25 C
Yangon

အတုအယောင်သင်္ကြန်ကို ဆန့်ကျင်ရင်း တော်လှန်သင်္ကြန်ကို ဆင်နွဲကြပါစို့

Must read

By လမ်းသစ်

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ရောက်ရှိတော့မည် ဖြစ်သည်။ စစ်အာဏာရှင်တို့၏ ဖိနှိပ်ချုပ်ချယ်မှုအောက်မှ ပြည်သူအများစုကတော့ သင်္ကြန်ပွဲတော်ကို စိတ်ဝင်တစား မရှိကြ။

သို့သော် အကြမ်းဖက်စစ်ကောင်စီကတော့ ကိုဗစ်နှင့်အာဏာသိမ်းမူ အခြေအနေများကြောင့် နှစ်နှစ်ကြာ မပြုလုပ်နိုင်ခဲ့သည့် သင်္ကြန်ပွဲတော်ကို ပြန်လည်ပြုလုပ်ရန် စိုင်းပြင်းနေကြသည်။ တိုင်းပြည်အခြေအနေမှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီး ပြည်သူများ ပျော်ရွင်နေကြသည်ဟု ပြသလိုခြင်းကြောင့် ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်၊ မန္တလေးအပါအဝင် ဒေသအသီးသီးတွင် သင်္ကြန်ပွဲတော်ကို စည်ကားစွာ ပြုလုပ်ရန်ရန်လည်း ညွန်ကြားထားသည် ဟုသိရသည်။ ရန်ကုန်တွင်လည်း သင်္ကြန်ပွဲတော်ပြုလုပ်နိုင်ရန် စနိုက်ပါများအပါအဝင် လုံခြုံရေးအင်အား တိုးမြင့်ထားရန် ညွန်ကြားထားသည်။

အစောင့်အကြပ်များဖြင့် အတုအယောင် သင်္ကြန်ပွဲတော်ကို ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။ ရပ်ကွက်များ၊ လမ်းများအတွင်းတွင်လည်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များကို ပြုလုပ်ရန် ခွင့်ပြုထားပြီး ပြည်သူများကို ဖျားယောင်းရန် ကြံစည်နေသည်။

တော်လှန်ရေးအင်အားစုများကတော့ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင် သင်္ကြန်ပွဲတော်ကို ဆန့်ကျင်ကြရန် တိုက်တွန်းထားကြသည်။

တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့် အာဇာနည်များ၊ အကျဥ်းကျသူရဲကောင်းများ၊ တိုင်းပြည်အတွက် တိုက်ပွဲဝင်နေကြသည့် PDFများနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ CDMသူရဲကောင်းများနှင့် သိန်းနှင့်ချီသည့် စစ်ဘေးရှောင်ပြည်သူများကို စာနာလေးစား၊ ဂုဏ်ပြုသည့်အနေဖြင့် အကြမ်းဖက်စစ်တပ်၏ အတုအယောင် အပျော်သင်္ကြန်နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲများကို လုံးဝ မပူးပေါင်း၊ မပါဝင်ကြခြင်းဖြင့် သပိတ်မှောက်ကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB)က တိုက်တွန်းထားသည်။

ထိုအပြင် ယခုသင်္ကြန်ကာလကို ပြည်သူ့အသံစစ်စစ်ဖြစ်သည့် ” တော်လှန်သင်္ကြန်”အဖြစ် မှတ်ယူဖြတ်သန်းကြမည်ဟု အသိပေးထားသည်။ ပြည်သူ့တော်လှန်ရေးကို အထောက်အပံ့ ဖြစ်စေမည့် “တော်လှန်သင်္ကြန်”ကို မည်ကဲ့သို့ ပါဝင်ဖြတ်သန်းကြမည် ဆိုသည်ကိုလည်း ထပ်မံ ထုတ်ပြန်ပေးသွားမည်ဟု GSCBက အသိပေးထားသည်။

ပြည်သူများအနေဖြင့်တော့ စစ်အုပ်စုက မည်မျှဖိနှပ်နေပါစေ ကြံ့ကြံ့ခံရင်း တော်လှန်ရေး အောင်မြင်ရေးအတွက် တက်နိုင်သည့်ဘက်မှ ပါဝင်နေရမည်သာ ဖြစ်သည်။

လတ်တလော ပြည်သူများ၏ ညီညွတ်မူကို ပြသခွင့်ရမည့် အခွင့်အရေးကလည်း အတာနှစ်ကူး သင်္ကြန်ပွဲတော်ပင် ဖြစ်သည်။ စစ်အုပ်စု၏ အတုအယောင် သင်္ကြန်ကို သပိတ်မှောက်ပြီး တော်လှန်ရေးအင်အားစုများ နှိုးဆော်ထားသကဲ့သို့ ‘’တော်လှန်သင်္ကြန်” ကို ဖြတ်သန်းရမည်လည်း ဖြစ်သည်။

စစ်အုပ်စု အထိနာခဲ့သည့် အသံတိတ်သပိတ်များကဲ့သို့ပင် လာမည့် မြန်မာနှစ်သစ်ကူးချိန်ကာလကိုလည်း ‘’တော်လှန်သင်္ကြန်” အဖြစ် ပါဝင်ဖြတ်သန်းရင်း အကြမ်းဖက်အာဏာရှင်တို့ကို ထပ်မံ အရှိုက်ထိုးနှက်ရမည် ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article