35 C
Yangon

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများ၏ တရားခံ မင်းအောင်လှိုင်နှင့် ဖက်ဆစ် စစ်တပ်ထံမှ မည်သည့်ငြိမ်းချမ်းရေးမှ မရနိုင်ပါ

Must read

By ရန်ကုန်ခေတ်သစ်

အယ်ဒီတာ့အာဘော်
============
စစ်ခေါင်းဆောင်ရာထူးမှ အငြိမ်းစားယူရတော့မည့်အချိန်တွင် အာဏာမစွန့်လိုသော မင်းအောင်လှိုင်သည် စစ်တပ်ကို ခုတုံးလုပ်၍ နိုင်ငံတော်အာဏာကို လူထုအစိုးရထံမှ အတင်းအဓမ္မ အာဏာသိမ်းယူခဲ့သည်မှာ ၁ နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။

အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း မင်းအောင်လှိုင်နှင့်စစ်တပ်သည် အာဏာအတွက် ပြည်သူ လူထု အပါအဝင် မည်သူကို မဆို ညှဉ်းပန်း သတ်ဖြတ် နှိပ်စက်ရန် ဝန်မလေးဆိုသော ဖက်ဆစ်စရိုက်လက္ခဏာကို ပေါ်ပေါ်တင်တင် ပြသနိုင်ခဲ့ပြီဖြစ်သည်။

စစ်တပ်သည် သူ့အာဏာကို ဆန့်ကျင်သော ပြည်သူများကို “ကျူပင်ခုတ် ကျူငုတ် မကျန်” ဆိုသော ဆိုရိုး စကားအတိုင်း မိသားစု ဆွေမျိုး အသိုင်းအ၀ိုင်းအားလုံးကို သတ်ဖြတ် ညှဉ်းပန်းထောင်ချမှုများကို စိတ်ထင်တိုင်းကျဲ လုပ်ဆောင်ပြသခဲ့ပြီးဖြစ်သည်။

စစ်တပ်သည် လသားအရွယ်ကလေးငယ်မှစ၍ အဘိုးအဘွားအထိပါ မချန် ကြင်နာမှု၊ ညှာတာမှု၊ သနားမှုနှင့် လူသားချင်း စာနာမှု ကင်းမဲ့လျက် ရက်စက်စွာ သတ်ဖြတ်ပြပြီး ပြည်သူပိုင် ရပ်ရွာအိုးအိမ်များကို မီးလောင် တိုက်သွင်းခဲ့သည်။ စစ်တပ်၏နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် သိန်းချီ၊ သန်းချီသော မြန်မာပြည်သူများမှာ အိုးအိမ်များကို စွန့်ခွာထွက်ပြေးရသည်။

စစ်တပ်သည် မုဒိမ်းကျင့်ခြင်းကိုလည်း လက်နက်သဖွယ် အသုံးပြုနေသည်။ စစ်ကြောရေးတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုပင် စစ်တပ်မှ ယုတ်မာသူတချို့က မုဒိမ်းကျင့်ခဲ့ကြသည်။ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် စစ်တပ်က အမျိုးသမီးများကို မုဒိမ်းကျင့်နေမှုများ ဆက်တိုက် ဆိုသလို ကျူးလွန်လျက်ရှိနေသည်။

စစ်တပ်သည် ဖက်ဆစ်စရိုက်ဖြင့် မည်မျှပင် ကြမ်းတမ်း ရက်စက်စေကာမူ မြန်မာပြည်သူတို့၏ စစ်အာဏာရှင် တော်လှန်ရေးသည် အရှိန်လျှော့မသွားဘဲ ဆက်လက် ကြီးထွားနေသည်။ ၁ နှစ်ကျော်ကြာ သည်အထိ ကြံ့ကြံ့ခံရင်း မင်းအောင်လှိုင်နှင့် ဖက်ဆစ်စစ်တပ်ကို အသက်၊ သွေး၊ ချွေးနှင့်ဘ၀ပေါင်းများစွာ ပေးဆပ်၍ တော်လှန်နေကြသည်။

ယခုအချိန်တွင် မင်းအောင်လှိုင်နှင့် စစ်တပ်သည် မြန်မာနိုင်ငံနှင့် ပြည်သူလူထုကို ကာကွယ်သော စစ်တပ် မဟုတ်တော့ဘဲ စစ်ခေါင်းဆောင်များ၏ အကျိုးစီးပွားနှင့် အာဏာကို ကာကွယ်နေသော လက်ကိုင်တုတ် ရာဇဝတ်သား စစ်တပ်သာလျှင်ဖြစ်ကြောင်း သက်သေခိုင်လုံသွားခဲ့ပြီဖြစ်သည်။

စစ်တပ်သည် သာမန်စစ်တပ်မဟုတ်တော့ဘဲ စစ်ရာဇဝတ်မှုများ၊ ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှု၊ မြန်မာပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်မှု၊ အမျိုးသမီးများအပေါ် မုဒိမ်းကျင့်မှုများစွာ ကျူးလွန်ထားသော စစ်ရာဇဝတ်ကောင် စစ်တပ်၊ တစ်နည်းအားဖြင့် မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များမှာ စစ်ရာဇဝတ်မှု ကျူးလွန်သော တရားခံများသာဖြစ်သည်။

