26 C
Yangon

တန့်ဆည်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်၌ လွင့်စင်သွားသော စစ်ဗိုလ်၊ ရဲနှင့် ထွေအုပ် ၃ ဦးအနက် ၂ ဦးသေဆုံး ၁ ဦး လက်ပြတ်၊ ကျောက်ဆည်တွင်လည်း စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် ၁၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည်-ရေဦးကားလမ်းပေါ်တွင် မိုင်းခွဲခံရသော စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဗိုလ်၊ ရဲနှင့် ထွေအုပ် ၃ ဦး အနက်မှ ၂ ဦးသေဆုံးကာ ၁ ဦး လက်ပြတ်သွားကြောင်း သတင်းရရှိသည်။

“သုံးပွင့် စစ်ဗိုလ်၊ ရဲ သုံးပွင့် တယောက်နဲ့ ထွေအုပ် ၁ ယောက်က မိုင်းကွဲတဲ့ အနီးဆုံးနေရာမှာ ရှိနေတာ၊ မိုင်းကွဲတော့ သူတို့ လွင့်ထွက်သွားတယ်။ အခု ကျနော်တို့ သိရတာက ၂ ယောက် သေတာ သေချာတယ်၊ ၁ ယောက်က လက်ပြတ်သွားတယ်၊ သူလည်း အခြေအနေမကောင်းဘူး။ သေတဲ့ ၂ ယောက်က စစ်ဗိုလ်လား ရဲလား ထွေအုပ်လားဆိုတာတော့ အတည်ပြုလို့မရသေးဘူး၊ အခြားသူတွေလည်း ဒဏ်ရာရတာရှိတယ်။ ပြည်သူထိခိုက်တာမရှိဘူး။” ဟု Phoenix Defense Force – Taze အဖွဲ့သတင်းပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

တန့်ဆည်မြို့နယ်၊ မေတ္တာမြိုင်ရပ်ကွက်၊ ရွှေဥယျာဉ်စားသောက်ဆိုင်တန်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လက်ပါးစေ အုပ်ချုပ်ရေးဝန်ထမ်းများက တန့်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများကို ကိုဗစ်ကာကွယ်ရေးထိုးရန် စီစဉ်နေသည့်အချိန် ယနေ့ ဧပြီလ ၈ ရက် နံနက် ၉ နာရီဝန်းကျင်တွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

“ကိုဗစ်ကာကွယ်ရေးထိုးဖို့ စီစဉ်နေတာတွေကို မိုင်းဆွဲတာ၊ ကိုဗစ်ဆေးထိုးပေးနေတဲ့သူတွေက ထွေအုပ်တွေ ရဲတွေက ထိုးပေးနေတာ၊ ဆရာဝန်လည်း မပါဘူး။ သေနတ်နဲ့ ခြိမ်းခြောက်ပြီး မထိုး မနေရ စနစ်နဲ့ လမ်းသွားနေတဲ့သူကို ထိုးခိုင်းနေတာ” ဟု တန့်ဆည်မြို့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ရှင်းပြသည်။

လက်ရှိတွင် မိုင်းခွဲခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လှည့်ကင်းများဖြင့် လိုက်လံစစ်ဆေး နေသော်လည်း နေရာ တနေရာတွင် ကြာကြာမနေရဲကြောင်း တန့်ဆည်ဖီးနစ်အဖွဲ့ထံမှ သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင် စစ်ကောင်စီဂိတ်ကို ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များက ယနေ့ ဧပြီလ ၈ ရက် နံနက်အစောပိုင်း ၁ နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးကြောင်း ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ဖျောက်ဆိပ်ပင် စစ်ကောင်စီဂိတ်ကို ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့နှင့် People Revolution Force Kyaukse (PRFK) တို့ ပူးပေါင်းပြီး တော်လှန်သင်္ကြန်ကို ကြိုဆိုသည့်အထိမ်းအမှတ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ကျောက်ဆည်နှင့် စဉ့်ကိုင်မြို့များတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက အင်အားအများအပြားဖြင့် စစ်ဆေးမှုများ ရှိနေကြောင်း သိရှိရသည်။

ဓါတ်ပုံ – ဖျောက်ဆိပ်ပင်ကျေးရွာရှိ စစ်ကောင်စီဂိတ် ရှိရာ တည်နေရာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article