ရန်ကုန်၊ ဇွန် ၂၃
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လာပို့ကျေးရွာမှ စိတ်ရောဂါခံစားနေရသော ပြည်သူ ၁ ဦး အပါအဝင် ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကိုလည်း ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကနီမြို့နယ်၊ ဆယ်ရွာချောင်ကျေးရွာနှင့် လာပို့ကျေးရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲခဲ့ပြီး လာပို့ကျေးရွာမှ အသက် ၆၅ နှစ်အရွယ် ဦးဝင်းနိုင် နှင့် အသက် ၃၆ နှစ်အရွယ် စိတ်ရောဂါခံစားနေရသော ကိုဖြိုးသူအောင် တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းများ ဖျောက်ဖျက်ခဲ့သောကြောင့် လက်ရှိချိန်ထိ အလောင်းများ ရှာမတွေ့သေးကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကသတ်ရွာ၊ လာပို့ရွာ၊ အင်ကြင်းပင်ရွာနှင့် ထန်းတပင်ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်နေအိမ်များရှိ ကား ၁ စီး၊ မော်တော်ဆိုင်ကယ် ၁၉ စီး၊ နွား ၁၈ ကောင်၊ လှည်း ၈ စီးနှင့် တန်ဖိုးကြီးပစ္စည်းများကို စစ်တပ်က ခိုးယူလုယက်ခဲ့ပြီး ၎င်းတို့ သယ်ဆောင်၍မရသည့် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေက ကနီနယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးပြီး ပြည်သူ ၂ ဦးကို သတ်သွားတယ်။ အသက် ၆၅ နှစ် ဦးဝင်းနိုင်ကိုတော့ အလောင်းပြန်ရလို့ သင်္ဂြိုဟ်လိုက်ပြီ။ ကျန်တဲ့တစ်ယောက်က စိတ်ဝေဒနာရှင် ကိုဖြိုးသူအောင်ပါ။ သူ့အလောင်းကတော့ အခုထိ ရှာမတွေ့သေးဘူး။ စစ်ခွေးတွေက ကသတ်ရွာ၊ လာပို့ရွာ၊ အင်ကြင်းပင်ရွာ၊ ထန်းတပင်ရွာတွေက ရှိသမျှပစ္စည်းတွေအကုန် ခိုးယူသွားတယ်။ ကားရော၊ ဆိုင်ကယ်ရော၊ နွားတွေရော လှည်းတွေရော အကုန် ခိုးယူသွားကြတာ။ မယူနိုင်တဲ့ ပစ္စည်းတွေကိုကျတော့ ဖျက်ဆီးပစ်ခဲ့ကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဇွန်လ ၁၈ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အစပ်ရှိ မဟူတောင် တာဝါတိုင်စခန်းတွင် ရောက်ရှိခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လာပိုရွာနှင့် ထန်းတပင်ရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ကနီမြို့နယ်တွင် ရက်ပေါင်း ၄၀ ကြာစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုအတွင်း ရှမ်းမြောင်းရွာမှ လူနေအိမ်နှင့်နွားတဲ ၂၀ လုံးခန့်၊ တဇယ်ချောင်ရွာမှ လူနေအိမ် ၃ လုံး၊ ညောင်ပင်ဝန်းရွာမှ လူနေအိမ် ကြက်ခြံနှင့် နွားတဲ ၂၀ လုံးခန့်၊ လင်ပုန်းရည်ရွာ လူနေအိမ်နှင့်နွားတဲ ၂ လုံး၊ ယာကြီး-ကလေးဝ လမ်းပိုင် မိုင် ၃၀ မှ လူနေအိမ်နှင့်စျေးဆိုင် ၄ လုံးတို့ကို မီးလောင်ပျက်စီးခဲ့သေးကြောင်း သိရှိရသည်။
Photo credit – အလောင်းတော်ကဿပ နယ်မြေသတင်း






