29 C
Yangon

အသတ်ခံရသည့် စစ်ကောင်စီခန့် သံတောင် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး အလောင်း လာကောက်သည့် စစ်တပ် မိုင်းခွဲခံရပြီး စစ်သား ၅ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၇

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်တွင် ယနေ့ နံနက်အစောပိုင်းအသတ်ခံရသည့် သံတောင်မြို့၊ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစဲမြူရယ်၏ အလောင်းကို လာရောက်ကောက်ယူသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရပြီး စစ်သား ၅ ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

“ဒီမနက် ၈ နာရီ မိနစ် ၂၀ မှာ မိုင်းခွဲခံရတာ၊ စစ်သားတွေက ဦးစဲမြူရယ်အလောင်းကို လာကောက်တာ။ စစ်သား ၅ ဦး ဒဏ်ရာရတယ်၊ ၂ ဦးက ဒဏ်ရာပြင်းတယ်၊ အုပ်ချုပ်ရေးမှူးအလောင်းက မြို့လယ်က ရွှေပသိခန်းမနားမှာ ထားထားတာ၊ ဗုံးက အဲဒီမှာ ကွဲတာ၊ ပစ်သတ်ခံရတာလည်း အဲဒီနားမှာပဲ” ဟု သံ တောင်မြို့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

အလောင်းလာကောက်သည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်သည့်အဖွဲ့ကို ကနဦး မသိရှိရသေးပေ။

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်မှ စစ်ကောင်စီခန့် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစဲမြူရယ် (ခ) ဘိုတဲအယ် သည် စစ်ကောင်စီလက်ပါးစေ သတင်းပေးဒလန် ဖြစ်ပြီး ၎င်းကို ယနေ့ ဧပြီလ ၇ ရက် နံနက် ၅ နာရီ ၄၀ မိနစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-သံတောင် က ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစဲမြူရယ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လမ်းပြအဖြစ် လုပ်ကိုင်ခြင်း၊ သံတောင်မြို့ရှိ တော်လှန်လူငယ်များကို ခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီ၏ ဝေယျာဝစ္စများကို ကူညီဆောင်ရွက်ကာ ဒလန် လုပ်နေခြင်းကြောင့် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သံတောင် PDF က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ -အသတ်ခံရသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစဲမြူရယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article