33 C
Yangon

မြန်မာစစ်တပ်သည် ဖိနှိပ်သော အဖွဲ့အဖြစ်မှ ရွံစရာအဖွဲ့အဖြစ် အများအမြင်တွင် အဆင့်လျော့ကျ သွားခဲ့သည်

Must read

By ထွန်းမြင့် (တွဲဖက်ပါမောက္ခနှင့် ဌာနမှူး၊ ကာလတန်ကောလိပ်၊ နိုင်ငံရေးသိပ္ပံဌာန)

မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာကတည်းက မြန်မာစစ်တပ်၏ ပုံရိပ်ကို ပြောင်းလဲစေသော အဓိက ဖြစ်ရပ်ကြီး ၃ ခု ရှိသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဆုံး ရွေး ကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်၌ ကျင်းပ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စတင်ခဲ့ချိန်နှင့် တစ်ချိန်တည်းတွင် မင်းအောင်လှိုင်မှာ တပ်မတော်၏ အကြီးအကဲ ဖြစ်လာသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ်က ထောက်ခံသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲမှာ “တရားမျှတမှု မရှိဘဲ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှု မရှိကြောင်း” အမေရိကန်က ပြောဆိုခဲ့သည်။ ရွေးကောက်ခံ အစိုးရ အာဏာရလာသည့်အခါ ယခင် အာဏာရှင်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကာကွယ်ရေး ဦးစီးချုပ်ရာထူးမှ အနားယူခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ထိုစဉ်က မင်းအောင်လှိုင်အား ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့် ပေးခဲ့သည်။

မင်းအောင်လှိုင်လက်ထက် တပ်မတော်၏ပုံရိပ်ကို ပထမဆုံး ထိခိုက်ခဲ့သည့် ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း ဆန္ဒပြပွဲအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ နှိမ်နှင်းမှုဖြစ်သည်။

တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့က လျော်ကြေးမပေးဘဲ မြေယာသိမ်းယူမှုအတွက် ဒေသခံများက ဆန္ဒပြခဲ့ကြသည်။ နိုင်ငံက တံခါးဖွင့် ဝါဒစတင် ကျင့်သုံးလာချိန်၌ မြေယာအခွင့်အရေးမှာ အဓိက ပြဿနာတစ်ရပ်ဖြစ်လာခြင်းနှင့် ၂၀၁၁ ခုနှစ်တွင် အစိုးရက ရပ်ဆိုင်းခဲ့သော မြစ်ဆုံစီမံကိန်းကဲ့သို့ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအား ပြည်တွင်းဆန့်ကျင်မှုများ အောင်မြင်မှု ရလာခြင်းတို့ကြောင့် အဆိုပါ လက်ပံတောင်းတောင် ဖြစ်ရပ်ကို မြန်မာမီဒီယာများက အထူးပင် အကျယ်တဝင့် ဖော်ပြရေးသားခဲ့ကြသည်။

လက်ပံတောင်းတောင် ဆန္ဒပြပွဲများမှာမူ အကြမ်းဖက် နှိမ်နှင်းခံခဲ့ရသည်။ လွတ်လပ်သော ရှေ့နေအဖွဲတစ်ခု၏ အဆိုအရ ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများအား နှိမ်နှင်းရန် မီးစုန်းအား ဓာတုလက်နက်အဖြစ် အသုံးပြုခဲ့ကြောင်း သတင်းရရှိသည်။ “လူပေါင်း ၁၁၀ မှ ၁၅၀ အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ ဆိုးဝါးစွာ မီးလောင်ကျွမ်း ခံရကာ ဘဝတစ်သက်တာ မသန်စွမ်းဘဝသို့ ရောက်ရှိခဲ့ကြသည်” ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာမှုအဖွဲ့က ဆိုသည်။

ဤဖြစ်ရပ်သည် ဆန္ဒပြမှုများကို ကိုင်တွယ်ရာ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပထမဆုံး စမ်းသပ်မှု ဖြစ်သည်။ နောက်ပိုင်းတွင် အစိုးရက ခန့်ထားသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းရေးကော်မရှင်က ရဲတပ်ဖွဲ့၏ နှိမ်နှင်းမှုအကြောင်း မည်သည့် ပြစ်တင်ဝေဖန်မှုမျှ အစီရင်ခံခဲ့ခြင်း မရှိပေ။

