By Western News – မေ ၁၇ ရက်
စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က ဖိတ်ခေါ်ထားသည်။
စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို UWSA/NDAA/SSPP/RCSS/NMSP /ALP/ PNLO/DKBA/KNU-PC တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၉ဖွဲ့ကတက်ရောက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင်ကြေညာထားသည်။
စစ်ကောင်စီက လက်ရှိ ရခိုင်ပြည်နယ်တွင် ULA/ AA၏ အုပ်ချုပ်ရေး၊တရားစီရင်ရေးတို့အပြင် စစ်ရေးအရလည်း အင်အားတိုးချဲ့မှုဆက်တိုက်ရှိနေသည့်အတွက် လက်ရှိအခြေအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံနွေးဆွေးရန်မဖြစ်နိုင်ဟု ULA/AA၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကိုပြောသည်။
“မြန်မာစစ်တပ်ရဲ့တပ်ဖွဲ့တွေက မြေပြင်မှာ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ရဲ့ပြည်သူတွေကို ဒုက္ခပေးဖို့ကြိုးစားနေတာရှိတယ်။ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးတွေကို တောက်လျှောက် နှောင့်ယှက်နေတာတွေရှိတယ်။ဆိုတော့ ဒီဟာတွေအားလုံးဟာ ဘာတစ်ခုမှ အကောင်းဖက်ကို ဦးတည်မနေဘူး။ တစ်ဖက်မှာလည်း သူတို့ငြိမ်းချမ်ရေး ဆွေးနွေးဖို့ဖိတ်ခေါ်တယ်။ တစ်ဖက် မှာလည်း မြေပြင်မှာစစ်အင်အားတွေကိုအလုံးအရင်း တိုးချဲ့ပြီး အချိန်မရွေးကျွန်တော်တို့ကို တိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိနေတယ်။ဒါကြောင့်ယုံကြည်လို့မရဘူးပေါ့။သူတို့ရဲ့ လုပ်ဆောင်မှုက သူတို့ရဲ့စိတ်နေသဘောထားကိုပြတယ်။ဒါကြောင့်မို့ ဒီလိုအနေအထားနဲ့ တစ်ဖက်နဲ့တစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ဆိုတာမဖြစ်နိုင်ဘူး”ဟု ဆိုသည်။
အမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလားလျှင် ငြိမ်းချမ်းရေးရလောက်သည့် အပြောအဆို အပြုအမူ အလုပ် အကိုင်ကိုလုပ်ဖို့လိုအပ်ကြောင်း နှစ်ဖက်ယုံကြည်မှုကို တည်ဆောက်ဖို့လည်း လိုအပ်သည်ဟု ဆက်လက်ပြောကြားသည်။
ယင်းပြင် စစ်ကောင်စီဖက်က ရခိုင်ပြည်သူများအပေါ် ဖိနှိပ်မှုများ ရပ်တန့်သင့်ပြီဖြစ်ကြောင်း ဖိနှိပ်မှုများဆက် လက်လုပ်ဆောင်နေလျှင် ပြေလည်စရာအကြောင်းမရှိဟု ရက္ခိုင့်တပ်တော် AA ၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။
“နှစ်ဖက်ယုံကြည်မှုကို တည်ဆောက်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ ပြည်သူတွေကို ဖိနှိပ်နေတာတွေကို ရပ်တန့်ဖို့လိုတယ်။ မရပ်တန့်ရင်တော့ ပြေလည်စရာမရှိဘူးပေါ့။ ကျွန်တော်တို့ ပြောလိုတာက မြန်မာစစ်တပ်ကတပ်သားတွေအနေနဲ့ သူတို့တပ်စခန်းမှာ သူတို့နေရင် ဘာမှမဖြစ်ဘူး။ ခုလိုအင်အားတိုးတာတွေလုပ်နေသမျှ ကာလပတ်လုံးယုံကြည်မှု တည်ဆောက်လို့ရမှာ မဟုတ်သလို တွေ့ဆုံဆွေးနွေးလို့လည်း ရမှာမဟုတ်ဘူး”ဟုဆိုသည်။
ယင်းပြင် လက်ရှိဖြစ်နေသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းလိုသည့် စိတ်နေသဘောထားမြန်မာစစ်တပ်မှာရှိလျှင် ရခိုင်ပြည်တွင်းက စစ်တပ်၏ လှုပ်ရှားမှုကို ရပ်တန့်ဖို့အရေးကြီးသည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီစစ်တပ်ဖက်က ရခိုင်ပြည်နယ်အတွင်းတွင် ပြီးခဲ့သည့် မေလခန့်မှစကာ စစ်ရေးအရ အင်အားတိုးချဲ့မှုများ များစွာရှိလာသလို ကျေးရွာများကိုလည်း ဝင်ရောက်ကာ စစ်ဆေးမေးမြန်းမှုများရှိနေသည်။ ယင်းပြင် ULAတာဝန်ခံများကို လိုက်လံရှာဖွေမှုများ လူငယ်များကိုလည်း AAနှင့်ဆက်စပ်သည်ဆိုကာ ဖမ်းဆီးမှုများရှိလာနေပြီး စစ်တပ်အတွင်းမှ လက်နက်သံပစ်ခတ်မှုများရှိနေသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲမတိုင်မီကာလကတည်းက နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။ သို့သော် ယခုနှစ်တွင် မြို့နယ် တစ်ချို့၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ စစ်ရေးတင်းမာကာ တိုက်တိုက်တွေ့ဆုံမှုတို့ရှိခဲ့သည်။
(Western News-WN သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ်သည်)
ဓာတ်ပုံ- AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်။
Photo Credit- Asia Times