25 C
Yangon

မင်းအောင်လှိုင် မိသားစုနှင့် ပတ်သက်ဆက်နွယ်နေတဲ့ စစ်လက်နက်ပွဲစား Star Sapphire group ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် JFM တောင်းဆို

Must read

ရန်ကုန်၊ ဧပြီ ၂၈

အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မိသားစုနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ခရိုနီစီးပွားရေးလုပ်ငန်းစု Star Sapphire group ဟာ မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ဝယ်ယူရေးအတွက် ကြားခံပွဲစားအဖြစ် အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။

ဒါ့အပြင် အဆိုပါ ကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့လည်း စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။

Star Sapphire group ကို ဒေါက်တာထွန်းမင်းလတ်နဲ့ ဇနီးဖြစ်သူ ဒေါက်တာဝင်းမင်းစိုးတို့က ချုပ်ကိုင်ထားပြီး ၎င်းတို့အနေနဲ့ လက်ရှိ ထိုင်းအထက်လွှတ်တော် အမတ်တစ်ဦးလည်းဖြစ် ထင်ရှားတဲ့ ထိုင်း စီးပွားရေးလုပ်ငန်းရှင် Upakit Pachariyangkun နဲ့ ကာလကြာရှည် မိတ်ဖက် ဆက်ဆံရေးတစ်ရပ် ရှိထားကြပါတယ်။

ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ ထွန်းမင်းလတ်ဟာ Elbit Systems၊ Israel Shipyards၊ Israel Aerospace Industries နဲ့ NORINCO တို့ အပါအဝင် အစ္စရေးနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ စစ်ကောင်စီနဲ့ လက်နက်ရောင်းဝယ်ရေးတို့မှာ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာပြည်သူလူထု အပေါ် ကျူးလွန်လျက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကူညီ ထောက်ပံပေးနေခြင်းပဲ ဖြစ်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ တစ်ခုဖြစ်တဲ့ Justice For Myanmar က ဆိုပါတယ်။

ထွန်းမင်းလတ်ဟာ ယခင်စစ်အစိုးရလက်ထက်က ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီးဟောင်း(လေ) ခင်မောင်လတ်ရဲ့ သားဖြစ်ပါတယ်။

ထွန်းမင်းလတ်ရဲ့ ဖခင်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီးခင်မောင်လတ်အနေနဲ့ ယခင်စစ်အစိုးရလက်ထက် ဟိုတယ် နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ်ဖြစ်ခဲ့စဉ် ၁၉၉၉ ခုနှစ်က ထိုင်းနိုင်ငံနယ်စပ်မြို့ တာချီလိတ်မှာ တရားမဝင် ကာစီနိုလောင်းကစားရုံတစ်ခုဖြစ်တဲ့ Allure Resort တည်ဆောက်ဖို့ သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနက အဆိုပါ ကာစီနိုလောင်းကစားရုံအား မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဒီလွှဲပြောင်းမှုဟာ ပြည်ထောင်စုဘတ်ဂျက်မှ နိုင်ငံတော်ရဲ့ အမြတ်ဝေစု ၆% ကို စစ်တပ်လက်အောက်သို့ လွှဲပြောင်းပြီး လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးခြင်း မပြုနိုင်ဖို့ ဖုံးကွယ်လိုက်ခြင်း ဖြစ်ပါတယ်။

The Allure Resort ဟာ Star Sapphire နဲ့ ၎င်းရဲ့ ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးလုပ်ငန်း အကျိုး အမြတ်တွေနဲ့ ချိတ်ဆက်နေပါတယ်။ အဆိုပါ ချိတ်ဆက်မှုနဲ့ ဆိုးရွားတဲ့ ငွေကြေးခဝါချမှု အပါအဝင် တရားမဝင် ငွေကြေးပံ့ပိုးမှုတွေ လုပ်ဆောင်နေတာဟာ စိုးရိမ်စရာဖြစ်တယ်လို့ JFM က ဆိုပါတယ်။

စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရ လက်ထက်၊ ၂၀၁၃ ခုနှစ်မှာတော့ ထွန်းမင်းလတ်ဟာ ပြည်ထဲရေးဝန်ကြီးဌာနပိုင် မြေပေါ်မှာ ဟိုတယ်ထားဝယ် ဆောက်လုပ်ဖို့ တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်းရေး (ဘီအိုတီ) စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။

ငှားရမ်းခတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် တာဝန်ရှိတဲ့ စစ်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာန အတွက် ဝင်ငွေရလမ်းအဖြစ် ဆက်လက် ပံ့ပိုးလျက် ရှိပါတယ်။

Star Sapphire လက်အောက်ခံကုမ္ပဏီတွေဟာ ၂၀၀၁ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်နဲ့ အမြတ်ခွဲဝေမှုအစီအစဉ်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီး စစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးမှုတွေအတွက် ငွေကြေးအထောက်အပံ့တွေ ပံ့ပိုးခဲ့ပါတယ်။

Star Sapphire ရဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Royal Mawtaung Mining (ယခင် Star Thiri Investment) ကို စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန်က ပူးတွဲ တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

