38 C
Yangon

မြန်မာ့အရေး အာဆီယံက ပိုမိုပြင်းထန်သော အရေးယူမှုများ ဆောင်ရွက်လိုနေ

Must read

By Adelina Kamal, Jakarta

အရေးပေါ်ကိစ္စရပ်များအတွက် ထိပ်သီးညီလာခံ၌ သာမန်ထက် ထူးကဲသော နည်းလမ်းများဖြင့် ဆောင်ရွက်ခွင့်ကို အာဆီယံခေါင်းဆောင်များအား အာဆီယံ ပဋိညာဉ်က အပ်နှင်းထားသည်။ သို့သော် လက်တွေ့မြေပြင် အာဏာပိုင်အဖွဲ့ကိုယ်တိုင်က တိုက်ပွဲများ၊ အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်နေသည့် ပဋိပက္ခအကြောင်းပြုသော အကျပ်အတည်းမျိုးအား ကိုင်တွယ်ဖြေရှင်းရန် အာဆီယံအဖွဲ့တွင် ဒေသဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းထားသော စနစ်မူဘောင်များ မရှိပေ။

အာဆီယံ နိုင်ငံများအချင်းချင်း မည်သို့ကူညီမည်၊ အာဆီယံ လူသားချင်း စာနာမှုညှိနှိုင်းရေးဗဟိုဌာန (AHA)က စုပေါင်းတုံ့ပြန်မှုကို မည်သို့အားပေးမြှင့်တင်မည်တို့ကို လမ်းညွှန်ထားသည့် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ် တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူညီချက် (AADMER)မှာ အိန္ဒိယသမုဒ္ဒရာ ဆူနာမီဘေးဒုက္ခအရေး မျှော်တွေး၍ ရေးဆွဲချုပ်ဆိုခဲ့ခြင်းသာ ဖြစ်သည်။

AADMER ၏ အခြေခံမူအရ ဘေးဒုက္ခကျရောက်နေသော နိုင်ငံသည် အကူအညီပေးမှုဆိုင်ရာ ဆုံးဖြတ်ချက်များတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ရမည် ဖြစ်သည်။ အကူအညီပေးရာတွင် သက်ဆိုင်ရာ နိုင်ငံအစိုးရ၏ တောင်းဆိုမှု အရသော်လည်းကောင်း၊ ၎င်းတို့၏ သဘောတူညီမှုအရသော်လည်းကောင်း၊ ပေးအပ်ရမည်ဖြစ်သည်။ သက်ဆိုင်ရာ အစိုးရသည် အကူအညီပေးမည့် ကိစ္စရပ်များအား ညွှန်ကြားခြင်း၊ ထိန်းချုပ်ခြင်းများလည်း ပြုလုပ်နိုင်သည်။

အထက်ပါအခြေအနေမျိုး၌ အကြမ်းဖက်မှု ပင်ရင်းတစ်ခုအနေဖြင့် အကူအညီပေးမည့်ကိစ္စအား မိမိဘက်မှ အားသာချက်ဖြစ်အောင် ပြဋ္ဌာန်းဆုံးဖြတ်လေ့ရှိသဖြင့် AHA ဗဟိုဌာနနှင့် AADMER တို့၏ လုပ်ငန်းများကို ကြိုးကိုင်ချယ်လှယ် အသုံးချခံရနိုင်ချေ ရှိနေသည်။
မြန်မာနိုင်ငံ၌ တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုံးမုန်တိုင်း အပါအဝင် သဘာဝဘေးအန္တရာယ် များအား တုံ့ပြန်ရာ၌ အာဆီယံကရရှိခဲ့သော သင်ခန်းစာများ၊ အောင်မြင်မှုများအပေါ် အခြေခံ၍ AHA ဗဟိုဌာနကို တည်ထောင်ထားခြင်းဖြစ်သည်။

