31 C
Yangon

တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း (မှော်ဘီ)မှ CDM သူနာပြုဗိုလ်ကြီး ခင်ပပထွန်းနှင့်တွေ့ဆုံခြင်း

Must read

By ရန်ကုန်ခေတ်သစ်

“စစ်တပ်က ပြည်သူတွေကို သတ်တယ်၊ သစ္စာဖောက်တယ်၊ ဒီနိုင်ငံကိုလည်း ဖျက်ဆီးတယ်။ တပ်ထဲမှာ အာဏာသိမ်းတာကို မကြိုက်တဲ့သူက ရာခိုင်နှုန်းအားဖြင့်ဆို ၈၅ ရာခိုင်နှုန်းလောက် ရှိတယ်။ မတရားအာဏာသိမ်းတာကိုတော့ သူတို့ သိပါတယ်။ ပြည်သူတွေကို သတ်တဲ့အခါမှ ပြည်သူတွေရဲ့ မုန်းတီးမှုတွေ စက်ဆုပ်မှုတွေကို ခံစားရတယ်။ တပ်ထဲမှာ အင်အားက နည်းလာပါတယ်၊ နောက်ပိုင်း တပ်ထဲကို ဝင်မယ့်သူက မရှိသလောက်နည်းတယ်”

သူနာပြုဗိုလ်ကြီး ခင်ပပထွန်း တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း (မှော်ဘီ)နှင့် ခင်ပွန်းဖြစ်သူ ဗိုလ်ကြီးဟောင်း သင်းအောင်ထွေး (တပ်မတော်ဆေးတက္ကသိုလ် အပတ်စဉ် ၃) တို့သည် စစ်အာဏာရှင်ကို စွန့်ခွာကာ CDM ပြုလုပ်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလာခဲ့သည်။

CDM သူနာပြုဗိုလ်ကြီး ခင်ပပထွန်းသည် စစ်မှုထမ်းသက် ၂၀ ကျော်ရှိသူဖြစ်ပြီး CDM ပြုလုပ်လာသည့်အကြောင်းအရင်းများ၊ တပ်တွင်းအခြေအနေများနှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဆရာမ CDM လုပ်လာတဲ့အကြောင်း ရှင်းပြပေးပါဦး။

ဖြေ။ ။ ကျမကတော့ အရင်တုန်းက chemical ပိုင်းမှာပါ၊ ဆေးရုံတွေမှာ သူနာပြု အရာရှိတယောက်အနေနဲ့ တာဝန်ထမ်းဆောင်ပါတယ်။ အခုကျတော့ တပ်မတော် ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းမှာ သင်တန်းတာဝန်ခံအရာရှိ သင်ကြားရေးပိုင်းမှာ တာဝန်ယူရပါတယ်။

တပ်ထဲမှာနေရာတာ ကျမတို့ စိတ်နဲ့ကျ အဆင်မပြေဘူးလေ။ ကျမတို့က စာချုပ်နဲ့ ချုပ်ထားတာ ဖြစ်တာကြောင့်မို့ ၂၀၂၅ခုနှစ် ၃ လပိုင်းကျရင် ထွက်လို့ ရပြီပေါ့။ အဲဒီအချိန်မှာ ထွက်ဖို့ ဆုံးဖြတ်ပြီးသားပါ။ ဒါပေမယ့် ဒီ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တယ်၊ သိမ်းလိုက်တဲ့နောက်မှာ ပြည်သူလူထုကို ဆန္ဒပြတဲ့ကလေးတွေကို အကြောင်းမဲ့ သတ်ဖြတ်တယ်၊ ပစ်သတ်တာတွေရှိတယ်၊ နောက် ဖမ်းဆီးတယ်၊ ညှင်းပန်းတယ်။ နောက် စစ်ကြောရေးမှာ သေသွားတာတွေလည်း အများကြီးပေါ့နော်၊ ကျမ အဲဒါတွေကို ကြားရတဲ့အခါ တော်တော် စိတ်မကောင်းဘူး။

ပြည်သူတွေ အရမ်းမုန်းတီးနေတဲ့ အဖွဲ့အစည်းထဲမှာ ကျမနေရာတာကို တော်တော်ကို စက်ဆုပ်ပါတယ်။ တော်တော်ကို အဆင်မပြေဘူး၊ နဂိုတည်းကလည်း ထွက်ဖို့ စီစဉ်ပြီးသားပါ။ CDM လုပ်ဖို့ဟာလည်း ကျမတို့ စဉ်းစားထားပေမယ့် ကျမက မိသားစုရှိတယ် တယောက်တည်းသမား မဟုတ်တဲ့အခါကျတော့ လမ်းကြောင်းရွေးတယ်ပေါ့နော်၊ အချိတ် အဆက်ရှာတယ်၊ နောက်လမ်းခရီးမှာ အဆင်ပြေအောင် ပြင်ဆင်ခဲ့ရတာတွေ အများကြီး ရှိပါတယ်။

