ရန်ကုန် ၊ ဧပြီ ၁၆
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ဧပြီလ ၁၂ ရက်နေ့ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၆၀ မမ ထိမှန်၍ တံစူးကျေးရွာမှ စစ်ရှောင် ပြည်သူ ၉ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
မကွေးတိုင်း ၊ ပေါက်မြို့နယ်၊ တံစူးရွာသား စစ်ရှောင်ပြည်သူများဖြစ်ကြသည့် ဒေါ်သန်းစော ၊ ဒေါ်တင်မိုးလှိုင် ၊ ဒေါ်ဌေးဝ ၊ ဒေါ်စန်းခွေး ၊ မလှမျိုးနွယ် ၊ မလှမျိုးကြွယ် ၊ မခင်သန်းနု ၊ မဇင်ဇင်အောင် ၊ ဦးမြင့်ပိုတို့သည် အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပစ်ခတ်လိုက်သော ၆ဝ မမ လက်နက်ကြီးကျည်ထိမှန်၍ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။
စစ်တပ်က တံစူး ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် စစ်ဘေးရှောင် ပြည်သူများနေထိုင်သော တဲများကို ၆ဝ မမ လက်နက်ကြီးဖြင့် ချိန်ရွယ်ပစ်ခတ်သည့်အတွက် ထိုသို့ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က တောတောင်များအတွင်း ပြည်သူများ စုဆောင်းထာသော အဝက်အထည် ပစ္စည်းများ၊ ဆိုင်ကယ် ငါးစီး၊ ဓာတ်ဆီ ရေတင်စက်များနှင့် ဆန်စပါးတင်း ၄၀၀ခန့်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
” စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ ပွဲချင်းပြီး သေတာက ၈ဦး ပြင်းထန် ဒဏ်ရာရတာ ၂ဦးရှိတယ်။ အဲဒီ ပြင်းထန် ဒဏ်ရာရတဲ့ သူတွေထဲက ၁ ဦးက သေဆုံးသွားလို့ သေဆုံးသူက စုစုပေါင်း ၉ဦး ဖြစ်သွားတာ။ ဆေးဝါးတွေ လိုအပ်ချက်တွေအများကြီးပဲ များများ ကူကြဖို့ လိုတယ်။ ဒီမှာ ဘာမှ မပြည့်စုံဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် ဒေသခံပြည်သူများသည် ၎င်းတို့ ကြိုတင်စုဆောင်းထားသော ဆေးဝါးများ၊ အစားအသောက်များနှင့် အသုံးအဆောင် ပစ္စည်းများကိုပါ စစ်တပ် က ဖျက်ဆီးသွားခြင်းကြောင့် ပြည်သူများ၏ အကူအညီများ၊ လှူတန်းမှုများကို အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။