25 C
Yangon

PPST က နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာအဆိုပြုချက်များကို စတုတ္ထအကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုထားပြီး စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် အင်အားစုအားလုံးကို တင်ပြသွားမည်

Must read

ရန်ကုန်၊ ဧပြီ ၄

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့် ၎င်းတို့၏ စတုတ္ထအကြိမ်မြောက်ညီလာခံတွင် နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာအဆိုပြုချက်များကို အတည်ပြုနိုင်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အပါအဝင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုအားလုံးကို တင်ပြသွားမည်ဟု ယနေ့ ပြုလုပ်သော စတုတ္ထအကြိမ်မြောက် NCA-EAOs ထိပ်သီးခေါင်းဆောင်များ ညီလာခံ သတင်းစာရှင်းလင်းပွဲတွင် ရဲဘော်မျိုးဝင်းက ပြောသည်။

“ပါဝင်သင့်တဲ့ အင်အားစုတွေပါဝင်ရမယ်ဆိုတဲ့ အခြေခံအတွက် ကျနော်တို့ရဲ့ အဆိုပြုချက်ကို အခု မြန်မာပြည်မှာ ရှိနေတဲ့ အင်အားစုတွေအားလုံးကို ကျနော်တို့ တင်ပြသွားမှာဖြစ်တယ်။ နိင်ငံရေးပါတီတွေ၊ ရပ်ကွက်အဖွဲ့အစည်းတွေ ရှိမယ်၊ SAC ရှိမယ်၊ NUG ရှိမယ်၊ NUCC ရှိမယ် အားလုံးကို ကျနော်တို့ရဲ့ အဆိုပြုချက်ကို တင်ပြမှာ ဖြစ်တယ်။ အားလုံးမှာ ဆွေးနွေးခွင့်ရှိတယ်၊ အားလုံး ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတခုကို ဖန်တီးနိုင်ဖို့ လိုအပ်တယ်”ဟု PPST ဦးဆောင်မှုကော်မတီဝင် ရဲဘော်မျိုးဝင်း (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) က ပြောဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် PPST အနေဖြင့် NCA မူဘောင်အပေါ် ကိုင်စွဲထားခြင်းမရှိဘဲ NCA အနှစ်သာရအပေါ်၌သာ ရပ်တည်ထားကြောင်း ထပ်လောင်းပြောဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ စုဖွဲ့မှုအသစ်ကို NCA-EAOs တဖွဲ့ချင်းစီမှ တာဝန်ပေးအပ်သော ကိုယ်စားလှယ် ၂ ဦးစီဖြင့် ဖွဲ့စည်းထားပြီး ဦးဆောင်မှုကော်မတီကို အဖွဲ့ခေါင်းဆောင်အဖြစ် နိုင်အောင်မင်း (မွန်ပြည်သစ်ပါတီ)၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့)၊ ခိုင်စိုးနိုင်အောင် (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ)၊ ဒေါက်တာနော်ကပေါ်ထူး (KNU/KNLA ငြိမ်းချမ်းရေးကောင်စီ)နှင့် ညှိနှိုင်းရေးမှူးအဖြစ် ရဲဘော်မျိုးဝင်း (ABSDF) တို့ဖြင့် ဖွဲ့စည်းထားသည်။

အဆိုပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ စုဖွဲ့မှုအသစ်တွင် ပါဝင်ဖို့ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ၁၀ ဖွဲ့စလုံးကို ကမ်းလှမ်းခဲ့ပေမယ့် ကရင်အမျိုးသားအစည်းအရုံး KNU က အဆင်သင့်မဖြစ်သေးဟု ပြောဆိုကြောင်း၊ ချင်းအမျိုးသားတပ်ဦး CNF က အကြောင်းပြန်ခြင်းမရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေးက ရှင်းပြသည်။

PPST အဖွဲ့မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ နုတ်ထွက်သည်ဆိုသည့် သတင်းများအပေါ် မဟုတ်မှန်ကြောင်း ရဲဘော်မျိုးဝင်းက ပြောသည်။

စတုတ္ထအကြိမ်မြောက် NCA-EAOs အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး အတည်ပြုနိုင်ခဲ့သော နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာအဆိုပြုချက်များကို မကြာမီ ပြည်သူလူထုကို အသိပေးသွားမည်ဟု သိရှိရပြီး အချိန်အတိအကျကို ပြောဆိုခြင်း မရှိပေ။

ဓါတ်ပုံ – ယနေ့သတင်းစာရှင်းလင်းခဲ့သော မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေး၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်မျိုးဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဒေါ်စောမြရာဇာလင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article