ဒုတိယဖြစ်ရပ်မှာ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များပေါ် ကြောက်မက်ဖွယ် စစ်ဆင်ရေး ဆင်နွှဲမှု ဖြစ်သည်။ ပဋိပက္ခ၏ မျိုးစေ့များကို ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ် ဇွန်လက ဖြစ်ပွားသည့် လူအုပ်စုများအကြား အကြမ်းဖက်မှုများမှ စတင်ခဲ့သည်။ ၎င်းမှတစ်ဆင့် ၂၀၁၂ ခုနှစ် (နွေရာသီ)အတွင်း မြန်မာနိုင်ငံရှိ မွတ်ဆလင်များအပေါ် အကြမ်းဖက်မှုများ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ဖြစ်ပွားလာသည်။

ထိုအကြမ်းဖက်မှုများ မှတစ်ဆင့် နောက်ဆုံးတွင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များ၌ ရိုဟင်ဂျာများအား တပ်မတော်၏ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်မှု ဖြစ်ပေါ်လာသည်။ ထိုတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာ ၁ သန်းခန့်မှာ အိမ်နီချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လည်းကောင်း၊ အချို့မှာ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ လှေများဖြင့်လည်းကောင်း၊ အသီးသီး ထွက်ပြေးခဲ့ကြရသည်။

ကမ္ဘာ့မီဒီယာက မီးလောင်နေသည့် ကျေးရွာများ၊ မြန်မာတပ်မတော်၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသော ရိုဟင်ဂျာများ၏ ပုံရိပ်များကို သတင်းတင်ဆက်ခဲ့သည်။ ထိုစဉ်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဖြစ်သူ ဇိတ်ရာအက်အယ်ဟူစိန်က မြန်မာစစ်တပ်၏ ရက်စက်သောတိုက်ခိုက်မှုမှာ “လူမျိုးတုံးသတ်ဖြတ်မှု၏ စံပြနမူနာတစ်ခု” ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ကျင်းပသော ယူအင်အိတ်ချ်အာရ်စီ အစည်းအဝေး၌ ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာကို ဂမ်ဘီယာအစိုးရက စွပ်စွဲကာ လူမျိုးတုံး သတ်ဖြတ်မှု ကွန်ဗင်းရှင်းတွင် ပြဌာန်းထားသော အားလုံးနှင့် သက်ဆိုင်သည့် ဝတ္တရားများကို အခြေခံ၍ အပြည်ပြည်ဆိုင်ရာ တရားရုံး၌ အမှုဖွင့်လှစ်ခဲ့သည်။

ဤတစ်ကြိမ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို အကာအကွယ်ပေးကာ သမိုင်းကြောင်းနှင့် ချီသော လက်နက်ကိုင် ပဋိပက္ခများ အတွင်း ရခိုင်တပ်မတော်(အေအေ)နှင့် ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ် (အာဆာ)တို့ကို မြန်မာစစ်တပ်၏ တိုက်ခိုက်နှိမ်နှင်းမှုများကြောင့် ရိုဟင်ဂျာအပါအဝင် လူအုပ်စု အများအပြား ထွက်ပြေးခဲ့ရမှုကို ရှင်းပြရန် ကြိုးပမ်းခဲ့သည်။

နောက် ၃ နှစ်အကြာ ၂၀၂၂ ခုနှစ် မတ် ၂၃ ရက်တွင် အမေရိကန်ပြည်ထောင်စုက ရိုဟင်ဂျာအရေးကို မြန်မာ့ တပ်မတော်၏ လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့သည်။ အကယ်၍ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသာ ရပ်ဆိုင်း မသွားခဲ့လျှင် ယခုကဲ့သို့ အမေရိကန်ပြည်ထောင်စု၏ သတ်မှတ်ချက် ဖြစ်ပေါ်လာခဲ့မည် မဟုတ်ပေ။

