ရန်ကုန်၊ မေ ၂၄
ယနေ့ နံနက် ၃ နာရီကျော်ခန့်အချိန် ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် ဂုံမင်းမြောင်ကျေးရွာရှိ စစ်တပ်ကို ရိက္ခာထောက်ပံ့သူ ဦးမြင့်သိန်း၏ ဆန်စက်ကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် ဆန်စက်ပိုင်ရှင်၏ အိမ်စီးကားနှင့် ကုန်ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန်စက်ပိုင်ရှင် ဦးမြင့်သိန်းသည် တပ်မ ၆၆ ၏ ခလရ ၃၅ တပ်ရင်းသို့ ဆန် ရိက္ခာများထောက်ပံ့ပေးနေသူဖြစ်ကြောင်း၊ ဆန်စက်ပိုင်ရှင် သားဖြစ်သူ ရန်ကျော် သည်လည်း သာယာဝတီခရိုင် လုံခြုံရေးတာဝန်ခံ ဗိုလ်မှူး ရဲလင်းနိုင်နှင့် အမြဲသောက်စားမူးယစ်ရမ်းကားကာ ပြည်သူလူထုကို ထိတ်လန့်အောင် ပြုမူနေခြင်း၊ ပြည်သူများအား ဖမ်းဆီး နှိပ်စက်ခြင်းများကို စစ်တပ် ဗိုလ်မှူးအားကိုးကာ ၎င်းကိုယ်ပိုင်ရရှိထားသော သေနတ်ဖြင့် ခြိမ်းခြောက်မှု လုပ်ဆောင်ကြောင်း၊ နွားပွဲသမားများထံမှလည်း မတရားသဖြင့် မိုက်ကြေးခွဲ ငွေကြေးကောက်ခံပြီး စစ်အာဏာရှင် အလိုကျ ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း ပဲခူး PDFများက သတင်းထုတ်ပြန်သည်။
ဆန်စက်ကို မိုင်းခွဲမှုကြောင့် နံနက် ၆ နာရီကျော်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရောက်ရှိလာချိန် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦးမှ အချို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂နှင့်သာယာဝတီခရိုင် PDF တပ်ရင်း ၃၈ဝ၂ နှစ်ခုမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၏ “နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှု” အဖြစ် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မိုင်းဆွဲခံရသည့် စစ်တပ်ရိက္ခာ ထောက်ပံ့သည့် ဆန်စက်။