25 C
Yangon

မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီနှင့်ပူးပေါင်းလျှင် တရုတ်စီမံ ကိန်း များ ပစ်မှတ်ဖြစ်လာနိုင်ဟု တရုတ်သမ္မတရှီကျင့်ဖိန်ကို ပြည်တွင်းအဖွဲ့ ၅၅၈ ခုက သတိပေး

Must read

ရန်ကုန်၊ ဧပြီ ၂၆

မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီနှင့်ပူးပေါင်းလျှင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများ တော်လှန်ရေး ပစ်မှတ်ဖြစ်လာနိုင်ကြောင်း တရုတ် သမ္မတရှီကျင့်ဖိန်ကို ပြည်တွင်းအဖွဲ့ ၅၅၈ ခုက ဧပြီလ ၂၅ ရက်နေ့တွင် စာပေးပို့ သတိပေးလိုက်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ်စစ်ကြောင်းများ၊ ပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ အလုပ် သမားသမဂ္ဂများနှင့် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်အစုအဖွဲ့ ၅၅၈ ဖွဲ့သည် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေကြောင့် တရုတ်-မြန်မာ ပြည်သူချင်းဆက်ဆံရေး ကိစ္စရပ်များ ပိုမိုဆိုးရွားလာသည့်အပေါ် စိုးရိမ်သည့်အတွက် ပြည်တွင်းအဖွဲ့ပေါင်း ၅၅၈ ခုက စာရေးသားခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအားထိန်းချုပ်ရန် ကြိုးစားနေပြီး ပြည်သူလူထုအပေါ် ဖိနှိပ်နေသော၊ လူမျိုးတုံးသတ်ဖြတ်နေသည့် မြန်မာစစ်ကောင်စီကို တရုတ်အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများက တရားဝင် အသိအမှတ် ပြုနေသည့် ကိစ္စရပ်များကြောင့် စိုးရိမ်ပူပန်ကြောင်း၊ ယခုလုပ်ရပ်များကို အဆောတလျင် ပြန်လည် ရုပ်သိမ်းခြင်း မရှိပါက တရုတ်နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို လူထုတော်လှန်ရေးလုပ်ငန်းစဉ်တွင် ထည့်သွင်းလာသည့် ဆက်ဆံရေးအခြေအနေ ရောက်လာမည်ကို မိမိတို့အနေဖြင့် စိုးရိမ်မိကြောင်း သတိပေးထားသည်။

တရုတ်-မြန်မာ ပြည်သူချင်းရင်းနှီးချစ်ကြည်မှုကို ပိုမိုခိုင်မာစွာ တည်ဆောက်နိုင်သည့် ဆက်ဆံရေးကို မြင်တွေ့လိုပြီး ထိုသို့ ကောင်းမွန်သည့် ဆက်ဆံရေးလမ်းကြောင်း ရှိနေကြောင်းလည်း မြင်တွေ့ထားကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် အောက်ပါ အချက်အလက်များကို အကောင်အထည်ဖော်စေလိုသည်ဟု အဖွဲ့ပေါင်း ၅၅၈ ဖွဲ့က တောင်းဆိုထားသည်။

ပြည်တွင်းအဖွဲ့ ၅၅၈ က တောင်းဆိုထားသော အချက်အလက်များမှာ-

(၁) စစ်ကောင်စီအား တော်လှန်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ အခြားမြောက်မြားစွာသော ပြည်သူအဖွဲ့ အစည်းများနှင့် နှီးနှောဖလှယ် ဆက်ဆံခြင်းများကို အမြန်ဆုံး ပြန်လည်စတင်ရန်၊

(၂) တရုတ်အစိုးရနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကြား အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးမှုများ စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

(၃) နိုင်ငံရေး ပါတီများ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ အခြားမြန်မာနိုင်ငံရေးပါတီများနှင့် ပါတီချင်း ဆွေးနွေးမှုများ ပြန်လည်စတင်ရမည်ဖြစ်ကြောင်း၊

