25 C
Yangon

ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ၊ တပ်စွဲ နေရာများ၊ စစ်တပ် စီးပွားရေး ထောက်တိုင်များ ပစ်မှတ်ထား တိုက်ခိုက်ခံရကာ စစ်သား ၁ဝ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၉

ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲ ထားသော နေရာများနှင့် စစ်တပ် စီးပွားရေး ထောက်တိုင်များဖြစ်သော ဆီဆိုင်များ၊ တိုးဂိတ်များပါ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁ဝ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်း၊ ယင်းမာပင်မြို့နယ်
===============

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဧပြီလ ၁၃ ရက်နေ့ ည ၁၁နာရီ ၃ဝမိနစ်ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဝဦးသေဆုံးခဲ့ကြောင်း Myanmar National Armed Force – MNAFထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်ကို Myanmar National Armed Force – MNAF၏ ဟိန္နက မြို့ပြပြောက်ကျားတပ်ခွဲသည် မဟာမိတ် တပ်ဖွဲ့များဖြစ်သော Special 7 Attacks Forces – M.S.A.F ၊ Weapons Productions – Y.M.B PDF တပ်ဖွဲ့တို့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲသည် အနီးကပ် အပြန်အလှန် ပစ်ခတ်မှုများနှင့် ပြင်းထန်ခဲ့ပြီး စိုက်ပျိုးရေးရုံး အဆောက်အအုံတစ်ခု ပြိုကျခဲ့ကာ စစ်တပ်က Drone ၃စင်းလွှတ်၌ ၆၀မမ ကျည်ဖူးများ တပ်ဆင်ကာ Droneများဖြင့် ကြဲချပြီး တင့် ကား၂စီးဖြင့်လည်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် ၁နာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး နံနက် ၂နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ကာ ရဲဘော် ၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MNAFက ထုတ်ပြန်ထားသည်။


ရန်ကုန်၊ ထန်းတပင်မြို့နယ်
===============

ရန်ကုန်တိုင်း ထန်းတပင်မြို့ အဝင် တိုးဂိတ်ကို ဧပြီလ ၁၉ ရက်နေ့ နံနက် ၄နာရီ ၁၅မိနစ်ခန့်တွင် From Zero To Hero မြို့ပြ ပြောက်ကျားတပ်ဖွ့ဲမှ ဗုံး ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုးဂိတ်ကို လေလံယူကာ ပိုက်ဆံကောက်ခံသော ကုမ္မဏီသည် ဧပြီလ ၁ရက်နေ့တွင် စာချုပ်ကုန်ဆုံးခဲ့ပြီး လက်ရှိ ငွေကြေး ကောက်ခံသူများသည် အကြမ်းဖက် စစ်တပ် ထောက်တိုင်အဖြစ် ငွေရှာပေးနေခြင်းကြောင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဗဟန်းမြို့နယ်
=============

ဗဟန်းမြို့နယ်ရှိ The One Entertainment နှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ မြတ်မေတ္တာမွန်ဆီဆိုင်တို့ကို ဧပြီလ ၁၉ ရက် နံနက် ၇ နာရီဝန်းကျင်တွင် ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း Bahan Guerrilla Force (P-PDF) အဖွဲ့က သတင်းထုတ်ပြန်သည်။

မြတ်မေတ္တာမွန်ဆီဆိုင်သည် အကြမ်းဖက်စစ်ကောင်စီထောက်တိုင်အဖြစ် ဆောင်ရွက်နေသည်ဟုလည်းကောင်း၊ The One Entertainment KTV ပါ စားသောက်ဆိုင်သည် ပြည်သူများ စိတ်အနှောက်အယှက်ဖြစ်စေခြင်းများကြောင့်လည်းကောင်း ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်
=================

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ Royal Myanmar ဂေါက်ကွင်း ရာဇသင်္ဂဟလမ်းနှင့် ရွှေကြာပင်လမ်းထောင့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူနေချိန် ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်တွင် အဝေးထိန်းစနစ်ဖြင့် ဗုံး ၁ လုံးဖောက်ခွဲတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှု မရှိခဲ့၍ အခြား မစ်ရှင်များကိုပါ ပြန်လည်နောက်ဆုတ်ခဲ့ကြောင်း စစ်ကြောင်းမြို့ပြပြောက်ကျားအဖွဲ့ထံမှ သိရှိရသည်။

မန္တလေး၊ ကျောက်ဆည်မြို့နယ်
================

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သံရွာရဲစခန်းကို ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ LPDF (စဉ့်ကိုင်)၊ LPDF(မြစ်ငယ်)နှင့် LPDF(တပ်ကုန်း) တပ်ဖွဲ့တို့က ဧပြီလ ၁၉ ရက်နေ့ နံနက် ၄နာရီခန့်တွင် အီနာဂါ ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ရဲများ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (KDDF) ထံမှ သိရသည်။

မကွေး၊ ပခုက္ကူမြို့
==========

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန်တွင် ဧပြီလ ၁၉ ရက်နေ့ နံနက် ၁ဝနာရီခန့်တွင် မှန်မချဘဲ မောင်းနှင်လာသည့် ကား ၁စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက အသံမိုင်းဖြင့် ဖောက်ခွဲ သတိပေးခဲ့ပြီးနောက် လာရောက် စစ်ဆေးသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို နောက်ချန်မိုင်းဖြင့် ဆက်လက် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း Young Force-UG တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊RSO(PKU)၊ Pakkokku Ranger၊နှင့် Young force(UG)တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ သေဆုံးနိုင်ကြောင်း Young Force-UG တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article