ရန်ကုန်၊ ဧပြီ ၁၈
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ ကျော်ရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များက ဧပြီလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်းသေဆုံးကြောင်း ရွှေတြိဂံတပ်ရင်း ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဧပြီလ ၁၆ ရက်နေ့ တိုက်ခိုက်မှုတွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့မှ ၅ ဦးသေဆုံးကြောင်း၊ ၁၇ ရက်နေ့ တိုက်ခိုက်မှုတွင် အကျအဆုံး အတည်မပြုနိုင်သေးကြောင်း ရွှေတြိဂံတပ်ရင်းက ဆိုသည်။
တိုက်ခိုက်မှုကို ရွှေတြိဂံ (Eagle Freedom Fighter)၊ TD (PDT)၊ ရွှေသမင်မုဆိုးနှင့် ဒေသခံ ပ.က.ဖ အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မုံရွာ-ကလေးဝ ကားလမ်းပေါ်ရှိ ကျော်ရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် တောင်တွင်းဒေသရှိ ကျေးရွာများမှ အမျိုးသမီးအချို့ကို အဓမ္မပြုကျင့် သတ်ဖြတ်မှုများရှိပြီး ကျေးရွာများကိုလည်း အကြောင်းမဲ့ မီးတင်ရှို့ခြင်းများ ပြုလုပ်နေကြကြောင်း သိရှိရသည်။
အလားတူ မုံရွာမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာနေရာများကို ဒေသကာကွယ်ရေးပြောက်ကျားအဖွဲ့များက ယမန်နေ့ ဧပြီလ ၁၇ ရက် ညနေပိုင်းတွင် လက်ပစ်ဗုံးများ ပစ်သွင်း ဖောက်ခွဲခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ညနေ ၄ နာရီမှ ၆ နာရီအတွင်း ဖောင်ဖွဲ့ရေးရုံးတွင် ဗုံး ၁ လုံး၊ ရဲတိုင်းရုံးတွင် ၂ လုံး၊ မြဝတီရုံးတွင် ၂ လုံး၊ အားကာရုံးတွင် ၁ လုံး ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို Chindwin Civil Defense Force (CCDF) နှင့် God of Snake (GOS) ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆာင်ခဲ့ကြောင်း သိရှိရသည်။
ဗုံးပစ်သွင်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးစာရင်းကို ကနဦး မသိရှိရသေးပေ။