ယင်းဌာနသည် ကြီးမားသော ဘေးဒုက္ခများအား အာဆီယံ၏ ပူးပေါင်းတုံ့ပြန်မှုကို အားပေးမြှင့်တင်လျက် ကောင်းစွာအလုပ်ဖြစ်ထွန်းသော ဌာနတစ်ခု ဖြစ်သည်။ သို့သော် AHA ဗဟိုဌာနသည် ၎င်းအမည်က ထပ်ဟပ်ဖော်ပြထားသည့်အတိုင်း သဘာဝဘေးကြောင့်ဖြစ်သည့် အတိဒုက္ခများအား တုံ့ပြန်ဆောင်ရွက်ရေးကိုသာ အလေးထားရန် အတိအလင်း ပုံစံရေးဆွဲ တည်ဆောက်ထားခြင်း ဖြစ်သည်။

AHA ဗဟိုဌာနသည် ပဋိပက္ခကြောင့် ဖြစ်ပွားသည့် ဘေးဒုက္ခများကို ကူညီဖြေရှင်းရန် မည်သည့် အခါကမျှ ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း မရှိပေ။ ၁၀ နှစ်ကြာ တိုးတက်ကြီးထွားလာခဲ့ပြီးနောက် AHA ဗဟိုဌာန၏ အခက်အခဲသည် ပဋိပက္ခများ၌ လူသားချင်းစာနာမှု အကူအညီပေးရာတွင် အဖွဲ့အစည်း၏ စွမ်းဆောင်နိုင်စွမ်း အားနည်းနေခြင်းမျိုးမဟုတ်ဘဲ ထိုသို့ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည့် စနစ်မူဘောင်တစ်ခု ကင်းမဲ့နေခြင်းသာ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ အဓိပ္ပာယ်သတ်မှတ်ချက်အရ လူသားချင်းစာနာမှု အကူအညီ၏ ရည်ရွယ်ချက်များမှာ ထိခိုက်မှုရှိနေသော လူများ၏အသက်ကို ကယ်တင်ရန်၊ ၎င်းတို့ ခံစားနေရသည့် ဒုက္ခဝေဒနာများ လျော့နည်းသက်သာစေရန်နှင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်တို့ ဖြစ်သည်။

ဤရည်မှန်းချက်များ ပြည့်မီရေးအတွက် အကူအညီပေးမှုသည် ထိခိုက်နေသော ပြည်သူများ၏ လိုအပ်ချက်ကို အဓိက အလေးပေးရမည်။ ထိုအချက်ကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့များသည် ထိခိုက်မှုရှိနေသော လူထုနှင့်တိုက်ရိုက် ဆွေးနွေးခွင့်ရရန် လိုအပ်လာသည်။ ထို့အတူ ၎င်းအဖွဲ့များအနေဖြင့် ထိခိုက်မှုရှိသော ပြည်သူများထံ အကန့်အသတ်မရှိ၊ အထိန်းအချုပ်မရှိ ဝင်ထွက်ခွင့် ရရှိရန်လည်း လိုအပ်သည်။

အာဆီယံအပြင် အခြားဒေသများတွင် လူသားချင်းစာနာမှု အကူအညီများအား စိတ်သက်သက် သာသာ အဆင်ပြေပြေ ပေးအပ်နိုင်မည့် နည်းလမ်း သို့မဟုတ် စတင်မိတ်ဆက်ဝင်ရောက်နိုင်မည့် နည်းလမ်း သို့မဟုတ် စည်းလုံးညီညွတ်မှု ကိုပြသသည့် နည်းလမ်းတစ်ခုအနေဖြင့် ဆောင်ရွက်လေ့ရှိကာ ပြဿနာ၏ အရင်းခံအကြောင်းရင်းများကို ကိုင်တွယ်ဆောင်ရွက်ခြင်း မပြုကြပေ။

သို့ရာတွင် အခြေခံမူများနှင့်အညီ ပေးအပ်သော လူသားချင်းစာနာမှု အကူအညီဆိုသည်မှာ လေဆိပ်များသို့ လေယာဉ်များဖြင့် အထောက်အပံ့ ပစ္စည်းသေတ္တာ အပုံအပင်ပေးပို့လိုက်ရုံထက် ပိုမိုကျယ်ပြန့်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ပစ္စည်းပေးပို့ရသည်မှာ လွယ်ကူနိုင်လင့်ကစား အတိဒုက္ခဖြစ်နေသော လူများ၏ လက်ဝယ်သို့ ထောက်ပံ့မှုများ အမှန်တကယ် ရောက်ရှိခြင်း ရှိပါ့မလားဟူ၍ စိုးရိမ်စရာ ရှိနေသည်။