သမိုင်းလမ်းကြောင်းပြောင်းပြီး နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ အနိုင်ရ အမတ်များအနေဖြင့် လွှတ်တော်ခေါ်ယူ ကျင်းပခွင့်ရရှိကာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အဆိုပြု ပြင်ဆင်ချက် ၁၁၈ ခုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်၍ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသာ ဆက်လက် ဖြစ်ပေါ်နေခဲ့မည်ဆိုလျှင် ထိုကဲ့သို့ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခံရသည့် ဖြစ်စဉ်မျိုး ရှိလာမည် မဟုတ်ပေ။

အမေရိကန် နှင့် ကမ္ဘာ့နိုင်ငံ အများစုသည် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် တပ်မတော်၏ အကြမ်းဖက်မှုများအပေါ် ကျေနပ်လက်ခံလျက် ဆက်လက် ရေငုံနှုတ်ပိတ် နေသွားကြဖွယ်ရှိသည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ နံနက် ၃ နာရီအချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိတ်တဆိတ် အာဏာသိမ်းယူလိုက်သည်။ ၎င်း၏ အာဏာသိမ်းမှုနှင့် လက်ရှိ ဖြစ်ပေါ်နေသော စစ်တပ်၏ အကြမ်းဖက်မှုများမှာ တပ်မတော်အား ယခင်ကတည်းက ထိုက်တန်ပြီးဖြစ်သော ရွံစရာအဖွဲ့အဖြစ် ရောက်ရှိစေခဲ့သည့် တတိယအရေးပါသော ဖြစ်ရပ်ပင် ဖြစ်သည်။

“ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်ရာ၌ ဦးဆောင်ခဲ့သူများအပါအဝင် ယင်းကိစ္စအား ကြီးကြပ်ခဲ့သော စစ်တပ်ဗိုလ်ချုပ်ကြီး အများအပြားသည် အခြားတိုင်းရင်းသားလူနည်းစုနှင့် ဘာသာရေး လူနည်းစုများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများ၌ ပါဝင်သူများပင် ဖြစ်ကြောင်း၊ အဆိုပါ စစ်တပ်ခေါင်းဆောင်များကပင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက် တင်မြှောက်ထားသော အစိုးရအား ဖြုတ်ချကာ အာဏာရယူခဲ့သူများ ဖြစ်ကြောင်း” အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုနှင့် အာဏာသိမ်းမှုနောက်ပိုင်း အခြေအနေများကို ဆက်စပ်လျက် လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်ရသည့် အကြောင်း တင်ပြရာ၌ ထည့်သွင်း ပြောဆိုခဲ့သည်။ တပ်မတော်ကို ရွံစရာအဖွဲ့အဖြစ် သတ်မှတ်ရာတွင်လည်း မြန်မာပြည်သူများက အလားတူ ဆက်စပ်တွေးခေါ် ဆင်ခြင် စဉ်းစားခဲ့ကြသည်။

ဤကိစ္စသည် စာဖွဲ့ပြောဆိုရုံ သပ်သပ်ကား မဟုတ်ပေ။ လက်ရှိ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံရေး အကျပ်အတည်း အတွက် ပထမအဆင့် ဆောင်ရွက်ချက်အဖြစ် အနာဂတ် မြန်မာ့နိုင်ငံရေးမှ တပ်မတော် ထွက်ခွာရေးကို ဆွေးနွေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ သံတမန်များက စဉ်းစားကြရမည် ဖြစ်သည်။

သို့မှသာ မြန်မာပြည်သူတစ်ရပ်လုံးက ယင်းလုပ်ငန်းစဉ်နှင့် ရလဒ်များ အပေါ် အယုံအကြည် ရှိလာကာ ကမ္ဘာ့သက်တမ်း အရှည်ဆုံး ပြည်တွင်းစစ်ကို အဆုံးသတ်စေမည့် လမ်းစပေါ်ထွက်လာပေမည်။ တပ်မတော်အား အလုပ်ဖြစ်နိုင်သော ဆွေးနွေးမှုမိတ်ဖက်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထွေထွ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နိုအယ်လင်းဟေးဇာက ယူဆလျက်ရှိသည်။ ၎င်းအချက်မှာ လုံးဝမှန်ကန်မှု မရှိပေ။

