25 C
Yangon

ပလိပ်မြို့ရှိ အမှတ် ၁၄ ရဲတပ်ရင်းကို LPDF စဥ့်ကိုင် ပစ်ခတ်၍ ရဲ ၄ ဦး သေဆုံး၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး စစ်သား ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ ဧပြီ ၁၄

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရှိ အမှတ် (၁၄) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၏ အလယ်ဂိတ်ကို LPDF စဥ့်ကိုင်က ယနေ့ နံနက်အစောပိုင်း ၃ နာရီ ၁၅ မိနစ်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရဲ ၄ ဦး သေဆုံးကြောင်း စဥ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

“အလယ်ဂိတ်ကို ရိုင်ဖယ်နဲ့ အချက် ၂၀ ကျော်ပစ်ခတ်ခဲ့တာပါ၊ ၄ ယောက်သေတယ်လို့ ကနဦး သိရပါတယ်” ဟု LPDF စဥ့်ကိုင်အဖွဲ့က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အလားတူ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နွားထိုးကြီး PDF က ယမန်နေ့ ဧပြီလ ၁၃ ရက် ည ၇ နာရီ ၂၀ မိနစ်တွင် အဝေးပစ် လက်နက်ကြီး ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း နွားထိုးကြီး PDF ထံမှ သိရှိရသည်။

ဆူးဖြူကုန်းကျေးရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် နေ့တိုင်းနီးပါး အရက်သေစာသောက်စားကာ ရမ်းကားနေကြောင်း၊ ၎င်းတို့ ရိုက်နှက်သဖြင့် သေဆုံးခဲ့သည့် ပြည်သူများပင် ရှိကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် လက်နက်ကြီးကျည်များသည် စစ်သားများ နေထိုင်များ အဆောင်များအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှီရသည်။

“ဆူးဖြူးကုန်း အထက်တန်းကျောင်းမှာ တပ်စွဲထားတာ အင်အားက ၁၅ ယောက်လောက်ရှိတယ်။ အဝေးပစ် ၄ လုံးပစ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်သေးတယ်။ ကျနော်တို့ဘက်ကတော့ တစ်ယောက်မှ ထိခိုက်မှုမရှိဘူး သူတို့ဘက်ကတော့ အကျအဆုံးများမှာသေချာတယ် သူတို့နေတဲ့ အဆောင်နားချည်းပဲ လက်နက်ကြီး ကျတာ။” ဟု နွားထိုးကြီး PDF တပ်ဖွဲ့ဝင်တဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

စစ်သားထိခိုက်သေဆုံးမှု အရေအတွက်ကို သီးခြားအတည်မပြုနိုင်သေးကြောင်းနှင့် ဒဏ်ရာရသော စစ်သားများကို အမှတ် ၁ မိတ္ထီလာ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု သိရကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့ဝင်က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article