By လမ်းသစ်
ကြိုက်နှစ်သက်မိသည့် စာရေးဆရာကြီးတစ်ဦး ရေးသားထားသည့် စိတ်ဝင်စားဖွယ် စာတစ်ပုဒ်ကို ဖတ်မိပြီးနောက် အတွေးများ ဆင့်ပွားမိသည်။ Fear To Freedom ကို ကိုးကားထားသော “လွတ်မြောက်ခြင်းကို ကြောက်ရွံ့သူများ”ဆိုသည့် ပြင်သစ်တော်လှန်ရေးနှင့် ပတ်သတ်သော အကြောင်းအရာတစ်ခု ဖြစ်သည်။
အတိုချုပ်ပြောရပါက ပြင်သစ်နိုင်ငံ၏ နာမည်ကျော်ဘက်စ်တီး အကျည်းထောင်ကြီးတွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်းကျ အကျည်းသား ထောင်နှင့်ချီ ရှိသည်။ ဘက်စ်တီးအကျည်းထောင်တွင် ထောင်သားများကို သံတိုင်များကြားတွင် ထားရုံသာမက လက်ထိပ်နှင့်သံခြေချင်းများပါ ခတ်ထားသည်။ ပြန်လည် မလွတ်မြောက်နိုင်သည်ကို ပြသရန်အတွက်လည်း လက်ထပ်နှင့် ခြေချင်းများကို သော့ခတ်ပြီးပါက ရေတွင်းထဲ လွတ်ပစ်လေ့ ရှိသည်။
နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ဘက်စ်တီးအကျည်းထောင်ကို တော်လှန်ရေးသမားများ စီးနင်းပြီးနောက်တွင်တော့ အကျည်းသားအားလုံးကို လက်ထပ်နှင့်သံခြေချင်းများကို ဖျက်ဆီး၍ လွတ်ပေးခဲ့သည်။ စာဖတ်သူတို့၏ နှလုံးသားကို ကိုင်လှုပ်စေသည့် ဖြစ်ရပ်က ယခုနေရာတွင်မှ စတင်ခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ အမှောင်ခန်းလေးထဲတွင် နေထိုင်ခဲ့ရသည့် အကျည်းသားများမှာ ပြင်ပကမ္ဘာနှင့် သူစိမ်းဆန်လွန်းနေသည်။ သွားစရာမရှိ၊ စားဝတ်နေရေးကို ပူပန်ကြသည်။ အကျည်းသားများမှာ အခန်းကျည်းလေးထဲတွင်သာ ပြန်နေထိုင်လိုကြပြီး နှစ်ပေါင်းများစွာ အသားကျနေသည့် လက်ထိပ်၊ သံခြေချင်းများ မရှိဘဲ အသားမကျကြတော့ပေ။ အမှောင်ကမ္ဘာမှ လွတ်မြောက်မည်ကို ကြောက်ရွံ.နေကြခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံသည်လည်း စစ်အာဏာသိမ်းမှု ၄ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာရှင်တို့၏ လက်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ လက်ရှိတွင်လည်း ပြည်သူ့အစိုးရထံမှ ထိုင်ခုံလုထားသည့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်ရန် တွန်းလှန်နေကြချိန် ဖြစ်သည်။ နွေဦးတော်လှန်ရေးကာလ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ လက်ချက်ကြောင့် ပြည်သူ ၁၃,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ၁၈ရာခိုင်နှုန်းမှာ သေဒဏ်နှင့်တစ်သက်တစ်ကျွန်း ပြစ်ဒစ်များ ချမှတ်ခံထားရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ခုနှစ်သိန်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး နေအိမ်အလုံးပေါင်း ရှစ်ထောင်ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ကလေးသူငယ်ပေါင်း တစ်ရာကျော် သေဆုံးခဲ့ရသည်။ ယင်းကိန်းဂဏန်းများမှာ ကုလသမဂ္ဂ၊ ISP-Myanmar၊ Data for Myanmar အပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာ စောင့်ကြည့်အဖွဲ.အစည်းများက မှတ်တမ်းပြုစု ထားခြင်းလည်း ဖြစ်သည်။
ယင်းသို့ စစ်ကောင်စီက အကြမ်းလုပ်ရပ်များဖြင့် ပြည်သူများကို ဖိနှိပ်နေသော်လည်း ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုသည့် လူတန်းစားများလည်း ရှိနေဆဲဖြစ်သည်။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုသည့် လွဲမှားသော အယူအဆရှိသူများ၊ စစ်ကောင်စီ၏ ဝါဒမိုင်း မိနေသူများကိုလည်း အံသြကြီးစွာ မြင်တွေ့နေရဆဲ ဖြစ်သည်။
သို့သော် ရာခိုင်နှုန်းအနည်းငယ်မှအပ ပြည်သူများမှာ တော်လှန်ရေးအတွက် ကြံ့ကြံ့ခံနေဆဲလည်း ဖြစ်သည်။ အထူးသဖြင့် ကြောက်ရွံ့ခြင်းမှကင်းဝေးတဲ့ သာတူညီမျှ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့သည် စစ်အာဏာရှင်တို့၏ အမှောင်ကမ္ဘာမှ လွတ်မြောက်ရန် လိုအပ်သည်။
ထိုကြောင့်ပင် လျပ်စစ်မီး ၂၄ နာရီ ပြတ်တောက်ရာမှ တစ်ရက်လျှင် နာရီပိုင်းလောက်သာ ရရှိသည်ကို “တော်သေးတာပေါ့ “ ဟုဆိုကာ ကျေနပ်မနေသင့်။ “ကုန်ဈေးနှုန်း မကျရင်နေပါ၊ ထပ်မတက်ရင်တော်ပါပြီ”ဟု အယူအဆမျိုးဖြင့်လည်း စစ်ကောင်စီ၏ အာဏာရှင်လုပ်ရပ်များအောက်တွင် ရောင့်ရဲမနေသင့်။ အမှောင်ကမ္ဘာတွင် အသားကျအောင် မနေထိုင်ဘဲ လွတ်မြောက်ရန်အတွက်သာ ကျရာနေရာမှ ပါဝင်ရမည် ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် လွတ်မြောက်ခြင်းကို ကြေက်ရွံနေသူများ မဖြစ်သင့်။ စစ်အာဏာရှင်လက်အောက်တွင် နေထိုင်ရမည့် အမှောင်ကမ္ဘာကို ကြောက်ရွံ့သူများသာ ဖြစ်သင့်သည်။ အမှောင်ထုမှ လွတ်မြောက်ရန်အတွက်လည်း ကျရာနေရာမှ ကြိုးပမ်းကြရမည်သာ ဖြစ်သည်။