ရန်ကုန်၊ ဇူလိုင် ၁၅
မြန်မာတစ်နိုင်ငံလုံးရှိ လျှပ်စစ်မီတာများကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်သော EVER Meter လျှပ်စစ်မီတာများဖြင့် အစားထိုးရန် မင်းအောင်လှိုင်က အမိန့်ထုတ်ပြန်လိုက်ပြီး ဓာတ်အားပျောက်ဆုံးမှုနှင့်ခိုးယူမှု ကာကွယ်ရန်ဟု အကြောင်းပြထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ပဲခူးတိုင်း၊ အင်းတကော်စက်မှုဇုန်တွင် စစ်တပ်၏ ဦးပိုင်ကုမ္ပဏီက EVER Meter စက်ရုံ က Digital စနစ်သုံး Ever တံဆိပ် လျှပ်စစ်မီတာ သန်းချီ ထုတ်လုပ်ထားကြောင်း၊ အဆိုပါ မီတာများကို ပြည်သူများ၏ နေအိမ်များနှင့်စက်ရုံအလုပ်ရုံများအားလုံးတွင် လဲလှယ်တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ လဲလှယ်မည့် လျှပ်စစ်မီတာအလုံးရေမှာ သန်းပေါင်းများစွာရှိပြီး စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီအနေဖြင့် ငွေကျပ်ဘီလီယံပေါင်းများစွာတန်သော နိုင်ငံတော်စီမံကိန်း တင်ဒါကို ရရှိသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“တစ်နိုင်ငံလုံးမှာသုံးနေတဲ့ လျှပ်စစ်မီတာတွေကို ဦးပိုင်က ထုတ်တဲ့ EVER မီတာတွေနဲ့ လဲလှယ်ရမယ်။ အဲဒါ အဆင့်လိုက် အပိုင်းလိုက် မြို့နယ်အလိုက် ၅ နှစ်အတွင်း လုပ်သွားမှာပါ။ ဦးပိုင်ထုတ်တဲ့ မီတာတွေက Digital Meterတွေပါ။ မီတာတွေမှာ AMI စနစ်ပါတယ်။ Automatic Billing System ၊ automatic Reading System တွေ ပါဝင်တယ်။ အဲဒီမီတာတွေတပ်ထားရင် မီတာခများကောက်ခံတဲ့နေရာမှာ Control Center ကတစ်ဆင့် ထိန်းချုပ်ဆောင်ရွက်လို့ရတယ်။ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုတွေ ကာကွယ်လို့ရတယ်။ AMI စနစ်မီတာအသုံးပြုရင် လျှပ်စစ်မီတာခတွေ ကောက်ခံရာမှာ Mobile Banking စနစ်နဲ့ အလွယ်တကူချိတ်ဆက်လို့ရတယ်လို့ စစ်တပ်က ပရိုမိုးရှင်း ဆင်းတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် မင်းအောင်လှိုင်က ဓာတ်အားပျောက်ဆုံးမှုနှင့် နည်းပညာကြောင့် မဟုတ်သည့် ဓာတ်အားပျောက်ဆုံးမှု(ဓာတ်အားခိုးယူသုံးစွဲမှု)များ လျော့နည်းပပျောက်သွားစေရေးအတွက်ဟု အကြောင်းပြကာ တစ်နိုင်ငံလုံးရှိ လျှပ်စစ်မီတာများကို ဦးပိုင်က ထုတ်လုပ်သော လျှပ်စစ်မီတာများဖြင့် အစားထိုး လဲလှယ်ရန် အစီအမံများချမှတ်ဆောင်ရွက်နေခြင်းဖြစ်သည်။
ထို့ပြင် ဦးပိုင်က ထုတ်လုပ်သော လျှပ်စစ်မီတာများမှာ Smart Meter စနစ်သို့ ကူးပြောင်းနိုင်ပြီး ပြည်သူများအနေဖြင့် ကိုယ်တိုင် မီတာဖတ်ရှု၍ မီတာခ ပေးဆောင်နိုင်မည့်အပြင် Control Centre များမှ စောင့်ကြည့်စစ်ဆေးနိုင်သည့် Digital စနစ်တစ်ခု တည်ဆောက်ခြင်းကိုလည်း တစ်ပြိုင်တည်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်သည်ဟု စည်းရုံးရေး ဆင်းနေကြောင်း သိရှိရသည်။
NLD အစိုးရလက်ထက်တွင် စစ်တပ် ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်သော EVER လျှပ်စစ်မီတာများမှာ အရည်အသွေး မကောင်းမွန်ခြင်းနှင့် စျေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် တစ်နိုင်ငံလုံး Digital လျှပ်စစ်မီတာများ အစားထိုးရေး စီမံချက်တွင် အသုံးမပြုရန် NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်က ဆုံးဖြတ်ခဲ့ကာ ဦးပိုင်ကုမ္ပဏီ၏ အဆိုပြု တင်ဒါကို ပယ်ချခဲ့ဖူးသည်။
ယင်းကိစ္စကြောင့် NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို မင်းအောင်လှိုင်က အငြိုးထားကာ စစ်အာဏာသိမ်းချိန် ထောင်ဒဏ် နှစ်ရှည် ချမှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း မန္တလေး အိုးဘိုအကျဉ်း ထောင်အတွင်း လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရရှိ၍ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်ခဲ့ရသည်။
ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်သော လျှပ်စစ်မီတာများကို မင်းအောင်လှိုင်က သွားရောက် စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)