တပ်မတော်မှ စစ်သည်အချို့နှင့် ၎င်းတို့၏ မိသားစုဝင်များကပင် စစ်တပ်မှာ ပျက်စီးနေသောအဖွဲ့အဖြစ် ယူဆနေသည့် လက္ခဏများတွေ့ရသည်။ နိုင်ငံတစ်လွှား ကျေးရွာများ၊ မြို့များကို တိုက်ခိုက်နေသည့် မြန်မာတပ်ဖွဲ့များအတွင်း အဆင့်ဆင့် အမိန့်နာခံမှုမှာ မပျက်စီးလျှင်ပင် အားနည်းလျက်ရှိသည်။

စစ်တပ်၏ ဒုတိယအကြီးအကဲ ဖြစ်သော ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကယား၊ ကရင်နှင့် ရှမ်းပြည်နယ် များသို့ လှည့်လည်၍ စစ်သားများနှင့် ၎င်းတို့၏ မိသားစုများအား အမိန့်နာခံရန်နှင့် စည်းလုံး ညီညွတ်ကြရန် လိုက်လံ တိုက်တွန်းနေရသည်ဟု သတင်းများ ရရှိသည်။

တပ်မတော်မှ ကူးပြောင်းလာသူများ၏ အဆိုအရ ထိုသို့ နယ်လှည့် စည်းရုံးမှုကို စစ်တိုင်းမှူးများကသာ ဆောင်ရွက်လေ့ရှိသဖြင့် ယခု ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်နေမှုမှာ ၎င်းတို့၏ စိုးရိမ်မှု ကြီးမားသည့်အချက်ကို ပြသနေသည်။

သံတမန်နှင့် နိုင်ငံတကာလေ့လာသူ အများစုမှာ နိုင်ငံကို ဗဟိုပြု၍ တွေးခေါ်လေ့ရှိပြီး သာမန်ပြည်သူများ၏ အစွမ်းအစကို သံသယဖြစ်လေ့ ရှိကြသည်။ သို့တိုင်အောင်လည်း မြန်မာပြည်သူများမှာ လွန်ခဲ့သော ၁၄ လတာ ကာလအတွင်း ၎င်းတို့၏ ကြံ့ကြံခံနိုင်မှုကို ပြသကာ ကမ္ဘာ့အဆင့် ၃၉ ရှိသော စစ်တပ်က ဦးဆောင်သည့် အာဏာသိမ်းမှု၏ အောင်မြင်မှုကို ဆက်လက် ငြင်းဆန်နေကြဆဲ ဖြစ်သည်။

ကမ္ဘာ့မည်သည့် နိုင်ငံထံကမျှ တိုက်ရိုက် စစ်ရေးအကူအညီ မရရှိဘဲ ၎င်းတို့ ထိုသို့ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော ၁၄ လ အတွင်း သက်သေထူခဲ့ပြီး ဖြစ်သည့်အတိုင်း မြန်မာနိုင်ငံ၌ စစ်မှန်သော ငြိမ်းချမ်းရေး လမ်းကြောင်းကို ရှာဖွေရန် ပြည်သူတို့၏ အမှတ်သညာကြီးမှုများ၊ စိတ်ပိုင်းဖြတ်မှုများကို သံတမန်များက နားလည်ရန် အရေးကြီးသည်။

အဆိုပါ စိတ်ပိုင်းဖြတ်မှုနှင့် အစွမ်းအစ ထုတ်နိုင်မှုများသည် မြန်မာ့အနာဂတ်၌ ဆက်လက် မတည်ရှိနိုင်တော့သော ရွံစရာအဖွဲ့အဖြစ် တပ်မတော်အား လူအများ၏ ရှုမြင်လာမှုအပေါ် အခြေခံ၍ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။
===============

(ဤဆောင်းပါးမှာ ဧပြီလ ၂၁ ရက်နေ့ The Diplomat တွင် ဆရာထွန်းမြင့် ရေးသားထားသည့် “How the Coup Shattered the Image of Myanmar’s Military” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆို ထားခြင်းဖြစ်သည်။ ယခုဆောင်းပါး၏ ပထမအပိုင်း “အာဏာသိမ်းမှုကြောင့် အဖွဲ့အစည်းသိက္ခာ ပြိုလဲသွားသော ရွံ့စရာ မြန်မာစစ်တပ်” ကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါ လင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
https://www.facebook.com/385165108587508/posts/1482854882151853/?d=n

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article