လက်ရှိတွင် မင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့်တွေ့လိုကြောင်း ဧပြီလ ၂၂ ရက်နေ့ တွင် ရုတ်တရက် ထပြောသည်။ ၎င်းကိုယ်တိုင် လူလုံးထွက်ပြ၍ ငြိမ်းချမ်းရေး ဆွေးနွေးလိုသည်ဟု ထုတ်ဖော်လာခြင်းဖြစ်သည်။

သို့ရာတွင် မင်းအောင်လှိုင်နှင့်စစ်တပ်သည် လက်နက်အားကိုး ပြည်သူကို သတ်ဖြတ်နေသော စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု၏ တရားခံများဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။

မင်းအောင်လှိုင်နှင့်စစ်တပ်သည် ပြည်သူထောင်ချီ၍ သတ်ထားသူများဖြစ်သည်။ ရာဇဝတ်ကောင်များဖြစ်သည်။ ရာဇဝတ်သားများဖြစ်ကြသည်။

နှစ်ပေါင်း ၇၀ ကျော် လက်နက်အားကိုးဖြင့် တစ်ချိန်လုံး မိုက်ရိုင်းယုတ်မာစွာ တိုင်းရင်းသားပြည်သူများကို သတ် ဖြတ် မုဒိမ်းကျင့်၊ အနိုင်ယူခဲ့သော စစ်တပ်၊ စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ထားသော စစ်တပ်၊ အာဏာရမ္မက်အတွက် အတ္တကြီးလွန်းသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေး လိုချင်ပါသည်ဟု ဆိုနေခြင်းမှာ “ခွေးပါးစပ်က နတ်စကားထွက်” နေခြင်းသာဖြစ်သည်။

လက်ရှိအချိန်တွင် မင်းအောင်လှိုင်နှင့်စစ်တပ်သည် ပြည်သူလူထု တစ်ရပ်လုံး၏ အုံကြွ ဆန့်ကျင်မှု ခံနေရသဖြင့် အကျပ်အတည်း ဆိုက်နေသည်။ ယင်းအကျပ်အတည်းကို ခေတ္တယာယီ ပြေလည်ပြီး အင်အားပြန်လည် စုစည်းရန်အတွက် ငြိမ်းချမ်းရေးဆိုသော စကားလုံးလှလှ သုံးနေခြင်းသာဖြစ်သည်။

မင်းအောင်လှိုင်နှင့်စစ်တပ်တွင် ယနေ့ မြန်မာနိုင်ငံနှင့်တိုင်းရင်းသားလူထုအတွက် စေတနာဟူ၍ ရှိကို မရှိပေ။ စေတနာရှိလျှင်လည်း ယနေ့ အခြေအနေအထိ ဆိုက်ရောက်စရာမရှိဘဲ လက်ရှိ တစ်တိုင်းတစ်ပြည်လုံး အတိဒုက္ခချောက်ထဲ ကျလာရခြင်း၏ တရားခံမှာ မင်းအောင်လှိုင်နှင့် စစ်တပ်ပင်ဖြစ်သည်။

မင်းအောင်လှိုင်နှင့်စစ်တပ်သည် ပြည်သူကို သတ်ဖြတ်ထားသည့် သွေးများ စွန်းထင်နေခဲ့ပြီဖြစ်သည်။ ယင်းပြစ်မှုများအတွက် နိုင်ငံတကာတရားရုံး ICJ ၊ ICC နှင့် အပြည်ပြည်ဆိုင်ရာ ခုံရုံးများတွင် အနှေးနှင့်အမြန် တရားရင်ဆိုင် ပြစ်ဒဏ်ကျခံရမည်မှာ အသေအချာပင်ဖြစ်သည်။

မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်နေမှုကို လက်ခံသူများသည် ပြည်သူကို သတ်ဖြတ်ထားသော သွေးစွန်းနေသည့် စစ်ရာဇဝတ်သား စစ်တပ်ဘက်မှ အလိုတူ အလိုပါ ပြုလုပ်သူများပင်ဖြစ်သည်။ ထိုသူများသည် ဥပဒေ စကားအရဆိုလျှင် မင်းအောင်လှိုင်နှင့် စစ်တပ်ကျူးလွန်သော စစ်ရာဇဝတ်မှုကို အားပေးသူ၊ လူမျိုးတုန်းသတ်ဖြတ်မှုကို ထောက်ခံသူများအဖြစ် ပြည်သူလူထုနှင့်ကမ္ဘာက သေချာပေါက် မှတ်တမ်းတင်လိမ့်မည် ဖြစ်သည်။

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့် ဖက်ဆစ် စစ်တပ်ထံမှ မည်သည့် ငြိမ်းချမ်းရေးမှ မရနိုင်ပါ။ စစ်ရာဇဝတ်ကောင်နှင့် ဆွေးနွေးမည့်သူများ၊ စစ်ရာဇဝတ်ကောင်ထံမှ အကျိုးတစ်စုံတစ်ရာ မျှော်မှန်းသူများသည် သွေးမြေကျ ကျဆုံးသွားခဲ့ရသော လူထု၏ အသက်နှင့်ဘ၀များကို လျစ်လျူရှုသူများအဖြစ် ကမ္ဗည်းမှတ်တမ်းဝင်မည်ကို သတိချပ်သင့်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article