စွမ်းအင်ကဏ္ဍမှာတော့ Star Sapphire အုပ်စုရဲ့ Myanmar Business Consultant Group ဟာ MEHL ပါဝင်တဲ့ သဘာဝဓာတ်ငွေ့ရည်စီမံကိန်းမှာ ဟောင်ကောင်စာရင်းဝင်ကုမ္ပဏီ VPower Group နဲ့ တရုတ်အစိုးရပိုင် China National Technical Import and Export Corporation (CNTIC) တို့ရဲ့ ပြည်တွင်းမိတ်ဖက်အဖြစ် ပါဝင်ပါတယ်။

Myanmar Business Consultant Group ဟာ MEHL သို့ မြေငှါးရမ်းခတွေ ပေးနေပြီး ငှားရမ်း သက်တမ်း ကုန်ဆုံးချိန်မှာတော့ MEHL သို့ အဆိုပါ စက်ရုံအဆောက်အဦးကို လွှဲပြောင်းပေးမှာဖြစ်ရာ စစ်တပ်ကို အကျိုးအမြတ် ကြီးမားလှတဲ့ အနာဂတ်ပိုင်ဆိုင်မှုတွေ ပေးအပ်ခြင်းလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ Star Sapphire ဟာ ထွန်းမင်းလတ်၊ Upakit Pachariyangkun တို့နဲ့ ဆက်နွယ်တဲ့ ထိုင်းနိုင်ငံ အများပြည်သူ စာရင်းဝင်ကုမ္ပဏီ United Power of Asia နဲ့ ၂၀၀ မဂ္ဂါဝပ် ပေါင်းစပ်ဓာတ်အားပေး စက်ရုံကို တနင်္သာရီတိုင်းမှာ တည်ဆောက်လျက်ရှိပါတယ်။

ဒါနဲ့ ပတ်သက်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “ထွန်းမင်းလတ်နဲ့ သူ့အပေါင်းအပါ တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်တခုလုံးရဲ့ အမြစ်တွယ် လှိုက်စားနေတဲ့ အကျင့်ပျက်ချစားမှုတွေကို အသုံးချပြီး သူတို့ကိုယ်သူတို့ ချမ်းသာအောင် လုပ်ခဲ့တာပါ။. သူတို့ဟာ စစ်တပ်ရဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် ဘဏ္ဍာငွေနဲ့ လက်နက်တွေ ထောက်ပံ့ပေးခဲ့တာပါ။ အဲဒီ့အတွက် ရာဇဝတ်မှုတွေမှာ ကြံရာပါတွေ ဖြစ်ကြပါတယ်။” လို့ ဆိုပါတယ်။

ဒါ့ကြောင့် ထွန်းမင်းလတ်၊ Star Sapphire ကုမ္ပဏီအုပ်စုနဲ့ ၎င်းရဲ့ ဒါရိုက်တာတွေနဲ့ ရှယ်ယာရှင်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ အမြန်ဆုံး ချမှတ်ဖို့ လိုပါတယ်လို့ JFM က ပြောပါတယ်။

ဒါ့အပြင် ထွန်းမင်းလတ်ဟာ ထိုင်းနိုင်ငံကို အခြေစိုက်စခန်းအဖြစ် အသုံးပြုပြီး ထိုင်းလွှတ်တော်အမတ် Upakit Pachariyangkun၊ မြန်မာစစ်တပ်တို့နဲ့ တရားမဝင် ကာစီနိုလုပ်ငန်းတွေ ၊ Siam Commercial Bankနဲ့ ဘဏ်လုပ်ငန်းအပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်နေပြီး ဒါ‌တွေကို ချက်ချင်း ရပ်တန့်ရမယ်လို့ တောင်းဆိုထားပါတယ်။

ဆက်လက်ပြီး မရတနာမောင်က “အထက်လွှတ်တော် အမတ်တစ်ယောက် ဖြစ်တဲ့အတွက် Upakit Pachariyangkun ရဲ့ ထွန်းမင်းလတ်၊ မြန်မာစစ်တပ်တို့နဲ့ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ထိုင်းအရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ Upakit ကို သူရဲ့ အဂတိ စီးပွားရေးလုပ်ငန်းတွေနဲ့ မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇတ်မှုတွေမှာ ကြံရာပါ ပတ်သက်မှုတွေအတွက် တာဝန်ရှိကြောင်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။” လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ မအောင်မြင်တဲ့ “ဘုံသဘောတူညီမှု” က ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်နိုင်အောင် နှောင့်နှေးအောင် လုပ်နေတာပါ။ တချိန်တည်းမှာပဲ အာဆီယံ အစိုးရတွေအချင်းချင်း ကိုယ်ကျိုးအတွက် အားပြိုင်နေကြတဲ့ လုပ်ရပ်တွေက မြန်မာစစ်တပ်ကို မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် စစ်ဆင်ရေးတွေ လုပ်ရဲအောင် အားပေးနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အလုပ်မဖြစ်တဲ့ အာဆီယံကို ရှေ့ထုတ်ပြီး ၎င်းတို့ရဲ့နောက်မှာ ပုန်းကွယ်ပြီး ခေါင်းရှောင်နေတာကို ချက်ခြင်းရပ်ဖို့၊ မြန်မာလူထုရဲ့ နွေဦးတော်လှန်ရေးကို ပံ့ပိုးဖို့၊ အကြမ်းဖက်စစ်ကောင်စီထံ လက်နက်နဲ့ဘဏ္ဍာငွေ စီးဆင်းနေတာတွေ ရပ်အောင်လုပ်ဖို့ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးနဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ် လုပ်ဆောင်ပေးဖို့ ကိုလည်း JFM က တိုက်တွန်း တောင်းဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article