32 C
Yangon

မန္တလေး အိုဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရေဖြတ်တောက်ခံရပြီး အိမ်သာရေကို ဘက်စုံအသုံးပြုခိုင်း ၊ အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်း သားများထံမှ ငွေညှစ်မှုများ ရှိနေ

Must read

ရန်ကုန်၊ ဧပြီ ၁

မန္တလေး အိုးဘိုထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအတွက် သောက်ရေနှင့်သုံးရေကို စက်ပျက်နေသည်ဟုဆိုကာ ဖြတ်တောက်ထားပြီး အိမ်သာရေများကိုသာ ဘက်စုံ အသုံးပြု နေထိုင်နေရကြောင်း နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင် များထံမှ သိရသည်။

အိုးဘိုထောင်တွင် နိုင်ငံရေး အကျဉ်းသားများ ရေဖြတ်တောက် ခံထားရသောကြောင့် ပန်းကန်များ ဆေးကြောလိုလျှင် အိမ်သာရေကိုသာ အသုံးပြုနေရပြီး ရေမရှိသောကြောင့် အိမ်သာမတက်ရသော နေ့များရှိကာ ရေချိုးချိန်ကိုလည်း ၁မိနစ်သာပေးကြောင်း သိရသည်။

” ပန်းကန်ဆေးလည်း အိမ်သာရေနဲ့ ဆေးရပြီးတော့ ရေမရလို့ အိမ်သာ မတက်ရတဲ့ နေ့တွေတောင်ရှိတယ်တဲ့။ ရေချိုးလည်း တစ်မိနစ်လောက်ပဲ ချိုးရတယ်တဲ့။ ထောင်ပိုင်နဲ့ ညွှန်မှူးကိုတင်ပြတော့လည်း စီစဉ်ပေးမယ်ပဲပြောပြီး နေ့ရွှေ့ ညရွှေ့လုပ်နေတယ်။ ရေတွေက မသန့်ရှင်းတော့ အကုန်လုံးဝဲတွေပေါက်။ ရာသီဥတုကလည်းပူတော့ ပိုဆိုးတယ်”ဟု နိုင်ငံရေး အကျဉ်သား တစ်ဦး၏ မိသားစုဝင် တစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန် အင်းစိန်ထောင်တွင်လည်း နိုင်ငံရေး အကျဉ်းသားများကို ထောင်မှူးနှင့် တန်းစီးဆိုသူများက အကြောင်းအမျိုးမျိုးပြ ငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း၊ အိပ်စရာနေရာတစ်ခုအတွက် ငွေ ၂ သိန်းကျော်တောင်းခံကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များထံမှ သိရသည်။

အင်းစိန်ထောင်တွင် အမှုရင်ဆိုင်နေရသော နိုင်ငံရေး အကျဉ်းသားများကို ထောင်အချုပ်တွင် ထားရှိပြီး အမိန့်ချမှတ်ပြီးပါက ပုံစံခန်းသို့ ပို့ဆောင်ကြောင်း၊ ယင်းနောက် တန်းစီးများက ကြမ်းတမ်းစွာ ဆက်ဆံခြင်း၊ ကြပ်ညှပ်စွာ အိပ်ခိုင်းခြင်း၊ အော်ဟစ်ဆဲဆိုခြင်း၊ ကြာမြင့်စွာ တန်းထိုင်ခိုင်းခြင်း၊ အလုပ်များကြိုတင်စေခိုင်းခြင်းများ ပြုလုပ်ပြီး ငွေကြေးတောင်းခံခြင်း၊ ငွေညှစ်နေခြင်း ဖြစ်ကြောင်းသိရသည်။

နိုင်ငံရေးအကျဉ်းသား မိသားစုများထံမှ ငွေညှစ်မှုများကို အင်းစိန်အကျဉ်းထောင်၊သပြေဆောင် အဆောင် မှူး ရဲကျော်သူဆိုက ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ပြီး ဆေးမှု၊ လူသတ်မှုဖြင့် ထောင်ကျနေသူများကို အခန်းလူကြီးအဖြစ်ထားကာ ငွေညှစ်တောင်းခံ နေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- အကျဉ်းထောင်မြင်ကွင်းတစ်ခု။(ပုံအဟောင်းဖြစ်သည်)

Photo Credit- AAPP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article