မေး။ ။ ဆရာမမှာ ဆယ်ကျော်သက်အရွယ် သားနဲ့ သမီးရှိတယ်ပေါ့နော် သူတို့ကရော ဘယ်လိုသဘောထားရှိလဲဗျ။

ဖြေ။ ။ ကျမ သားသမီးတွေကလည်း ဒီအဖွဲ့အစည်းကို မကြိုက်ပါဘူး၊ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ သူတို့လည်း အပြင်မှာ သွားနေပါတယ်၊ တပ်ထဲမှာ မနေပါဘူး။ ကျမ တယောက်ပဲ တပ်ထဲမှာ ကျန်တာပေါ့နော်၊

CDM လုပ်ဖို့ စဉ်းစားတယ်၊ ကျမတို့ လမ်းကြောင်းရှာကြတယ်။ ကလေးတွေကို ပထမ ၁ နှစ်ကလည်း ကိုဗစ်ကြောင့် ကျောင်းမထားဘူး၊ ဒုတိယ ၁ နှစ်ကလည်း အာဏာသိမ်းတာကို မကျေနပ်တဲ့အတွက်ကြောင့်မို့ ကျောင်းမထားခဲ့တာပါ။ သူတို့လည်း ကျောင်းမတက်ရတာ ၂ နှစ်ကျော်ပြီပေါ့။ ဒါပေမယ့် အိမ်မှာ ဆရာခေါ်ပြီးတော့ သင်ပါတယ်။

မေး။ ။ မင်းအောင်လှိုင် စစ်အာဏာသိမ်းလိုက်တာကို တပ်ထဲမှာ ဘယ်လိုသဘောထားရှိကြလဲ။ သူတို့အတွက် CDM လုပ်ဖို့ အခက်အခဲက ဘာဖြစ်နေလဲ။

ဖြေ။ ။ တပ်ထဲမှာ အာဏာသိမ်းတာကို မကြိုက်တဲ့သူက ရာခိုင်နှုန်းအားဖြင့်ဆို ၈၅ ရာခိုင်နှုန်းလောက် ရှိတယ် ထင်ပါတယ်၊ အခြားအဆင့်တွေရော အရာရှိတွေရောပေါ့နော်၊ အများအားဖြင့်ကတော့ မကြိုက်ကြပါဘူး၊ မတရားအာဏာသိမ်းတာကိုတော့ သူတို့ သိပါတယ်။

နောက် ဒီလို သတ်ဖြတ်နေတာကိုလည်း မကြိုက်ကြပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ အသက်ရှင်ရပ်တည်ရေး၊ မိသားစုအတွက် နောက် လုပ်ခဲ့တဲ့ စစ်သက်တွေ ငဲ့ပြီးတော့ သည်းခံပြီးတော့ တော်တော်များများက ဆက်လုပ်နေကြတာပါ။ နောက်ပြီးတော့ CDM လုပ်ဖို့ မဆုံးဖြတ်ရဲကြဘူးပေါ့၊ အဲဒီအတွက်နဲ့ ဆက်လုပ်နေကြတာပေါ့၊ စိတ်ကတော့ မပါကြတော့ပါဘူး။

အဓိက အခက်အခဲကတော့ တပ်ထဲက မိသားစုတွေကို ထိန်းချုပ်ထားတယ်၊ ကျမကတော့ မိသားစုကို အပြင်မှာ ထွက်နေခိုင်းတယ်၊ သူတို့ကျောင်းထားခိုင်းပေမယ့် ကျမ ကျောင်းမထားဘူးပေါ့၊ ကျမက ခေါင်းမာတဲ့ လူဆိုတော့လေ။ ဟို တချို့ကတော့ အငြိုငြင်မခံဘူးပေါ့နော်၊ ကြောက်ကြတဲ့အခါကျတော့ အမိန့်အာဏာနဲ့ အုပ်ချုပ်နေတာကိုး အကြောက်တရားနဲ့ အုပ်ချုပ်နေတာဆိုတော့ တပ်ထဲမှာက လိုက်ပြီးတော့ လုပ်နေရတဲ့သူတွေ အများကြီးရှိတာပေါ့။

