25 C
Yangon

မင်းအောင်လှိုင် တခမ်းတနားတွေ့ဆုံခဲ့သည့် တာတာစတန်သမ္မတဆိုသူသည် လွတ်လပ်သောနိုင်ငံ့ခေါင်း ဆောင် အဆင့်မဟုတ်ဘဲ ရုရှားလက်အောက်ခံ လူဦးရေ ၄ သန်းနီးပါးရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖယ်ဒရယ်ဒေသ ခေါင်းဆောင်သာဖြစ်

Must read

ရန်ကုန်၊ ဧပြီ ၂၉

အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တခမ်းတနားတွေ့ဆုံနေသည့် တာတာစတန် သမ္မတ Mr. Rustam Nurgaliyevich Minnikhanov သည် လွတ်လပ်သော နိုင်ငံတစ်ခု၏ ခေါင်းဆောင်မဟုတ်ဘဲ ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၏ လက်အောက်ခံ လူဦးရေ ၄ သန်းနီးပါးရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖယ်ဒရယ် ဒေသ The Republic of Tatarstan၏ ခေါင်းဆောင်သာ ဖြစ်ကြောင်း သိရှိရသည်။

ဧပြီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တာတာစတန်နိုင်ငံ၏ သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ရောက်ရှိလာပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဟုဆိုကာ မင်းအောင်လှိုင်က တခမ်းတနားဖြင့် ဂုဏ်ပြု ကြိုဆိုမှုများ၊ လာရောက်လည်ပတ်မှုအတွက် ဂုဏ်ယူသော သတင်းဖော်ပြမှုများ စစ်ကောင်စီက လုပ်ဆောင်လျက်ရှိသည်။

တာတာစတန်သည် ရုရှားဖယ်ဒရေးရှင်းလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နိုင်ငံဟု အမည်တပ်ထား) တစ်ခုဖြစ်ပြီး ရုရှားဗဟိုအစိုးရနှင့် တာတာစတန်တို့အကြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသိအမှတ်ပြု စာချုပ်များ နှစ်စဉ် သက်တမ်းတိုးချုပ်ဆို၍ ရပ်တည်နေရသော ရုရှားလက်အောက်ခံ ဒေသတစ်ခုလည်းဖြစ်သည်။

တာတာစတန်နှင့် မော်စကိုတို့ကြား ပထမဆုံး အာဏာခွဲဝေရေးစာချုပ်ကို ရုရှားသမ္မတ ဘောရစ်ယဲလ်ဆင်နှင့် ထိုအချိန် တာတာစတန်သမ္မတ မင်တီမာ ရှာမီယက်ဗ်တို့က ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဖယ်ဒရယ်စာချုပ်အရ တာတာစတန်သည် ရုရှားဗဟိုအစိုးရက ပေးအပ်သည့် ကိုယ်ပိုင်ဥပဒေပြဋ္ဌာန်းခွင့်၊ အခွန်ကောက်ခံခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်တို့ အပါအဝင်စသည့်အခွင့်အရေးများကို ကျယ်ပြန့်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသည်။

၂၀၀၀ ခုနှစ်တွင် ဗလာဒီမာပူတင်ကို အာဏာရယူလာပြီးနောက် ဖက်ဒရယ်စနစ်၏မူများကို အပြောင်း အလဲပြုလုပ်ပြီး မူလသဘောတူညီထားသော စာချုပ်များကို ဖျက်သိမ်းကာ တင်းကျပ်သော ဖက်ဒရယ်ဥပဒေအသစ်များ ပြဋ္ဌာန်းခဲ့သည်။ သို့သော်လည်း တာတာစတန်နှင့်အတူ ချေချင်းညာတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖက်ဒရယ် အထူးအခွင့်အရေးများ ပေးထားသည်။

တာတာစတန်၏ စီးပွားရေး၊ ဂေဟစနစ်၊ ယဉ်ကျေးမှုနှင့် အခြားမူဝါဒများနှင့် ပတ်သက်၍ ရှရှားအစိုးရကို တင်ပြ၍ ပူးတွဲ ဆုံးဖြတ်ချက်များ ချပိုင်ခွင့်ရှိသည်ဟု ၂၀၀၇ ခုနှစ်တွင် သဘောတူညီခဲ့သည်။

ရှရှားက တာတာစတန်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးနိုင်ငံကူးလက်မှတ် ထုတ်ဝေခွင့်ပြုထားပြီး တာတာစတန်သမ္မတရာထူးအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် တာတာစတန်စကားနှင့်ရုရှားစကား နှစ်မျိုးစလုံး ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်ဟု ရှရှားအစိုးရက သတ်မှတ်ပြဋ္ဌာန်းထားသည်။

တာတာစတန်သည် ရုရှားနိုင်ငံအလယ်ပိုင်းရှိ မွတ်စလင်အများစုနေထိုင်သည့်ဒေသဖြစ်ပြီး ရုရှားနိုင်ငံလက်အောက်ခံ ဒေသများဖြစ်သည့် Bashkortostan၊ Chuvashia၊ Mari El၊ Udmurtia၊ Mordovia နှင့် နယ်နယ်မိတ်ထိစပ်ထားသော ရှရှားလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုသာဖြစ်သည်။

ဓာတ်ပုံ- ရုရှားလက်အောက်ခံ တာတာစတန်နိုင်ငံ၏ သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့်တွေ့ဆုံပြီး ပျော်မြူးနေသည့် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article