25 C
Yangon

စစ်ကြောရေးတွင် စစ်တပ်က ဖမ်းဆီးထားသူများအပေါ် အလွန်ဆိုးဝါး ရက် စက်သည့် ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်ပြီး နိုင်ငံရေးနယ်ပယ်မှ အမျိုးသမီးတချို့ပင် မုဒိမ်းကျင့်ခံရ၊ အမျိုးသားများလည်း လိင်ပိုင်းဆိုင်ရာစော်ကားခံရ၊ ထောင်တွင်းအခြေအနေများလည်း ဆိုးဝါးနေ၍ သေဆုံးမှုများရှိ

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်တပ်က နိုင်ငံရေးလှုပ်ရှားသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် စစ် အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင်သူများကို ဖမ်းဆီးပြီး စစ်ကြောရေးတွင် အလွန်ဆိုးဝါး ရက်စက်သည့် ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်နေကြောင်း၊ နိုင်ငံရေးနယ်ပယ်မှ အမျိုးသမီးတချို့ပင် မုဒိမ်းကျင့်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော် ကား မှုများ ကျူးလွန်ခံနေရကြောင်း စုံစမ်းသိရှိရသည်။

စစ်ကြောရေးတွင် စစ်တပ်က အမျိုးသမီးများကို လိင်ပိုင်ဆိုင်ရာစော်ကားမှုနှင့် မုဒိမ်းကျင့်မှု နှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အသိပေး အကြောင်းကြားမှုများနှင့် တိုင်ကြားမှုများ လက်ခံရရှိခဲ့ပြီး စစ်ကြောရေးတွင် စစ် တပ်၏ မုဒိမ်းကျင့်မှုခံရသူများတွင် လူသိများထင်ရှားသော နိုင်ငံရေးနယ် ပယ်မှ အမျိုးသမီးတစ်ဦးပင် ပါဝင်နေသည်။

စစ်ကြောရေးတွင် လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးသွားရသော ဒီမိုကရေစီအရေးလှုပ်ရှားသူများစွာ ရှိနေပြီဖြစ်သည်။

စစ်ကြောရေးမှ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများ
==============================

မန္တလေးမြို့၊ နန်းတွင်းစစ်ကြောရေးသည် လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်နေသော စစ်ကြောရေးအဖြစ် နာမည်ကျော်လျက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို ဝါယာကြိုးနှင့် ရိုက်ခြင်း၊ ဓားချွန်နှင့် ထိုးစိုက်ခြင်းများ အပါအဝင် စစ်ကောင်စီ၏ လူမဆန်စွာ နှိပ်စက်မှုများစွာ ကျူးလွန်လျက်ရှိနေကြောင်း သိရှိရသည်။

“ထမင်းမကျွေးဘူး။ တိုင်းစစ်ကြောရေးမှာ အရင်စစ်တယ်။ ဝါယာကြိုးနဲ့တစ်ကိုယ် လုံးရိုက်တယ်။ သေနတ်ဒင်တွေနဲ့ မျက်နှာတွေ လွှဲရိုက်တယ်။ နံပါတ် တုတ် တွေ ပြောင်းပြန်ကိုင်ပြီး လက်ကိုင်ဘုတွေ ပါတဲ့ ဘက်နဲ့ မျက်နှာတွေ ခေါင်း တွေ ရိုက်တယ်။ နားရွက်တွေ ပလာယာနဲ့ လိမ်ဆွဲတယ်။ ဓားချွန်နဲ့ ပေါင်တွေကို စိုက်တယ် ၊ ထိုးတယ်။ ၂ လံလောက်ရှည်တဲ့ ဝါးဆစ်ပိတ်တုတ်တွေနဲ့ ရိုက်တယ်။ ပါးမှာ စစ်ဖိနပ်ရာပေါ်တဲ့ထိ ဖိနပ်တွေနဲ့ ရိုက်တယ်။ ဒဏ်တွေကြောင့် သေဖို့တောင် ဆုတောင်းမိတယ်” ဟု ညှဉ်းပန်းနှိပ်စက်မှု ကြုံတွေ့ရသူ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောသည်။

