25 C
Yangon

ကျွန်းလှမြို့နယ် ဝေလမူရွာကို အကြမ်းဖက် စစ်ကောင်စီ မီးတင်ရှို့မှုကြောင့် နေအိမ် ၂၅ လုံး မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်းဒေသရှိ ဝေလမူကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၁၅ ရက် ညနေ ၅ နာရီခွဲအချိန်မှ စတင်ကာ မီးတင်ရှို့ခဲ့ပြီး နေအိမ် ၂၅ လုံး မီးလောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

ဝေလမူရွာကို မီးတင်ရှို့သည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဝေလမူရွာအရှေ့ကပ်လျက် ကုန်းစည်းရွာသို့ ဧပြီ ၁၂ရက်နေ့က ဝင်ရောက်တပ်စွဲခဲ့သော ခမရ ၃၆၃ နှင့် ခမရ ၃၆၇ တပ်ရင်းတို့ ဖြစ်ကြောင်း၊ ဝေလမူရွာ မီး ရှို့ခံရခြင်းမှာ ဒုတိယ အကြိမ်မြောက်ဖြစ်ကြောင်း ဒေသခံ များထံမှ သိရှိရသည်။

“မနေ့က ညနေ ၅ ခွဲ ၆ နာရီလောက်က စရှို့တာ။ ရှို့တာတော့ ရွာအနှံ့ ရှို့တာပဲ။ရွာအလယ်ပိုင်းက မုန့်ဟင်းခါးရောင်းတဲ့ အိမ်လေးက စ ပါတယ်။ ညပိုင်း ၁၂ လောက်မှ မီးတောက် မမြင်ရတော့တာ “ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဝေလမူရွာတွင် အိမ်ခြေ ၁၂၆ အိမ်ရှိပြီး ပထမအကြိမ်မီးတင်ရှို့မှုကြောင့် နေအိမ် ၃ အိမ်၊ ဒုတိယအကြိမ်မီးရှို့မှုကြောင့် နေအိမ် ၂၅ လုံး စုစုပေါင်း နေအိမ် ၂၈ လုံး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကျေးရွာများအတွင်း သောင်းကျန်းဖျက်ဆီးနေမှုကြောင့် ကုန်းစည်းရွာ၊ ဝေလမူရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article