25 C
Yangon

ရွှေဘို-ကျောက်မြောင်းကားလမ်းတွင် စစ်ကားမိုင်းဆွဲခံရပြီး စစ်သား ၈ ဦးထက်မနည်းသေဆုံး၊ စစ်သာများက အနီးရှိ နေအိမ် အချို့ကို မီးရှို့ဖျက်ဆီးပြီး ဆိုင်ကယ် ၃ စီးကို ခိုးယူသွား

Must read

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်းကားလမ်း၊ အုန်းပေါက်ကျေးရွာ အရှေ့ဘက်ခြမ်း၊ မောင်းတပ်ကျေးရွာ လမ်းခွဲအနီး အကြမ်းဖက်စစ်ကောင်စီကား ၁ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၅ ရက် ညပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Dhu Wan SBDF ထံမှ သတင်းထုတ်ပြန်သည်။

မိုင်းခွဲခံရသော စစ်ကောင်စီတပ်ဖွဲ့သည် အနီးဝန်းကျင်ရှိ လူနေအိမ်အချို့နှင့် ကြက်မွေးမြူရေးခြံများကို မီးရှို့ဖျက်ဆီးကာ ဆိုင်ကယ် ၃ စီးကို ခိုးယူသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနေ့ညက ဖြစ်တာပေါ့၊ လက်နက်ကြီး ပစ်သံတွေရော ကြားတယ်၊ ကျနော်တို့လည်း သွားမကြည့်ရဲဘူးလေ။ အိမ် ၂ လုံးနဲ့ ကြက်ခြံ ၃ ခြံကို မီးရှို့တယ်။ နွား ၂ ကောင် သေတယ်၊ မွေးထားတဲ့ကြက်တွေရော၊ ကြက်စာတွေရော အကုန်လောင်သွားတာပေါ့။ ကြက်ခြံ ၁ ခြံက အခုပေါက်ဈေးနဲ့ဆို သိန်း ၁၀၀ လောက် တန်တယ်။ လူတွေတော့ လွတ်ပါတယ်၊ ဆိုင်ကယ် ၃ စီးကိုလည်း ခိုးသွားတယ်။ ဒီမနက်တော့ ဘာမှ မထူးသေးဘူး” ဟု ဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ စစ်ကားသည် ကျောက်မြောင်းမှ ရွှေဘိုသို့ ထွက်ခွာလာသော ကားဖြစ်ကြောင်း၊ Burmese Dragon Force နှင့် ပူးပေါင်းကာ ည ၈ နာရီ ၂၀ မိနစ်တွင် ရှေ့ထွက်မိုင်း ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ Dhu Wan SBDF က သတင်းထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၂၆ ရက် နံနက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား အစီးရေ ၃၀ ခန့် ကျောက်မြောင်းမှ ရွှေဘိုဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရပြီး ဒေသခံပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးမပြုကြရန် Dhu Wan SBDF က သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article