26 C
Yangon

မန္တလေးတွင် လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး PDF လူငယ် ၁ ဦးကို ထောင် ချောက်ဆင်ဖမ်း၊ မြင်းခြံတွင်လည်း မိုင်းထိ၍ သေဆုံးသော လူငယ် ၂ ဦးအလောင်းကို ကောက်ခွင့်မပေး၊ သဂြိုလ်ခွင့်မပေး

Must read

ရန်ကုန်၊ ဧပြီ ၈

မန္တလေးတွင် ယနေ့ နံနက်ပိုင်း လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်လိုက်ပြီး PDF လူငယ်တစ်ဦးကိုလည်း ထောင်ချောက်ဆင် ဖမ်းဆီးသွားကြောင်း မန္တလေး တော်လှန်ရေးအင်အားစုများထံမှ သိရှိရသည်။

ဧပြီ ၈ ရက်နေ့ နံနက် ၈ နာရီ ၃ မိနစ်အချိန် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၉/ ၆၀ လမ်းကြားရှိ ရပ်ကွက်ရုံးအနီးတွင် လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်ဘက်ကတော့ လက်လုပ်ဗုံးလာပစ်လို့ ပစ်သတ်တယ်ဆိုပြီး ပြောပေမယ့် ကျနော်တို့ အနီးအနား ဝန်းကျင်က လူတွေဆီမှာ ပြန်ကြားရတာ ရပ်ကွက်ရုံးကို လာတယ်။ ဖြတ်သွားဖြတ်လာပဲလို့သိရတယ်။ အိတ်ထဲမှာ လက်လုပ်ဗုံးတွေ့တယ်ဆိုတာလည်း စစ်တပ်က အကွက်ဆင်တာလို့ပြောတယ်။ မသင်္ကာလို့ ပစ်သတ်ပြီး ဗုံးလာပစ်တယ်ဆိုတာမျိုး စစ်တပ်က ဒီဇိုင်းဆင်လုပ်တာလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီလော်ဘီများကမူ လူငယ် ၂ ဦးသည် လက်လုပ်ဗုံးလာပစ်၍ စစ်တပ်က ပစ်သတ်သည်ဟု လူမှုကွန်ရက် တယ်လီဂရမ်မှတစ်ဆင့် ဓာတ်ပုံများနှင့်တကွ ဝါဒဖြန့်ချိန်လျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ဒေသခံများ၏ပြောဆိုချက်၊ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်ချိမှုများနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို့ပြင် မန္တလေးတွင် Justice Mandalay People Defense Force မှ ရဲဘော်ရာဟုကို စစ်တပ်က လက်နက်ပေးမည်ဟု လိမ်ညာထောက်ချောက်ဆင် ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် အချိတ်အဆက် ရဲဘောများကို လိုက်လံ ဖမ်းဆီးလျက်ရှိသဖြင့် မန္တလေး မြေအောက်တော်လှန်ရေးရဲဘော်များသတိထားကြရန် မန္တလေး တော်လှန်ရေးအသိုင်းအ၀ိုင်းက သတိပေးချက်များ ထုတ်ပြန်ထားသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်ကျေးရွာတွင် ဧပြီလ ၆ ရက်‌နေ့ ည ၇ နာရီခန့်အချိန် လူငယ်၂ဦး ‌မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့ကြောင်း၊ အဆိုပါလူငယ်၂ဦးသည် ပြောက်ကျားတပ်ဖွဲ့ဝင်များမဟုတ်ဘဲ တလုတ်မြို့ကျေးရွာတပ်စွဲနေသည့် စစ်တပ်၏ အကြောင်းမဲ့ဖမ်းဆီးရိုက်နှက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်ကို တွန်းလှန်ရန် မိုင်းဆင်ရာမှ ကျဆုံးရခြင်းဖြစ်ကြောင်း၊ စစ်တပ်က လူငယ် ၂ ဦး၏ အလောင်းကို သဂြိုလ်ခွင့်မပေးဘဲ ပုတ်သည်အထိ ထားရန် ပြောဆိုပြီး ကောက်ယူခွင့်မပြုကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မန္တလေးတွင် ယနေ့ နံနက်ပိုင်း စစ်တပ်က ပစ်သတ်ထားသော လူငယ် ၂ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article