25 C
Yangon

ရေဦး နှောကုန်းရွာသူ အမျိုးသမီး ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူ ပိုင်နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီး၊ ခင်ဦး ရွှေကူတဲစုရွာ ကိုလည်း ပျူစောထီး အဖွဲ့များ မီးဝင်ရှို့၍ ပြည်သူပိုင် နေအိမ် ၆ လုံး ပြာကျ

Must read

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် နှောကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၆ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ အမျိုးသမီး ၁ ဦးကို ပစ်သတ်ကာ ပြည်သူပိုင် နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် နှောကုန်းကျေးရွာကို ယနေ့ နံနက် ၉နာရီ ၃ဝ မိနစ်ခန့်တွင် ကား ၃စီးဖြင့် ရောက်ရှိလာပြီး သေနတ်များ ပစ်ဖောက်ကာ ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ အမျိုးသမီး ၁ ဦးကို ပစ်သတ်ကာ ကျန် ၁ ဦးမှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူပိုင် နေအိမ် ၈လုံးနှင့် ကောက်ရိုးပုံ ၃ ပုံကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွှေကူတဲစုရွာကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး အဖွဲ့များက ယနေ့ မေလ ၆ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ဝင်ရောက် စီနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ပျဉ်ထောင်ကျေးရွာမှ အကြမ်းဖက် စကစလက်အောက် ခံ ပျူစောထီးများက ရွှေကူတဲစုရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ် ၆လုံး မီးလောင် ပြာကျကာ ပြည်သူများ မွေးမြူထားသည့် ဝက် ၁ ကောင်နှင့် ကျွဲ ၃ ကောင်ကို ပစ်သတ်သွားခဲ့ပြီး နေအိမ်များရှိ စားသောက် ကုန်ပစ္စည်း များကိုလည်း ခိုးယူသွားကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် ဝင်ရောက်စီးနင်း မီးရှို့ခဲ့သော နှောကုန်းရွာမှ ပြည်သူပိုင် နေအိမ်များ (ပြည်သူ့ ကာကွယ်ရေး အဖွဲ့ – ရေဦးမြို့နယ်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article