(၄) တရားမဝင်သည့် စစ်ကောင်စီနှင့် စီးပွားရေးလုပ်ငန်းအသစ်များ စတင်ခြင်းကို ရပ်တန့်ရမည်ဖြစ် ကြောင်း၊ မြန်မာ ပြည်သူများအနေဖြင့် စီမံကိန်းအသစ်များကို ပြည်သူများနှင့် ဆွေးနွေးတိုင်ပင်မှုများ မရှိဘဲ ဆောင်ရွက်နေခြင်းကို လွန်စွာ စိတ်ဆိုး ဒေါသထွက်နေကြကြောင်း၊ မြန်မာစစ်တပ်သည် ပြည်သူများနှင့် ဘယ်သောအခါမျှ တိုင်ပင်ဆွေးနွေးနိုင်မည့်သူ မဟုတ်ကြောင်း၊ မည်သည့်နိုင်ငံမှ ဖြစ်စေ အသစ်လာရောက် လုပ်ကိုင်သည့် စီမံကိန်းများအားလုံးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပစ်မှတ်ထားနိုင်သောကြောင့် တရုတ်အစိုးရအတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးများ ဖြစ်လာမည်ကို များစွာ စိုးရိမ်ရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) ကို ကျွန်ုပ်တို့နိုင်ငံတွင် တရားဝင် အစိုးရ ပြန် လည် တင်မြောက်နိုင်စေရန်အတွက် အထောက်အကူ ပြုစေမည့် အစီအစဉ်အဖြစ် ထည့်သွင်း စဉ်းစားရန် ကြိုဆိုကြောင်း၊

(၅) တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းနေသည့် မြန်မာစစ်တပ်အား အကူအညီ အထောက်အပံ့များ၊ ရန်ပုံငွေများ နှင့် အခြားအထောက်အပံ့များ ထောက်ပံ့ခြင်းကို ရပ်တန့်ရမည်ဖြစ်ကြောင်း၊ အဆိုပါအထောက်အပံ့များ အားလုံးသည် ပြည်သူလူထုထံ မည်သည့်အခါမျှ ရောက်ရှိနိုင်မည် မဟုတ်နိုင်ကြောင်း၊ အဆိုပါ အထောက်အပံ့များအား ပြည်သူများကို အကြမ်းဖက် ဖိနှိပ်ရန် လက်နက်အဖြစ် အသုံးပြုခြင်း အတွက် တရုတ်နိုင်ငံသည် စစ်ရာဇဝတ်ကျူးလွန်မှုများတွင် ကြံရာပါဖြစ်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆိုပါအထောက်အပံ့များကို ကျွန်ုပ်တို့ တော်လှန်ရေးတွင် ပါဝင်နေကြသည့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များကို ပံ့ပိုးရန် တိုက်တွန်းနှိုးဆော်ကြောင်း၊

(၆) အာဏာသိမ်း မအောင်မြင်သည့် မြန်မာစစ်တပ်၏ မရိုးသားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အရင်းအနှီးများ ဖြုန်းတီးနေခြင်းကို ရပ်တန့်ရပါမည်ဖြစ်ကြောင်း၊ နှစ် (၇၀) ကျော်ကြာ မိမိတို့ပြည်သူများကို ဖိနှိပ်တိုက်ခိုက်နေသည်ကို ကြည့်ခြင်းဖြင့် အာဏာသိမ်းရန် ကြိုးပမ်းနေသည့် မြန်မာစစ်တပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် အမှန်တကယ် စိတ်ဝင်စားခြင်း မရှိသည်မှာ ထင်ရှားကြောင်း၊

တရုတ်နိုင်ငံအနေဖြင့် အဆိုပါ အရင်းအနှီးများကို အာဏာသိမ်းရန် ကြိုးပမ်းနေသည့် မြန်မာစစ်တပ်ကို ဆန့်ကျင်တွန်းလှန်နေသော အစုအဖွဲ့များနှင့်သာ လုပ်ဆောင်သင့်ကြောင်း၊ အဆိုပါ ဆွေးနွေးလုပ်ဆောင်မှုများကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ သပိတ်ကော်မတီ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်သား ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့များနှင့် အခြားကိုယ်စားလှယ်များ ပါဝင်ကြသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) က ဆောင်ရွက်နေကြောင်း၊

(၇) တရားမဝင် အာဏာသိမ်း စစ်တပ်အား အသိအမှတ်ပြုခြင်းနှင့် တရားဝင်ဖြစ်အောင် လုပ်ဆောင်သည့် အဆင့်မြင့် တွေ့ဆုံမှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း တောင်းဆိုထားသည်။

မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားဝင်အစိုးရကို အကြမ်းဖက် အင်အားသုံး ဖြုတ်ချပြီး မြန်မာပြည်သူများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးများဖြင့် တိုက်ခိုက်လျက်ရှိကြောင်း၊ အာဏာသိမ်းရန်ကြိုးပမ်းနေသည့် မြန်မာစစ်တပ်အား မည်သို့မျှ တရားဝင်အစိုးရအနေဖြင့် သတ်မှတ်မည် မဟုတ်ကြောင်း တရုတ်ကိုလည်း ပြည်တွင်းအဖွဲ့များက သတိပေးထားသည်။

ဝဏ္ဏမောင်လွင်ကို တရုတ်နိုင်ငံသို့ ဖိတ်ကြားပြီး တရုတ်အထူးသံ ဝမ်ရီက အဆင့်တူ ကိုယ်စားလှယ် အနေဖြင့် ရည်ညွှန်းခြင်းဖြင့် လူမျိုးတုံး သတ်ဖြတ်သည့် မြန်မာစစ်တပ်အား တရုတ်အစိုးရက အသိမှတ်ပြုသည့် လုပ်ရပ်ကို မြန်မာပြည်သူများက အလွန်အမင်း ထိခိုက် ဒေါသထွက်ကြကြောင်း၊ မြန်မာပြည် သူလူထုအနေဖြင့် တရုတ်အထူးသံ ဝမ်ရီ၏ အဆင့်အတန်းကို အသိအမှတ် ပြုထား သော်လည်း စစ်ရာဇဝတ်ကျူးလွန်သည့် အကြမ်းဖက်အဖွဲ့မှ ဝဏ္ဏမောင်လွင်အား အဆင့်တူ ကိုယ်စားလှယ် အဖြစ် သတ်မှတ်သည့် မလျော်မကန် လုပ်ရပ်ကြောင့် အရှက်ရစရာဖြစ်ကြောင်း မှတ်ယူမိသည်ဟု ပြည်တွင်းအဖွဲ့များက ဆိုသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် မြစ်တစ်ခုတည်းမှ ရေကို သောက်သုံးကြသည့် အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အလျောက် အလုံးစုံ ချိတ်ဆက်နေသည့် နှစ်နိုင်ငံ ဖြစ်ကြောင်း၊ မြန်မာပြည်သူလူထုသည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံမှု ကောင်းမွန်လာစေရန် လိုလားကြောင်း၊ စစ်အာဏာရှင်၏ ဖိနှိပ်မှုအောက်တွင် မနေလိုသည့်အတွက် ရုန်းကန်လှုပ်ရှားခဲ့ သော်လည်း မတည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့် ပြည်တွင်းစစ်မီးများကိုသာ ကြုံတွေ့နေရကြောင်း တရုတ်သမ္မတကို ပြည်တွင်း အဖွဲ့များက ထောက်ပြထားသည်။

မြန်မာပြည်သူလူထုအနေဖြင့် မိမိတို့ သဘောတူ ထောက်ခံသည့် အစိုးရတစ်ရပ် ရရှိပိုင်ခွင့် အပြည့်အဝ ရှိပါသည်။

တရုတ်နိုင်ငံမှ ကျွန်ုပ်တို့ မြန်မာပြည်သူလူထု၏ ဆုံးဖြတ်ချက်ကို လေးစားပြီး လူမျိုးတုံး သတ်ဖြတ်သည့် မြန်မာ စစ်တပ်ကို ထောက်ပံ့နေခြင်းကို အမြန်ဆုံးရပ်တန့်ရန် လိုအပ်ကြောင်း၊ ထိုမှသာလျှင် လက်ရှိပဋိပက္ခကို အလျန်အမြန်ဆုံး ရပ်တန့်နိုင်မည်ဖြစ်ပြီး နိုင်ငံတွင်း စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှု နှင့် ငြိမ်းချမ်းရေးကို ပြန်လည်ရယူနိုင်မည် ဖြစ်ကြောင်း ပြည်တွင်းအဖွဲ့ ၅၅၈ ခုက တရုတ်သမ္မတထံ သတိပေးစာတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article