25 C
Yangon

ကော့မှူး၊ ကျိုက်ထော်ကျေးရွာမှာ ရဲတပ်ကြပ် ထွန်းလင်း ဦးဆောင်တဲ့ လူအုပ်စုနဲ့ ဒလမြို့နယ် စစ်တပ်အကြား လူစုလူဝေးပုံစံဖြင့် စကားများ ပဋိပက္ခဖြစ်၊ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ရန် ကြိုးစားမှုကြောင့် ရဲတပ်ကြပ်ထွန်းလင်း ဒဏ်ရာအပြင်းအထန်ရ

Must read

ရန်ကုန်၊ မေ ၄

ရန်ကုန်တိုင်း ဒလမြို့နယ်မှာ သင်္ကြန်ကာလ ရဲတွေနဲ့ ပစ်ခတ်မှုဖြစ်တဲ့အထိ စကားများ ရန်ဖြစ်ခဲ့တဲ့ ဒလအခြေစိုက် စစ်တပ်ဟာ မေလ ၃ ရက်နေ့မှာ ရဲတစ်ဦးဖြစ်တဲ့ ရဲတပ်ကြပ် ထွန်းလင်းကို သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ ပစ်ခတ်ခဲ့ရာမှာ ရဲတပ်ကြပ် ထွန်းလင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပါတယ်။

ရန်ကုန်တိုင်း ကြည့်မြည်တိုင်မြို့နယ်ရဲတပ်ဖွဲ့၊ စက်ဆန်းနယ်မြေ ရဲစခန်းမှ ရဲတပ်ကြပ် ထွန်းလင်း(လ-၁၆၆၆၈၄) ဟာ ဖခင်ဖြစ်သူ နာရေးနှစ်ပတ်လည်အတွက် မွေးရပ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာကို သွားရောက်ခဲ့ပါတယ်။

မေလ ၃ ရက်နေ့မှာတော့ ဒလမြို့နယ်မှ စစ်တပ်စစ်ကြောင်းတစ်ခုက ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာအဝင် မီးသတ်ရုံးမှာ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ် ဆောင်ပြီး ဆိုင်ကယ်တွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလိုစစ်တပ်က ဆိုင်ကယ်တွေကို ဖမ်းဆီးရာမှာ ရဲတပ်ကြပ် ထွန်းလင်းရဲ့ မိတ်ဆွေ ၂ ဦးရဲ့ ဆိုင်ကယ်ကို အပြစ်မရှိဘဲ ဖမ်းဆီး သိမ်းဆည်းခဲ့ပါတယ်။ ရဲတပ်ကြပ် ထွန်းလင်းက သူ့မိတ်ဆွေ ဆိုင်ကယ် ၂ စီးကို အပြစ်မရှိဘဲ ဖမ်းတဲ့အတွက် သွားရောက် ပြောဆိုရာမှာ စစ်သားတွေနဲ့ ရဲတပ်ကြပ် ထွန်းလင်း အပြန်အလှန် စကားများ ရန်ဖြစ်ကြပါတယ်။

အဲဒီအချိန်မှာ ကျေးရွာသားတချို့ ထွက်လာပြီး ရဲတပ်ကြပ်ထွန်းလင်းဘက်က စုဝေးလာပါတယ်။ စစ်တပ်ကို ရွာသားတချို့က ပြန်၀ိုင်းလိုက်ကြပါတယ်။ ရဲတပ်ကြပ်ထွန်းလင်းနဲ့ ရွာသားတချို့က တစ်ဖက်၊ စစ်တပ်က တစ်ဖက် ဖြစ်ကုန်ပါတယ်။

အဲဒီလို လူစုလူဝေးဖြစ်နေချိန်မှာ စစ်တပ်ဘက်က ရဲတပ်ကြပ်ထွန်းလင်းကို သတ်ဖြတ်ဖို့အတွက် သေနတ်နဲ့ လိုက်ပစ်ပါတော့တယ်။ လူစုခွဲစေဖို့လည်း စစ်တပ်က ပစ်ခတ်မှုတွေ လုပ်ဆောင်ပါတယ်။

နောက်ဆုံး ရဲတပ်ကြပ်ထွန်းလင်း ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိသွားပါတယ်။ လူအုပ်က ရဲတပ်ကြပ်ထွန်းလင်းကို ရွာထဲ ပြန်ခေါ်သွားကြပြီး နောက်ဆုံးမှာ ကျိုက်ထော်နယ်မြေရဲစခန်းမှူး ရဲအုပ်စန်းမြင့်နိုင် ဦးတဲ့ ရဲအင်အား ၆ ဦးပါ အဖွဲ့ ရောက်ရှိလာပါတယ်။

ရဲတပ်ကြပ်ထွန်းလင်းကို ကျိုက်ထော်တိုက်နယ်ဆေးရုံ တင်ပို့ခဲ့ပြီး မေလ ၃ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်မှာ မသက်သာလို့ အမှတ် ၁ စစ်တပ်ဆေးရုံကြီး (ကုတင်-၁၀၀၀) ကို ရွှေကျိုက်ထော် လူမှုကူညီရေးလူနာတင်ကားနဲ့ ပို့ဆောင်ခဲ့ရပါတယ်။

ဒလမြို့နယ်မှာ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့မှာ စစ်တပ်နဲ့ ရဲ ရန်ဖြစ်ပြီး သေနတ်ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ နောက်ဆုံး ဒလမြို့နယ် သင်္ကြန်မဏ္ဍပ်ကို ဖြုတ်သိမ်းလိုက်ရပါတယ်။

ဒလမှာရှိတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအကြားမှာ ပစ်ခတ်မှုဖြစ်တဲ့အထိ ပြဿနာတက်ခဲ့တာမို့ ကျိုက်ထော်ကျေးရွာမှာ ရဲတပ်ကြပ်ထွန်းလင်းကို စစ်တပ်ဘက်က ပစ်သတ်ဖို့ ကြိုးစားခဲ့တာလို့ ဒေသခံတွေက ဆိုကြပါတယ်။

ဓာတ်ပုံ- လုံခြုံရေးယူနေတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တချို့။(ပုံအဟောင်းဖြစ်ပါသည်)

Photo- Agencies။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article