25 C
Yangon

ကျွန်းလှ ပိန္နဲကုန်းရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းနေ၊ ဒီပဲယင်းရှိ အင်ပင်နှင့်ကုန်းတဲရွာကို စစ်တပ်က ရဟတ် ယာဉ်များဖြင့် ပစ်ခတ်နေ

Must read

ရန်ကုန်၊ ဧပြီ ၉

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ပိန္နဲကုန်းရွာကို ယနေ့ ဧပြီ ၉ ရက်‌နေ့ မွန်းလွဲ ၂ နာရီ ၃ဝမိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာကို ဝင်ရောက် စီနင်းနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

“အခုတော့ ရွာထဲက အိမ်တွေတိုင်းမှာ သူတို့တွေ ရောက်နေကြပြီ ရွာထဲမှာ လူ ၄၊ ၅ ယောက်လောက်တော့ ကျန်ခဲ့တယ် အဲ့လူတွေကိုတော့ ကိုယ့်အိမ် ကိုယ်ပြန် ဆိုပြီး ပြောတယ်လို့ ကြားတယ်။ သူတို့တွေ ဘာဆက် လုပ်မလဲ ဆိုတာတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ပိန္နဲကုန်းရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၂ဝဝ ဝန်းကျင်ဖြင့် ၂ဖွဲ့ခွဲကာ ဝင်ရောက် စီးနင်းခြင်းဖြစ်ပြီး လက်ရှိချိန်တွင် စစ်သားများက ကျေးရွာ အတွင်းရှိ ပြည်သူပိုင်နေအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲ ထားကာ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ အင်ပင်နှင့် ကုန်းတဲ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ ဧပြီလ ၉ ရက်နေ့ မွန်းလွဲပိုင်း တွင် ရဟတ်ယာဉ်များဖြင့် လှည့်လည် ပစ်ခတ်နေကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အင်ပင်နှင့် ကုန်းတဲ ကျေးရွာအတွင်းရှိ ပြည်သူများသည် ထွက်ပြေး တိမ်းရှောင် နေရပြီး ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှုနှင့် ပြည်သူများ ထိခိုက် ဒဏ်ရာရမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article