ရန်ကုန်၊ ဧပြီ ၂၉
မန္တလေးတိုင်း၊ တံတားဦးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပြည်သူများ သိသာစွာ ခံစားခဲ့ရကြောင်း NUG အစိုးရ လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရှိရသည်။
ယနေ့ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် မန္တလေးမြို့၏ တောင်ဘက် ၄၂ ကီလိုမီတာအကွာရှိ တံတားဦးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄ အဆင့်ဖြင့် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ငလျင်လှုပ်ခတ်မှုကို မန္တလေးမြို့ပေါ်နှင့် မြို့နယ်တချို့မှ ပြည်သူများ သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
ထို့ပြင် ယမန့်နေ့ ဧပြီလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၃ မိနစ်ခန့်တွင်လည်း ကျောက်ဆည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃.၃ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။
“မန္တလေးမှာ အသံနဲ့လှုပ်သွားတယ်။ သိသာပါတယ်။ နည်းနည်းကြမ်းပါတယ်လှုပ်သွားတာ။ ငလျင်က မနေ့ကလည်း တစ်ခါလှုပ်သွားတယ် ဒီနေ့လည်း တစ်ခါထပ်လှုပ်သွားတယ်။ အသံကြီးနဲ့လှုပ်သွားတာဆိုတော့ အပြင်ထွက်ပြေးရတယ်” ဟု ဒေသပြည်တစ်ဦးက ပြောဆိုသည်။
ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် ပြည်သူများအနေဖြင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြုရန်အချက်များနှင့်အညီ ဂရုပြုနေထိုင်ကြပါရန် NUG လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပြည်သူ ၄၀၀၀ ကျော်သေဆုံးခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နေ၍ ပြည်သူများ ငလျင်အန္တရာယ်ကို အကြီးအကျယ် စိုးရိမ်နေကြခြင်းဖြစ်သည်။