အဆိုပါ ကူညီမှုများကို ပဋိပက္ခတွင်ပါဝင်ပတ်သက်နေသူများက ကြိုးကိုင်ချယ်လှယ်ခြင်း၊ အများပြည်သူယုံကြည်မှု မရှိသဖြင့် ပစ္စည်းရယူမည့် ဒုက္ခသည်များက လက်မခံဘဲ ငြင်းပယ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်။

လူသားချင်း စာနာမှုအကူအညီပေးသူများအနေဖြင့် အဆိုပါ ပဋိပက္ခဒေသ၏ အန္တရာယ်များကို သိရှိနားလည်ပြီး ပဋိပက္ခအရေး အထူးထည့်သွင်းစဉ်းစား ဆင်ခြင်၍ မိမိကြောင့် ပဋိပက္ခများ ပိုမိုဆိုးဝါးလာခြင်းမရှိအောင် ဂရုပြုဆောင်ရွက်ရန် နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေက ဆော်ဩထားသည်။

သို့ဖြစ်၍ လူသားချင်းစာနာမှုအဖွဲ့များတွင် မတူကွဲပြားသော အဖွဲ့အမျိုးမျိုးနှင့် အလုပ်လုပ်ရာ၌ လွတ်လပ်စွာ အကဲဖြတ်ဆန်းစစ်ခွင့်၊ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်ခွင့်နှင့် လိုက်လျောညီထွေ ချိတ်ဆက်ဆောင်ရွက်ခွင့်များ ရရှိသင့်သည်။

လုပ်ငန်းများ စတင် တာထွက်စဉ်ကတည်းကပင် မိမိရည်ရွယ်ချက်၏ ပွင်းလင်းမြင်သာမှု၊ ဒုက္ခရောက်နေသူများထံ ဝင်ထွက်မည့် နည်းလမ်း၊ တာဝန်ခံမှု စနစ် စသည်တို့ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် စီမံထားသင့်သည်။ သို့မဟုတ်ပါက အလှူရှင်များ၊ ပါဝင်ပတ်သက်သည့်အဖွဲ့များ၏ ယုံကြည်မှု ဆုံးရှုံးခြင်းသာမက ၎င်းတို့ထက် ပိုမိုအရေးကြီးသည့် အတိဒုက္ခရောက်နေသော ပြည်သူများ၏ ယုံကြည်ကိုးစားမှုကိုပါ ထိခိုက်ကျဆင်းစေနိုင်သည်။

သို့သော် AHA ဗဟိုဌာနအတွက် လိုအပ်နေသော အထက်ပါ အကျပ်အတည်းအတွင်း ပံ့ပိုးကူညီမှု စနစ်မူဘောင်တစ်ခုအား အာဆီယံအဖွဲ့က ရေးဆွဲချမှတ်ပေးရန် ဖြစ်နိုင်သလားဆိုသည်မှာ မေးခွန်း ထုတ်စရာဖြစ်သည်။ အချိန်ကြာမြင့်စွာ ဒုက္ခပင်လယ်ဝေနေဦးမည့် အခြေအနေဆိုပါက ထိခိုက်မှုရှိသော လူများထံ တိုက်ရိုက် အကူအညီပေးပို့နိုင်သူများ၏ အစွမ်းကို အာဆီယံအနေဖြင့် အကောင်းဆုံးစီမံ ဆောင်ရွက်သင့်သည်။

