32 C
Yangon

ထားဝယ်-ထီးခီးလမ်း၊ ရမ္မဇူရွာအနီး ဆီဘောက်ဆာကား နှစ်စီးမီးရှို့ခံရ၊ ရေဖြူမြို့နယ် အထက်တန်းကျောင်းအနီး ဗုံးပေါက်

Must read

ရန်ကုန်၊ ဧပြီ ၁

တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်းမပေါ် ရမ္မဇူရွာနဲ့ လိပ်ကြယ်ပြောင်ရွာအကြား ဆီဘောက်ဆာကားနှစ်စီးမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့နံနက် ပိုင်းကတည်းက မေတ္တာဘက်ကနေ ထားဝယ်မြို့ဘက်ကိုမောင်းနှင်လာတဲ့ ဘောက်ဆာကားနှစ်စီးကို ရမ္မဇူရွာအနီး တားဆီးခံခဲ့ရပြီး ယာဥ်မောင်းနှစ်ဦးထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

နေ့လယ် ၁၂ နာရီနောက်ပိုင်း ကား ၂ စီးမီးရှို့ခံခဲ့ရပြီး လေယာဥ်ဆီလို့ ယူဆကာမီးရှို့တာဖြစ် နိုင်တယ်လို့ဒေသခံတွေကဆိုပါတယ်။

” လမ်းမှာ ကားစက်ခေါင်းမီးလောင်နေတာတော့တွေ့ရတယ်” လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

ဘယ်အဖွဲ့ကမီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတာတော့မသိရသေးပါဘူး။

မီးရှို့ခံရတဲ့ကားပေါ်မှာတော့ LP Gas ရေနံဓာတ်ငွေ့ရည်လို့ရေးသားထားပါတယ်။

ညနေ သုံးနာရီဝန်းကျင်မှာ လက်နက်အပြည့်အစုံနဲ့ စစ်သားအင်အား ၂၀ ဝန်း ကျင် ရမ္မဇူရွာဘက်ကို ဦးတည်ဝင်ရောက်လာနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

စစ်ကောင်စီတပ်က ထားဝယ်-ထီးခီးလမ်းကြောင်းကနေ လေယာဥ်ဆီသယ်မယ်ဆိုတဲ့သတင်းဟာ မတ်လကုန်ပိုင်းကတည်းက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။

အလားတူ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အထက်တန်းကျောင်းအတွင်းမှာ ဒီနေ့မနက်၈နာရီ၄၀မိနစ်အချိန် ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ဟာ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာဖြေတဲ့ရက်ဖြစ်ပြီးကျောင်းသားတွေ စာမေးပွဲအခန်းထဲကို ဝင်ရောက်ဖို့လုပ်နေစဉ်မှာပဲ ကျောင်း‌ဆောင်အနီး ပေါက်ကွဲသံ ထွက်ပေါ်လာတာလို့ သိရပါတယ်။

“တော်တော်ကြမ်းတယ်၊ တစ်မြို့လုံးဟိန်းသွားတာပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မီးသတ်၊ ရဲနဲ့ စစ်တပ်ကလုံခြုံရေးယူပေးထားတဲ့အချိန်မှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကိုတော့ မသိရှိရသေးပါဘူး။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က သေနတ်နဲ့ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

အ.ထ.က ရေဖြူစာသင်ကျောင်းမှာ အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၉၉ ယောက်ရှိတယ်လို့ ရေဖြူစာသင်ကျောင်း ဆရာမတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

လက်ရှိမှာ စစ်တပ်က စာသင်ကျောင်းအနီးမှာရှိတဲ့ နေအိမ်တွေကို စာဖွေစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-မီးရှို့ခံရသော ဆီဘောက်ဆာကားနှစ်စီး။

(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article