစ်ကောင်စီ လက်ပါးစေများနှင့် စစ်တပ် စစ်ကြောင်းများကို ဆက်လက်ကာကွယ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း Chauk Guerrilla Force အဖွဲ့က အသိပေး နှိုးဆော်ထားသည်။