ထို့ပြင် နန်းတွင်းစစ်ကြောရေးတွင် အုတ်တံတိုင်းများကို ခေါင်းနှင့် ဝင်တိုက်ခိုင်းခြင်း၊ လက်သီးနှင့် ထိုးကာ ဝိုင်းကန်ခြင်း၊ ဆောင်းရာသီတွင် သတင်းစာအ ဟောင်း တစ်ရွက်သာ ခင်းနေရခြင်း၊ ထမင်းကို ဂေါက်သီးလုံးလောက်သာ ကျွေးခြင်းတို့ကို စစ်တပ်က ကျူးလွန်လျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်ရှိ စစ်ကြောရေးများတွင်လည်း အမျိုးသားများကိုပင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ စစ်တပ်ဘက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ယောင်္ကျားတန်ဆာကို ကန်တာ ။ မျက်နှာကိုစည်းထားတော့ ဘယ်သူက ကန်နေလဲမသိဘူး။ တစ်ကိုယ်လုံးချွတ်ထားပြီး မျက်လုံးစည်းထားတယ်။ သမီးရှိသူဆိုရင် သမီးကို ငါတို့ မုဒိမ်းသွားကျင့်မယ်။ ဇနီးရှိသူဆိုရင် မင်းမိန်းမကို ငါတို့ မုဒိမ်းကျင့်မယ်။ မင်း×–င်(စအို)ကိုပါ ငါတို့ မုဒိမ်းကျင့်မယ်။ အဲဒီလိုမျိုးပြောတဲ့အပြင် မင်းကိုယ်တုံးလုံးပုံကို ငါတို့ ဓာတ်ပုံရိုက်ထားပြီးပြီ လိုင်းပေါ်တင်ပေး လိုက်မယ် ဖြန့်လိုက်မယ်ဆိုတာမျိုးတွေလည်း ခြိမ်းခြောက်တယ်” ဟု စစ်ကြောရေးကို ဖြတ်သန်းသူတစ်ဦးက အကျဉ်းထောင်အတွင်းမှပင် ရန်ကုန်ခေတ်သစ်သို့ ဆက်သွယ်သတင်းပေးသည်။

ရန်ကုန်စစ်ကြောရေးတွင်ပင် ဖမ်းဆီးခံရသူတချို့ကို ပစ်သတ်မှုများ ရှိသည်ဟု ကြားသိခဲ့ရပြီး စစ်ကြောရေး ကာလအတွင်း ညအချိန် သေနတ်ဖြင့် ပစ်ခတ်သံများကြားရကြောင်း သိရှိရသည်။

“ငါတို့က မင်းတို့ကို ပစ်သတ်လို့ရတယ်။ လုပ်ချင်သလိုလုပ်လို့ရတယ်။ အမိန့်ရ ထားပြီးသားလို့ စစ်တပ်ဘက်က ပြောတယ်။ တချို့ညတွေမှာ ရိုက်နှက်အော် ဟစ်သစ်သံကြားရတယ်။ အဲဒါတွေကြားပြီး သေနတ်သံ ကြားရတယ်။ ပစ်သတ်လိုက်တယ်လို့ထင်တယ်” ဟု ၎င်းကဆိုသည်။

ထောင်တွင်းအခြေအနေများ အလွန်ဆိုးဝါးနေ
==========================

မန္တလေးအိုးဘိုထောင်ရှိ ဖမ်းဆီးခံနိုင်ငံရေးသမားများအနေနှင့်မူ ထောင်တွင်းတွင် နေ့ထူးနေ့မြတ်များတွင် အလေးပြုခြင်း၊ နိုင်ငံရေးစကားဝိုင်းများ ပြုလုပ်ခြင်း၊ နိုင်ငံရေးသီးချင်းများ ဆိုကြပြီး ထိုသို့ ပြုလုပ်မှုအတွက် တိုက်ပိတ်ခံရမှုများ ရှိကြောင်း သိရှိရသည်။

မန္တလေးအိုးဘိုထောင်တွင် ရေမသန့်ရှင်းခြင်း၊ နေမကောင်းသူများကို ဆေးကုသခွင့်မပေးဘဲ ပစ်ထားခြင်း၊ အစားအသောက် မသန့်ရှင်းခြင်း၊ လူများစုပြုံထားခြင်း၊ ရာဇဝတ်သားများနှင့် အကျဉ်းထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်း သားများကို အုပ်စုဖွဲ့ အနိုင်ကျင့်ကြခြင်း စသည့် ဆိုးဝါးသော အခြေအနေများရှိနေကြော်ငး သိရှိရသည်။

