25 C
Yangon

ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် လျှပ်စစ်မီး ရရှိချိန် တစ်နာရီပင် မပြည့်တော့ဘဲ အများစုသော အချိန်များ မီးပြတ်နေ၊ နေပြည်တော်မှာတော့ မီးတွေ အချိန်မှန်လာနေ

Must read

ရန်ကုန်၊ဧပြီ ၂၉

ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် ယခု ရက်ပိုင်းအတွင်း လျှပ်စစ်မီး ရရှိချိန် ၁ နာရီပင် မရှိတော့ဘဲ အများစု သောအချိန်များ မီးပြတ်နေကြောင် ရန်ကုန်နှင့်မန္တလေးမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဧပြီ ၂၆ ၊ ၂၇ ၊ ၂၈ လောက်မှာ မီးတွေ အရမ်းပြတ်တယ်။ မီးလာချိန်မှာလည်း မီးက အားနည်းတယ်။ မီးအား မပြည့်ဘူး။ ရေလည်းတင်လို့မရ၊ အဲကွန်းလည်းဖွင့်မရ၊ ဘာမှ လုပ်မရဘူး။ ပြီးရင် ခဏနေ ပြန်ပြတ်သွားတယ်။ ပုံမှန်ဆိုရင် သူတို့ကြေညာထားတာက မနက်ကနေ ည ၅ အထိအတွင်းမှာ ပျက်မယ်ဆိုပြီး အခုက ညလည်း ပြတ်တယ်။ နေ့လည်း ပြတ်တယ်။ တစ်နေလုံး နီးပါး ပြတ်နေပြီ” ဟု ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

အရှေ့ဒဂုံနှင့်မြောက်ဒဂုံမှ ပြည်သူတချို့ကလည်း လျှပ်စစ်မီး ပြတ်တောက်မှု အလွန်ဆိုးဝါးပြီး တစ်နေ့လုံး တစ်ညလုံး မီးဆက်တိုက်ပြတ်နေသည်ဟု ဆိုကြသည်။

အလားတူ မန္တလေးတွင်လည်း မီးပြတ်မှု အချိန် အလွန်များနေသည်ဟု ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဘယ်လိုတောင် ပြောရမလဲမသိတော့ဘူး။ လာချင်သလိုလာ ပြတ်ချင်သလို ပြတ်နေတာပဲ။ မမှန်းတတ်တော့ဘူး။ ညဆိုရင် အမှောင်ထဲ ပူကပူ။ ခြင်ကကိုက်။ အဝတ်မကပ်နိုင်ဘူး။ ကိုယ်ပေါ်မှာ ချွေးခံအင်္ကျီနဲ့ပဲ နေနေရတယ်။ ငရဲကျနေသလိုပါပဲ” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရန်ကုန်နှင့်မန္တလေးအပါအဝင် မြို့ကြီးများတွင် မီးများ ပြတ်ချင်တိုင်း ပြတ်နေသော်လည်း နေပြည်တော်တွင်မူ မီးပုံမှန်ရနေသည်ဟုဆိုသည်။

“ပြတ်တဲ့အချိန်လည်း မှန်တယ်။ လာတဲ့အချိန်လည်း မှန်တယ်။ ပြတ်တော့ ပြတ်ပေမယ့် တစ်နေကုန် တစ်ညလုံး မပြတ်ဘူး။ ညဘက်တွေတော့ မပြတ်သလောက်ပဲ။ လာတယ်။ နေ့ဘက်ကလည်း ၄ နာရီလောက် ပြတ်ပြီး လာတာပါပဲ။ ရန်ကုန်မှာတော့ တအားပြတ်တယ် ကြားရတယ်။ ဒီရာသီဥတုနဲ့က ပန်ကာ ၊ အဲကွန်းမရရင်တော့ အရမ်းပူတယ်” ဟု နေပြည်တော်မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ဒေသခံတချို့ကမူ စစ်ကောင်စီသည် ရန်ကုန်မြို့ခံ ပြည်သူများကို တမင်နှိပ်စက်သည့်အနေဖြင့် မီးဖြတ်တောက်ခြင်းဟု ယူဆသုံးသပ်သည်။

“သူတို့ကို ဆန့်ကျင်တာက ရန်ကုန်က အဓိကပါလို့ ရန်ကုန်ကို တမင်သတ်သတ် မီးဖြတ်တာနေမယ်။ သင်္ကြန်တုန်းကတောင် မပြတ်တာ အခုမှ ကောက်ခါငင်ကာ တစ်နေကုန် တစ်ညလုံး ပြတ်နေတာ။ နောက်ပြီး မီးတာဆောင်သူနည်းတော့ မင်းတို့ မီးပြတ်ထဲနေကြဆိုတာမျိုး လုပ်တာနေမယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်မြို့မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article