ရံဖန်ရံခါ တကယ့်ပြဿနာအစစ်အမှန်မှာ အကူအညီပေးမှု မဟုတ်ဘဲ အဆိုပါ အကူအညီပေးမှု နောက်ကွယ်က အဖွဲ့အစည်းများဖြစ်နေတတ်သည်။ ယုံကြည်မှုသည် လူသားချင်းစာနာမှု အကူအညီ၏ ပင်မဒေါက်တိုင်ဖြစ်သည်။ သို့သော် ကံမကောင်းအကြောင်းမလှစွာဖြင့်ပင် ယခုအခါ AHA ဗဟိုဌာနအပါအဝင် အာဆီယံအပေါ်၌ ယုံကြည်မှုများ လျော့နည်းကျဆင်းလျက် ရှိသည်။

သို့ဖြစ်၍ ထိခိုက်မှုရှိနေသော လူများထံသို့ ဝင်ထွက်ခွင့်ကို လက်ရှိမြေပြင် အာဏာပိုင်များက ဆက်လက်ဟန့်တား နှောင့်ယှက်လျက်ရှိသလို အာဆီယံအပေါ်ယုံကြည်မှုလည်း ကျဆင်းနေသည်ဆိုပါက လူထုက ယုံကြည်မှုရှိပြီးသော အစိုးရမဟုတ်သည့် ပြည်တွင်း လူသားချင်းစာနာမှုအဖွဲ့များ မှတစ်ဆင့် ထိခိုက်မှုရှိသော လူထုထံတတ်နိုင်သမျှ တိုက်ရိုက်ပေးပို့ခြင်းက ပို၍အခြေအနေ ကောင်းနိုင်ဖွယ်ရှိသည်။

ပဋိပက္ခအခြေအနေများ၌ AHA ဗဟိုဌာနက အကူအညီပေးရန် အတိတ်က ဆုံးဖြတ်ချက်သည် လွယ်လင့်တကူ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်သည် ပဋိပက္ခများ၏ ရှည်လျားထွေပြားသော သဘောသဘာဝနှင့် ကိုက်ညီခြင်း မရှိပေ။ ပဋိပက္ခအရေးသည် အပိုထပ်ဆောင်း တာဝန်ဖြစ်သဖြင့် AHA ဗဟိုဌာနမှာ နောက်ထပ် ရင်းမြစ်များကို အားကိုးအားထား ပြုရပေမည်။

သို့မဟုတ်ဘဲ လက်ရှိ ရင်းမြစ်နှင့် စွမ်းရည်များကို မတန်တဆ ထုတ်ယူသုံးစွဲပါက မိမိ၏ မူလတာဝန်များကိုပါ စွမ်းဆောင်နိုင်စွမ်းမရှိမည့် အန္တရာယ်ကျရောက်နေသည်။ ထို့အတူ အကျပ်အတည်း အများအပြားကို တစ်ချိန်တည်း တစ်ပြိုင်တည်း ရင်ဆိုင်ဖြေရှင်းရသည့်အခါ အတိတ်က ပြီးစလွယ် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ကြောင့် ပြဿနာများ ဖြစ်ပေါ်လာနေရသည်။

လူသားချင်းစာနာမှု ညွန့်ပေါင်းအဖွဲ့ဖြင့် နာဂစ်ဆိုင်ကလုံးမုန်တိုင်းအတွင်း အကူအညီပေးခဲ့သည့် ပုံစံအတိုင်း အာဆီယံ ဦးဆောင်သည့် ချဉ်းကပ်မှုဖြင့် AHA ဗဟိုဌာနအားရင်းမြစ်များ တိုးမြှင့်ပေးအပ်သွားရန် ဟူသော နောက်ထပ်အလျဉ်းသင့် ရွေးချယ်မှု နည်းလမ်းကိုလည်း အချို့က နှစ်ခြိုက်ကောင်း နှစ်ခြိုက်နိုင်သည်။

သို့ရာတွင် မြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက)သည် လူသားချင်းစာနာမှု အခြေခံမူများနှင့်အညီ အတိဒုက္ခရောက်နေသူများထံ ဝင်ထွက်မှုအား ခွင့်ပြုရန် လိုလားမှုမရှိဘဲ လူ့အခွင့်အရေးအား ပိတ်ပင်ထားခြင်းမှာ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်လျက် ရှိသည်။