ရန်ကုန် အင်းစိန်ထောင်တွင်လည်း နိုင်ငံရေး အကျဉ်သားများကို ထောင်ဝန် ထမ်းများ၊ ထောင်တွင်းလူမိုက်များနှင့် အာဏာပိုင် အဖွဲ့များက ဖိနှိပ်မှုများ ဆက်တိုက် ပြုလုပ်နေကာ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင် ဝန်ထမ်းများ ထောင်ဆေးရုံတွင် မရှိသောကြောင့် အချိန်မှီ ကုသနိုင်ခြင်းမရှိဘဲ သေဆုံးသူများရှိနေကြောင်း သိရသည်။

ထောင်အတွင်းရှိ ဝန်ထမ်း အများစုကို စစ်ကောင်စီက အခြေခံ အဆင့် ပညာ ရေး မတတ် မြောက်သူများသာ ခန့်ထားပြီး နိုင်ငံရေး အကျဉ်းသားများကို နှိပ်ခိုင်းခြင်း၊ ဖိနပ် တိုက်ခိုင်းခြင်း၊ မိသားစုဝင်များ ထောင်ဝင်စာ ပို့ထားသည့် အစား အသောက်များ တောင်းစားခြင်းများ နေ့စဉ် လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

အဆိုပါ ထောင်ဝန်ထမ်းများသည် နိုင်ငံရေး အကျဉ်းသားများကို အခန်းတွင်း စစ် ဆေးမှုများ နေ့စဉ်ပြုလုပ်ပြီး မိသားစုဝင်များ ထောင်ဝင်စာ ပို့ထားသည့် မုန့်များ၊ ကော်ဖီမစ်များကို သေးအိတ် အတွင်းထည့်သွားခြင်း၊ အိပ်ရာများကို ခြေဖြင့်နင်း၍ ညစ်ပတ်အောင် လုပ်ဆောင်ကြကြောင်း သိရှိရသည်။

ထို့ပြင် အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများကို အမှိုက်ပုံး၊ ချီးပုံး၊ ထမင်းထမ်း၊ မိလ္လာသန့်ရှင်းရေးများ လုပ်ဆောင်ခိုင်းကာ မလုပ်ဆောင်လိုလျှင် ထောင်ဝန်ထမ်းများကို ငွေကြေးပေးဆောင်ရပြီး ပုံစံကြေး၊ ဘေးတန်းကြေးများအထိ ပေးဆောင်ရကာ ငွေကြေး မပေးလျှင် ဖိနှိပ်မှုများ နေ့စဉ်လုပ်ဆောင်ကြောင်း သိရသည်။

ယင်းသို့ အကျဉ်းထောင် ဝန်ထမ်းများ၏ ဖိနှိပ်မှုများကို နိုင်ငံရေး အကျဉ်းသားများက ပြန်လည် ပြောဆိုလျှင် တိုက်ပိတ်အရေးယူကာ ထောင်ဝန်ထမ်းများနှင့် ထောင်တွင်း လူမိုက်များက ဝိုင်းဝန်းရိုက်နှက်မှုများပါ လုပ်ဆောင်ကြောင်း သိရသည်။

အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား အများစု နေထိုင်ရသော အခန်း များသည် သန့်ရှင်းမှုမရှိဘဲ ယားနာများ၊ ပွေး၊ ဝဲ၊ ညှင်း၊ ခူနာများ ဖြစ်ပွားနေကာ ထောင်တွင်းဆေးခန်းနှင့် ဆေးရုံများသည် မည်သည့် ရောဂါမဆို ဆေးတစ်မျိုးတည်းသာ ထုတ်ပေးလေ့ရှိကြောင်း၊ ငွေကြေး ပေးဆောင်ထားသူများ ဆေးခန်းလာလျှင် လိုအပ်သော ဆေးဝါးများကို ပေးဆောင်ကြောင်း သိရသည်။

အကျဉ်းထောင်အတွင်းရှိ ဆေးခန်းနှင့် ဆေးရုံများတွင် ထောင်အာဏာပိုင်များအား ငွေကြေးပေး နေထိုင်သူများသာ အများဆုံးရှိပြီး ဆရာဝန်များသည်လည်း ကျွမ်းကျင် ဝန်ထမ်းများ မဟုတ်သောကြောင့် အချိန်မှီ ရောဂါ မကုသနိုင်သော ကြောင့် သေဆုံးသူများလည်း ရှိကြောင်း သိရသည်။

ဓာတ်ပုံ- အင်းစိန်အကျဉ်းထောင်တွင် အခြေအနေများကို ရိုက်တာသတင်းဌာနက ဖော်ပြသည့် ပုံကြမ်းတစ်ခု။

Photo- Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article