25 C
Yangon

ရန်ကုန်မြို့လယ်ခေါင်တွင် သိန်းထောင်ချီငွေသား သယ်ဆောင်သည့် ရွှေကုန်သည်တစ်ဦးကို စစ်တပ်က ဖမ်းဆီးပြီး ငွေညှစ်၊ ကုန်သည်ဖြစ်ကြောင်း သက်သေပြနိုင်သည့်တိုင် စစ်တပ်ကို ငွေကျပ် ၄၈၀၀၀၀ ဆက်ကြေးပေးခဲ့ရ

Must read

ရန်ကုန်၊ ဧပြီ ၂၇

ရန်ကုန်မြို့လယ်ခေါင်တွင် ငွေကျပ် သိန်းထောင်ချီ ငွေသား သယ်ဆောင်လာသည့် ရွှေလုပ်ငန်းရှင်တစ်ဦးကို စစ်တပ်က ယမန်နေ့ညနေပိုင်းက ဖမ်းဆီးပြီး ငွေညှစ်မှု တစ်ရပ်ဖြစ်ပွားကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။

ဧပြီလ ၂၆ ရက်နေ့ ညနေ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်း ၊ KBZ ဘဏ်ရုံးရှေ့တွင် စစ်ဆေးရေးဟုဆိုကာ စစ်တပ်နှင့်ရဲက စစ်ဆေးနေကြကြောင်း၊ ယင်းနောက် ရွှေအရောင်းအဝယ်လုပ်ရန် သိန်း ၁၇၀၀ သယ်ဆောင်လာသော ရွှေလုပ်ငန်းရှင် ၏ကားကို တားဆီး စစ်ဆေးပြီး တစ်ဝက် ပေးရမည်ဟု တောင်းယူကြောင်း၊ ရွှေလုပ်ငန်းရှင် က ယခု သယ်ဆောင်သည့် ငွေများမှာ တရားဝင်ငွေကြေးများ ဖြစ်ပြီး ရွှေနှင့်ငွေကိုင်ဆောင်မှု လက်မှတ်များပြသော်လည်း လက်မခံဘဲ ညှိနှိုင်းမှုဖြင့် ငွေကျပ် ၄၈၀၀၀၀ ပေးအပ်ခဲ့ရကြောင်း သိရှိရသည်။

“မနေ့ညနေပိုင်း ကုန်သည်လမ်း KBZ ရုံးရှေ့မှာ စစ်တပ်က စစ်ဆေးရေးဆိုပြီးတော့ ရွှေအရောင်းအဝယ်လုပ်ဖို့ပါတဲ့ သိန်းတစ်ထောင့်ခုနှစ်ရာကို တွေ့တဲ့အခါမှာ တစ်ဝက်တောင်းပါတယ်။ ရွှေနဲ့ကျပ်ငွေကိုင်ဆောင်မှုလက်မှတ်ပြလည်းမရဘူး။ စခန်းမောင်းလို့ပဲပြောပါတယ်။ နောက်ဆုံး ၄၈၀၀၀၀ ပေးခဲ့ရတယ်။ မြို့လယ်ခေါင်ကြီးတောင် ဓားပြတိုက်သလိုဖြစ်နေတယ်” ဟု ရွှေလုပ်ကိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိ အာဏာသိမ်းစစ်တပ်လက်အောက်တွင် ရွှေရောင်းဝယ်သူများအနေဖြင့်လည်း လုံခြုံမှု ပျောက်ဆုံးနေသည်ဟု ဆိုသည်။

“ပိုက်ဆံနဲ့ရွှေလည်းပေါ်တင်မကိုင်ရဲတော့ဘူး။ အိမ်မှာဆိုလည်း အရင်လို မီးခံသေတ္တာထဲမထားရဲပါဘူး။ မထင်တဲ့နေရာတွေမှာပဲဖွက်နေရပါတယ်။ မြို့လယ်ခေါင်တည့်တည့်မှာတောင် ဓားမြတိုက်ခံနေရတယ်” ဟု ရွှေဝယ်ရောင်းလုပ်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်မြို့လယ်တွင် စစ်ဆေးမှုများလုပ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo – EPA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article