25 C
Yangon

ရန်ကုန်မြို့တော်ဝန် မဏ္ဍပ် စည်ကားသယောင် ဖောကား၊ ဟိုက်ဂျက်ကားများဖြင့် အကြိမ်ကြိမ်ပတ်မောင်း ရေပက်ခံရသူများမှာ စည်ပင်ဝန်ထမ်းများဖြစ်၊ ရန်ကုန်ပြည်သူအားလုံး စစ်ကောင်စီသင်္ကြန်ကို သပိတ် မှောက်၊ ယနေ့ ဗုံးများ ပေါက်ကွဲ

Must read

ရန်ကုန်၊ ဧပြီ ၁၃

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီက ဦးစီးကျင်းပသည့် သင်္ကြန်ပွဲတော်ကို ရန်ကုန်ပြည်သူများအားလုံးက သပိတ်မှောက်လိုက်ကြကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တက္ကစီအငှားယာဉ်မောင်း ၃ ဦးနှင့် ပြည်သူ ၅ ဦးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ရန်ကုန်မြို့ နေရာအားလုံးတွင် ရေပက်သူ ရေပက်ခံထွက်သူနှင့် ရေကစားသူ လုံး၀ မရှိကြောင်း ပြောဆိုကြသည်။

” မနက်၉ နာရီလောက်က တစ်ခါပတ်တော့လည်း လမ်းပေါ်မယ် လူမရှိဘူး။ စောသေးလို့ထင်တယ်ဆိုပြီး ၁၁ ခွဲလောက်မှာ လှည်းတန်း၊ မြေနီကုန်း၊ တာမွေ၊ ကြည့်မြင်တိုင် ဘက်တွေ ကားပတ်မောင်းလိုက်တယ်။ လူကို မရှိတာ။ ရေလည်း မပက်ကြဘူး။ ရေပက်ခံသူလည်းမရှိဘူး။ အလှူလုပ်သူလည်းနည်းတယ်။ ရွှေတိဂုံဘုရားဘက်လည်း လူက ကျိုးတိုးကျဲတဲပဲ” ဟု တက္ကစီယာဉ်မောင်းတစ်ဦး က ပြောဆိုသည်။

ရန်ကင်းတွင်နေထိုင်သည့် ပြည်သူတစ်ဦးကမူ ရန်ကင်းစင်တာအနီး ကားပင် လမ်းပေါ်တွင် မရှိဟုဆိုသည်။

ဗဟန်းမြို့တွင်နေထိုင်သူ ပြည်သူတစ်ဦးကမူ နံနက် ၉ နာရီဝန်းကျင်တွင် သေနတ်သံတချို့ကြားရပြီး ယင်းနောက် သတင်းဌာနများတွင် လူငယ် တစ်ဦး ပစ်သတ်ခံရသော သတင်းမြင်တွေ့ရသည့်အတွက် ဝမ်းနည်းမိပြီး စစ်တပ်သည် သင်္ကြန်သည် လုံခြုံမှုမရှိသော သက်သေဟု မှတ်ချက်ပြုသည်။

“မနက်က သေနတ်သံကြားလိုက်တယ်။ ခဏနေတော့ လိုင်းပေါ်မှာ ပါဆယ်ပို့တဲ့ ကောင်လေးကို စစ်တပ်က ပစ်သတ်တာတွေ့ရတယ်။ အဲဒီတော့ ဒီစစ်ခွေးတွေလက်ထဲမှာ ဘယ်လိုမှ သင်္ကြန်ဆိုတာ အဓိပ္ပာယ်မရှိဘူးဆိုတာ ပိုပြီးတော့ ပေါ်လွင်စေတယ်။ ကျမတို့လည်း မထွက်ဘူး။ အိမ်က ကလေးတွေကိုလည်း ဘယ်မှ မသွားခိုင်းဘူး” ဟု ဗဟန်းမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။

ထို့ပြင် လက်ရှိ ရန်ကုန်မြို့တော်ခန်းမရှေ့ ဖောကား၊ဟိုက်ဂျက်များဖြင့် ရေပက်ခံကားပုံစံ စည်ကားသည့်ပုံစံ မဏ္ဍပ်ကို အကြိမ်ကြိမ် လှည့်လည်နေသော သူများမှာ စည်ပင်ဝန်ထမ်းများဖြစ်ကြောင်း စည်ပင်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

“စည်ပင်ဝန်ထမ်းတွေကိုတစ်အိမ်တယောက် နေ့တိုင်းခေါ်ထားတာပါ။ မလိုက်နိုင်ရင် ၅၀၀၀ နဲ့ ၁၀၀၀၀ ကြားပေးပြီးလူငှားခေါ်ပေးရတယ်။ ဖောကားပေါ်က စည်ပင်ဝန်ထမ်းတွေ။ မြို့တော်ခန်းမမှာ ရှိနေတဲ့ လူအများစုက စည်ပင်က ဝန်ထမ်းတွေချည်းပါပဲ” ဟု စည်ပင် သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ယနေ့ မင်္ဂလာဒုံမြို့နယ်၊ စစ်ကောင်စီမဏ္ဍပ် တွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင်လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနှင့် အုတ်ပုံဆိပ်လမ်းဆုံတွင် ယနေ့ နံနက် ၁၀ နာရီကျော်အချိန်တွင်လည်းကောင်း ဗုံးများ ပေါက်ကွဲကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article