နာဂစ်ဆိုင်ကလုံး ဖြစ်ရပ်တွင် အာဆီယံဦးဆောင်သည့် စနစ်ဖြင့် အကူအညီပေးရန် အခြားအာဆီယံနိုင်ငံများ၏ အတင်းအကြပ် တောင်းဆိုချက်ကို ထိုစဉ်က မြန်မာအစိုးရက လိုလိုလားလား အလျှော့ပေး လက်ခံလိုက်သဖြင့် နောက်ဆုံးတွင် ဘေးအန္တရာယ်ကျရောက်သော ဒေသသို့ အကူအညီပေးသူများ ဝင်ထွက်ခွင့်ရရှိလာခဲ့သည်။

အလျဉ်းသင့်သလို ကျပန်းချဉ်းကပ်မှုမှာ သည်းခံနိုင်စွမ်းနှင့် အန္တရာယ် မဖြစ်စေရေးဟူသော အချက်များက မြန်မြန်ထက်ထက် ဆောင်ရွက်နိုင်မှု၊ အောင်လံစိုက်ထူနိုင်မှုများထက် ပိုမို အရေးကြီးသော အကျပ်အတည်းမျိုးအတွက် သင့်တော်ဆီလျော်ခြင်း မရှိပေ။ အာဆီယံ အထူး ကိုယ်စားလှယ်က ခေတ္တ အနားပေးရန်တောင်းဆိုခဲ့သော်လည်း စေ့စပ်ညှိနှိုင်းရေး အခွင့်အလမ်းဆိုသည်မှာ အရေးကြုံမှ လက်ပူတိုက် ဆောင်ရွက်ရမည့် အလုပ်မျိုး မဟုတ်ပေ။

သက်ဆိုင်သော အဖွဲ့အားလုံးနှင့်ဆွေးနွေးမှု၊ စေ့စပ်ညှိနှိုင်းမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ပြီး ယင်းမှာ အာဆီယံဥက္ကဋ္ဌ ရာထူးသက်တမ်းထက် ကျော်လွန်လျက်လည်း ရှိသည်။

မြန်မာနိုင်ငံ၏ ထူးခြားသော လက်ရှိအခြေအနေများကြောင့် အာဆီယံ ထိပ်သီးညီလာခံသည် လုပ်ငန်း ဆုံးဖြတ်ချက်များ ချမှတ်ရန် အမြင့်ဆုံးအဖွဲ့ ဖြစ်လာသည်။ အာဆီယံ ခေါင်းဆောင်များအနေဖြင့် အရေးပေါ် အခြေအနေများအတွက် သင့်တော်သည့် လုပ်ရပ်များဆောင်ရွက်ရေးနှင့် အားလုံး၏ သဘောတူညီမှု မရရှိသည့်အခါ သီးသန့်ဆုံးဖြတ်ချက် ချမှတ်သည့်နည်းလမ်း သတ်မှတ်ရေး တို့ကို အာဆီယံ ပဋိညာဉ်က ပြဋ္ဌာန်းထားသည်။

ထို့အတူ ကြီးလေးသော ချိုးဖောက်မှု သို့မဟုတ် မလိုက်နာမှုတစ်ခုရှိလျှင် ယင်းကိစ္စအား ထိပ်သီးညီလာခံသို့ လွှဲအပ်ရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံ၏ စိုးရိမ်ဖွယ်အခြေအနေနှင့် စပ်လျဉ်း၍ အာဆီယံ ခေါင်းဆောင်များမှာ အောက်ပါတို့ကို ဆောင်ရွက်သင့်ကြသည်-

၁) မြန်မာ လူသားချင်းစာနာမှု အကူအညီပေးရေး အပါအဝင် ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းများ အားလုံးတွင် နစက၏ ပါဝင်မှုကို ချက်ခြင်း ရပ်ဆိုင်းရန်။

၂) AHA ဗဟိုဌာန၏ အနာဂါတ် အခန်းကဏ္ဍကို ရှင်းလင်းစွာ ဖော်ပြခြင်း အပါအဝင်အာဆီယံ နယ်နိမိတ်အတွင်း ပဋိပက္ခ ဆက်နွယ်သည့် အကျပ်အတည်းများအား ကိုင်တွယ်မည့် စနစ်တစ်ခုကို အမြန်ဆုံး စတင်ရေးဆွဲရန်။

