ရန်ကုန်၊ ဇူလိုင် ၁၅
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများအတွင်း နိုင်ငံတကာခေါင်း ဆောင်များနှင့် သံတမန်များက ဖမ်းဆီးခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထုတ်ဖော်ပြောဆိုသောအခါ မင်းအောင်လှိုင်က ဒေါသတကြီး တုံ့ပြန်လေ့ရှိကြောင်း အဆိုပါဆွေးနွေးမှုများအကြောင်း သိရှိထားသည့် နိုင်ငံတကာသံတမန်များကို ကိုးကား၍ The Economist သတင်းဌာနက ဖော်ပြသည်။
အသက် ၈၁ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ခုနှစ်ကုန်ပိုင်း စစ်ကောင်စီ၏ တံခါးပိတ်တရားစီရင်မှု ပြီးဆုံးချိန်နောက်ပိုင်း လူမြင်ကွင်းတွင် တွေ့ရှိရခြင်းမရှိတော့ဘဲ သူမ၏ ရှေ့နေများကိုပင် တွေ့ဆုံခွင့်မပေးသဖြင့် လက်ရှိအခြေအနေနှင့် အသက်ရှင်နေမှုအပေါ် စိုးရိမ်မှုများ မြင့်တက်နေခြင်းဖြစ်သည်။
မကြာသေးမီက အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် နယူးဒေလီမြို့တွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း၊ အလားတူ မေလအတွင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့ကလည်း မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
ယင်းတွေ့ဆုံဆွေးနွေးမှု ၂ ခု၏ အခြေအနေကို သိရှိထားသည့် နိုင်ငံတကာသံတမန်များ၏ ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်၏ နာမည်နှင့် သူမ၏ အခြေအနေကို ထုတ်ဖော်ပြောဆိုတိုင်း မင်းအောင်လှိုင်က ဒေါသတကြီး တုံ့ပြန်ခဲ့ကြောင်း The Economist သတင်းဌာနက ဖော်ပြသည်။
မင်းအောင်လှိုင်၏ ယင်းသို့ ဒေါသတကြီး တုံ့ပြန်မှုများကြောင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း အထောက်အထား မပြသနိုင်သည့်အပေါ် သံတမန်အချို့က ပိုမိုစိုးရိမ်လာကြပြီး ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီးဖြစ်နိုင်ခြင်း သို့မဟုတ် ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွားနေခြင်း ရှိ၊ မရှိ မေးခွန်းထုတ်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်ကလည်း မကြာသေးမီ လပိုင်းများအတွင်း နိုင်ငံ တကာသို့ သွားရောက်ကာ သမ္မတများနှင့် ဝန်ကြီးများကို တွေ့ဆုံပြီး စစ်ကောင်စီထံမှ မိခင်ဖြစ်သူ အသက်ရှင်နေကြောင်း အထောက်အထား “Proof of Life” တောင်းဆိုပေးရန် တိုက်တွန်းနေသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ် ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း ပြောဆိုခဲ့သော်လည်း နိုင်ငံတကာသံတမန်များ၏ တွေ့ဆုံခွင့်တောင်းဆိုမှုများကို ဆက်တိုက်ငြင်းပယ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို မေးမြန်းတိုင်း စစ်ကောင်စီတာဝန်ရှိသူများက ကျန်းမာရေးကောင်းမွန်ကြောင်းသာ ပြောဆိုပြီး အခြားအသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်းမရှိပေ။
ထို့ပြင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခံရကြောင်းဆိုကာ သူမက ရဲအရာရှိနှင့် စစ်အရာရှိတို့ကို အမည်မသိ အဆောက်အအုံတစ်ခုအတွင်း တွေ့ဆုံစကားပြောနေသည့် ဓာတ်ပုံတစ်ပုံ ထုတ်ပြန်ခဲ့သော်လည်း အဆိုပါဓာတ်ပုံကို မည်သည့်အချိန်က ရိုက်ကူးထားသည်ဆိုသည့် အထောက်အထားမရှိကြောင်း သိရသည်။
ကင်မ်အဲရစ်ကလည်း စစ်ကောင်စီထုတ်ပြန်သော ဓာတ်ပုံ၏ စစ်မှန်မှုအပေါ် သံသယရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တကယ် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားပါက ရန်ကုန်ရှိ သူမ၏ နေအိမ်တွင် မဟုတ်ကြောင်း ပြောဆိုထားသည်။ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှာလည်း ဖြိုဖျက်ခံထားရကြောင်း ၎င်းက ဆိုသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် လုံခြုံရေးအခြေအနေကို စစ်ကောင်စီထံ အကြိမ်ကြိမ် ထုတ်ဖော်မေးမြန်းခဲ့ကြပြီး ဇူလိုင်လ ၁၂ ရက်နေ့ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် တွေ့ဆုံပွဲ၌လည်း ယင်းကိစ္စကို ထပ်မံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတကာသံတမန်များက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း သို့မဟုတ် အနည်းဆုံး လွတ် လပ်သည့် နိုင်ငံတကာကိုယ်စားလှယ်များအား တွေ့ဆုံခွင့်ပေး၍ သူမ၏ လက်ရှိအခြေအနေကို အတည်ပြုခွင့်ပြုခြင်းက စစ်ကောင်စီနှင့် အာဆီယံ၊ ကုလသမဂ္ဂတို့အကြား တင်းမာနေသည့် ဆက် ဆံရေးကို ပြေလည်စေရန် အထောက်အကူပြုနိုင်ကြောင်း သုံးသပ်ထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အချက်အလက်များအရ လက် ရှိ မြန်မာနိုင်ငံတွင် စစ်တပ်က ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသား ၁၄,၅၁၇ ဦးရှိနေပြီး ယခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် အကျဉ်းထောင်အတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
(The Economist ၏ Is Aung San Suu Kyi dead? တွင်ပါဝင်သော သတင်းအချက်အလက်ကို ပြန်လည် ကိုးကားဖော်ပြထားပါသည်။)