မေး။ ။ တပ်ထဲမှာ အခွင့်အရေးဆုံးရှုံးတာတွေ၊ ပိုက်ဆံတွေ ဖြတ်ခံရတာတွေ ရှိတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်၊ အဲဒါပြောပြပါဦးဗျ။

ဖြေ။ ။ တပ်ထဲမှာက ဝန်ထမ်း ၁ ယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတယ်၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာတွေက အများကြီးပဲ။ အသက်အာမခံပေါ့နော်၊အောင်မြင့်မိုရ်မင်း အသက်အာမခံဆိုလည်း မဖြစ်မနေ လစာထဲကနေ ထားရတယ်၊ နောက်ပြီးတော့ ဦးပိုင်က ကျမတို့ပိုက်ဆံတွေကို လစာထဲကနေ ရိက္ခာစုငွေထဲကနေ မတရား ဖြတ်ယူတာတွေ ခံနေရတယ်။ နောက် ဘဏ်စုငွေဆိုရင် ဒါ မထားမနေရ ထားရတယ်။ တချို့တွေရဲ့ ဘဏ်စုငွေတွေဆိုရင် အလွဲသုံးစားလုပ်တာတွေ ခံနေရတယ်။ မတရားသဖြင့် ခံနေရတာတွေက အများကြီးပဲပေါ့။

ညှင်းပန်းနှိပ်စက်တာက သူတို့ကို ကပ်ဖားပြီး လုပ်တဲ့သူဆိုရင် အခွင့်အရေးက တမျိုး၊ ဒီအတိုင်း ပုံမှန် ကိုယ့်အလုပ် ကိုယ်လုပ်နေတဲ့သူတွေက တမျိုးပေါ့။ အဲလို ခွဲခြားဆက်ဆံခံရတာတွေ အများကြီး ရှိတယ်။

နောက်ပြီး ကျမတို့အဖွဲ့က လူတွေဆိုလည်း မနားရဘူးပေါ့နော်၊ ညဘက်ဆိုလည်း ကင်းစောင့်ရတာရှိတယ်၊ လုံခြုံရေးယူရတာတွေရှိတယ်၊ နေ့ခင်းဘက်ကျရင် မူရင်းတာဝန်တွေကို လုပ်ဆောင်ရတာရှိတယ်။ နေ့ရော ညရော မနားရဘူး။

မေး။ ။ ဒီလိုမျိုး စစ်သူနာပြုတွေတောင် ကင်းစောင့် လုံခြုံရေးတွေ လုပ်ရပြီဆိုတော့ တပ်ထဲမှာ တပ်သားအင်အားက တော်တော်နည်းနေပြီလား။

ဖြေ။ ။ တပ်ထဲမှာ အင်အားက နည်းလာပါတယ်၊ နောက်ပိုင်း တပ်ထဲကို ဝင်မယ့်သူက မရှိသလောက်နည်းတယ်။ ရှိတဲ့အထဲက ထွက်သွားတာတွေ ပြုန်းတီးအင်အားက များတယ်ပေါ့နော်၊ CDM လုပ်တဲ့အဖွဲ့တွေလည်း ရှိတယ်။ အခုနောက်ပိုင်းမှာ တာဝန်တွေက ၂ ဆ ၃ ဆ ဖြစ်လာတာပေါ့၊

ဒီလုံခြုံရေးထွက်ရတာတွေ ရှိတယ်၊ ကင်းစောင့်ရတာတွေ ရှိတယ်။ ပင်ပန်းလာကြတယ်၊ စိတ်မသက်မသာဖြစ်လာကြတယ်။ ဒါပေမယ့် ထွက်ဖို့ကြတော့ မိသားစုကို ငဲ့နေရတာတွေ ရှိတယ်၊ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။

မေး။ ။ ပြည်သူတွေက ဒီ စစ်တပ်ကို ဆန့်ကျင်နေတာကို ဆရာမတို့ သိမှာပေါ့၊ ဘယ်လိုခံစားရလဲ။

ဖြေ။ ။ ပြည်သူတွေကို သတ်တဲ့အခါမှ ပြည်သူတွေရဲ့ မုန်းတီးမှုတွေ စက်ဆုပ်မှုတွေကို ခံစားရတယ်၊ ဘေးမှာရှိတဲ့ ရွာတွေက ညဘက်ဆို သံပုံးတွေ တီးကြတယ်။ နောက်ပိုင်းကျတော့ ဖမ်းတာတွေ ရှိတော့ မတီးကြတော့ဘူး၊ သံပုံးတီးတဲ့အသံတွေ ကြားတော့ တော်တော်ခံစားရတယ်။