၃) အခြေခံကျသော လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခြင်းကို နစက က ခွင့်ပြုလာစေအောင် ကမ္ဘာတစ်ဝှမ်း စုပေါင်း၍ ဖိအားပေးနိုင်ရန် ကုလသမဂ္ဂနှင့် အင်အားစုများ ပိုမိုထိရောက်စွာ ပူးပေါင်းရန်။

၄) ကုလသမဂ္ဂနှင့် အခြားလူသားချင်း စာနာမှုမိတ်ဖက်များနှင့် ပွင့်လင်းစွာ ချိတ်ဆက်ပြီး ထိခိုက်နေသော လူများထံ အကူအညီများ တိုက်ရိုက်ပေးနိုင်ရေး အစိုးရမဟုတ်သော ပြည်တွင်း လူသားချင်း စာနာမှုအဖွဲ့များနှင့် မိတ်ဖက်ပြု ဆောင်ရွက်ရန်နှင့်

၅) ထိပ်သီးညီလာခံ၌ အားလုံး၏ သဘောတူညီမှု မရရှိလျှင် လူသားချင်း စာနာမှု စင်္ကြန်များ စတင် ပြင်ဆင် နိုင်ရေးအတွက် အိမ်နီးချင်း နိုင်ငံများ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု အဖွဲ့များအား အကူအညီပေးလိုသည့် ညွန့်ပေါင်း အဖွဲ့တစ်ခု ဖွဲ့စည်းနိုင်မည့် နည်းလမ်းကို အချို့အဖွဲ့ဝင် နိုင်ငံများက ကြိုးပမ်းရှာဖွေရန် တို့ ဖြစ်သည်။

အာဆီယံ ခေါင်းဆောင်များသည် ပိုမိုတင်းမာသည့် ရပ်တည်ချက်များ ထားရှိသင့်ကာ လာမည့် ထိပ်သီးညီလာခံ၌ ယခင်လုပ်ရိုးလုပ်စဉ် မဟုတ်သည့် ဆုံးဖြတ်ချက်မျိုး ချမှတ်ခြင်း၊ အနာဂါတ်တွင် ပဋိပက္ခကြောင့် ဖြစ်လာသည့် အကျပ်အတည်းများအား အာဆီယံက မည်သို့ ကိုင်တွယ်ဆောင်ရွက်မည်ကို စိတ်မသက်မသာ ဖြစ်စရာ အစဉ်အလာတစ်ခု ပြဋ္ဌာန်းခြင်း၊ စသည်တို့ ဆောင်ရွက်ရမည်ဆိုလျှင်ပင် အာဆီယံခေါင်းဆောင်များသည် ၎င်းတို့လက်ဝယ်ရှိ နည်းလမ်းအားလုံးကို အသုံးပြုသင့်ကြသည်။

အာဆီယံအဖွဲ့အတွက် စိတ်မသက်မသာ ဖြစ်စေမည့် ချဉ်းကပ်မှု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံရှိ အကျပ်အတည်း ဘေးဒုက္ခရောက်နေသူများအတွက်မူ သေရေးရှင်ရေးတစ်မျှ အရေးကြီးသော ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။
==============

(ဤဆောင်းပါးသည် စက်တင်ဘာ ၃၀၊ ၂၀၂၁ နေ့က ကျင်းပသော “မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှု အကူအညီပေးနိုင်မည့် နည်းလမ်းများ” ခေါင်းစဉ်ဖြင့် CSIS အင်ဒိုနီးရှား မူဝါဒရေးရာ အွန်လိုင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ တင်သွင်းသည့် စာရေးသူ (Adelina Kamal) ၏ စာတမ်း (အကျဉ်းချုပ်) အား ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ယင်းစာတမ်း အပြည့်အစုံကို CSIS ဝဘ်ဆိုဒ်တွင် ရရှိနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article