ကိုယ်က ဒီအဖွဲ့အစည်းထဲမှာ ရောက်နေတဲ့အခါကျတော့ ယုတ်မာမှုတွေကို ကိုယ်က မလုပ်ပေမယ့် ဒီယူနီဖောင်းဝတ်ထားရင် ကိုယ်က ထောက်ခံအားပေးသလို ဖြစ်နေတာကိုး။ တော်တော် စိတ်မကောင်းဘူး၊ ပြည်သူတွေရဲ့ ခံစားချက်ကို နားလည်တယ်၊ အဲဒါကြောင့် ဘယ်လိုထွက်ရမလဲဆိုတာကို တချိန်လုံး တွေးနေခဲ့တာပေါ့နော်။ ဒီသတ်တာတွေ၊ ဖြတ်တာတွေ၊ မတရားသဖြင့် လုပ်နေတာတွေ၊ မီးရှို့နေတာတွေကို ကြားရတာတော်တော်လည်း စိတ်မချမ်းသာဘူး။

ကျမတို့က ဒီအဖွဲ့အစည်း တပ်မတော် ထဲမှာ ရောက်နေပေမယ့် ပြည်သူ့လစာစားနေတဲ့ ပြည်သူ့ ဝန်ထမ်းပဲလေ။ ဒါပေမယ့် တချို့တွေကကြတော့ ဒီအဖွဲ့အစည်းက သပ်သပ်၊ နိုင်ငံက သပ်သပ် တွေ့နေတဲ့သူတွေလည်း ရှိတာပေါ့နော်။ အဲတော့ နိုင်ငံအပေါ်နဲ့ ပြည်သူအပေါ်မှာ သစ္စာစောင့်သိဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းထဲမှာနေပြီးတော့ အခုနောက်ပိုင်းမှာ ပြည်သူတွေကို သတ်တယ်၊ သစ္စာဖောက်တယ်၊ ဒီနိုင်ငံကိုလည်း ဖျက်ဆီးတယ်ပေါ့၊ အဲလို လုပ်ရပ်တွေကို ဒီအဖွဲ့အစည်းထဲမှာ ဆက်နေပြီးတော့ ဒီယူနီဖောင်း ဝတ်ထားတယ်၊ သစ္စာလေးချက်ကိုလည်း အရင်လိုပဲ လိုက်ဆိုနေတယ်ဆိုရင် ပြည်သူကို သစ္စာဖောက်ပြီးတော့ သစ္စာလေးချက်ကို ဖောက်နေတာ မဟုတ်သေးဘူးလို့ ကျမ မြင်တယ်။

မေး။ ။ အခု ဆရာမတို့ အဆင်ပြေလား၊ ဘယ်လိုရှိလဲဗျ။

ဖြေ။ ။ အရင် CDM လုပ်သွားတဲ့ အဖွဲ့တွေက ကူညီပါတယ်၊ အရပ်သားဝန်ထမ်းတွေရော တပ်ထဲကရော အများကြီး ကူညီပါတယ်။ ထွက်လာဖို့က အစ အဆင့်ဆင့် ဒီမှာ နေဖို့ထိုင်ဖို့က အဆုံး အများကြီး ကူညီကြပါတယ်။ ပြည်သူ့ရင်ခွင်အဖွဲ့ကလည်း အများကြီး ကူညီပါတယ်။

မေး။ ။ တပ်ထဲမှာ ကျန်ခဲ့တဲ့သူတွေကို ဆရာမ ဘယ်လို သတင်းစကားပါးချင်လဲ။

ဖြေ။ ။ အများအားဖြင့်က တပ်ထဲမှာ နေတဲ့သူတွေ များတော့ မိသားစုကို ငဲ့ရတာတော့ ရှိတာပေါ့နော်၊ အဓိကကတော့ စိတ်ဓါတ်ပါပဲ၊ စိတ်ဓါတ်က အမှန်ကို မြင်နိုင်ရမယ်ပေါ့နော်။ ကိုယ့်ဘဝက လူတစုအတွက် အသုံးချခံနေရတယ်ဆိုတာ အမှန်ကို မြင်ဖို့ရယ်၊ အမှန်မြင်ပြီးတော့ ရုန်းထွက်ဖို့ကတော့ အဓိကက သတ္တိရှိဖို့ပါပဲ။ သတ္တိရှိရှိနဲ့ ဆုံးဖြတ်ဖို့ပဲ လိုတာပါ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article