ရန်ကုန်၊ မေ ၂၇
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နှင့် တပ်မဟာ ၁ နယ်မြေများအတွင်းမှ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်များ ရုပ်သိမ်းဆုတ်ခွာသွားခြင်းမှာ တပ်မဟာ ၆ (ဒူးပလာယာခရိုင်) အတွင်း စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရန်သာဖြစ်ကြောင်း တပ်မဟာ ၅ (မူတြော်ခရိုင်) ဗျူဟာမှူး ဗိုလ်မှူး စောဂီနွီးက မူတြော်သတင်းစဉ်သို့ ပြောဆိုသည်။
“နယ်ခြားစောင့်တပ်နဲ့ ပတ်သက်ပြီး အားလုံးသိထားရမှာက သူတို့ တပ်ပြန်ရုပ်သိမ်းတယ်ဆိုတာက စစ်ဆင်ရေး တဖြတ်စာအတွက် ယာယီဧည့်တပ်တွေကိုပဲ ပြန်ရုပ်သိမ်းတာပါ။ နယ်ခံ နယ်ခြားစောင့်တပ်တွေဖြစ်တဲ့ ၁၀၁၁၊ ၁၀၁၃နဲ့ ၁၀၁၄ တွေကတော့ ပြန်ရုပ်သိမ်းခြင်းမရှိဘဲ နဂိုအတိုင်း ဆက်ရှိနေတယ်။ ဧည့်တပ်တွေ ပြန်ရုပ်သိမ်းသွားတာကလည်း တပ်မဟာ ၆ နယ်မြေမှာ ပြန်လှုပ်ရှားရမှာမို့လို့ပါ။ ဒီ နယ်ခြားစောင့်တပ်တွေက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်တွေ ဖြစ်သည်နှင့်အမျှ စစ်ကောင်စီကပေးတဲ့ လစာကို စားနေရတော့ သူတို့ ခိုင်းတာ အကုန်လုပ်ပေးနေရတာပေါ့” ဟု ဗိုလ်မှူး စောဂီနွီးက ပြောဆိုသည်။
KNU တပ်မဟာ ၅ ဗျူဟာမှူးဖြစ်လာသည့် ဗိုလ်မှူး စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းထားသည့် ရုပ်သံကို KNU မူတြော်သတင်းစဉ်က ယနေ့ မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ဖာပွန် (မူတြော်) ခရိုင်အတွင်း ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ၊ စစ်တပ်ရှေ့တန်းစခန်းများကို ပြင်ဆင်မွန်းမံခြင်း၊ ရိက္ခာပို့ဆောင်ခြင်းများ ဆက်လုပ်နေသည်ဟု ဗိုလ်မှူး စောဂီနွီးက ပြောဆိုထားသည်။
“တပ်မဟာ ၅ နယ်မြေအတွင်းမှာ မြေပြင်သော်လည်းကောင်း ဝေဟင်သော်လည်းကောင်း စစ်ရေးလှုပ်ရှားမှုကို သုံးသပ်ရမယ်ဆိုရင် စစ်ကောင်စီရဲ့ မြေပြင်တပ်တွေဟာ ကျနော်တို့ကို စိုးမိုးအုပ်ချုပ်နိုင်ဖို့ သူတို့စခန်းတွေကို စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်နေပါတယ်။ သူတို့ရဲ့ ရှေ့တန်းစခန်းတွေကိုလည်း ပြင်ဆင်မွန်းမံမှုတွေ လုပ်နေပါတယ်။ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းသယ်ဆောင်ဖို့အတွက် စစ်ကြောင်းငယ်တွေပါ ဖြန့်ထားပါတယ်။
ဒါတင်မကဘဲ သူတို့စခန်းတွေကနေ ပြည်သူတွေနေတဲ့ ကျေးရွာတွေနဲ့ ဥယျာဉ်ခြံမြေတွေထဲကို ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ တွေနဲ့ နေ့တိုင်း လှမ်းပစ်နေပါတယ်။ ဝေဟင်ကလည်း လေယာဉ်တွေ နေ့စဉ်လာတယ်၊ ကင်းထောက် မှတ်တမ်းယူပြီး အဲဒီနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ တခါတရံ လေယာဉ်နဲ့ ဗုံးကြဲပါတယ်၊ သူတို့ ရှေ့တန်းစခန်းတွေအတွက်လည်း စားနပ်ရိက္ခာတွေ လာချပေးပါတယ်” ဟု KNU တပ်မဟာ ၅ ဗျူဟာမှူးက ပြောဆိုသည်။
မေလ ၉ ရက်နေ့တွင် KNU တပ်မဟာ ၅ နှင့် တပ်မဟာ ၁ နယ်မြေအချို့မှ BGF တပ်ဖွဲ့ဝင်များ ကား ၆၈ စီးဖြင့် ဆုတ်ခွာသွားကြောင်းနှင့် မေလ ၂၆ ရက်နေ့တွင် တပ်မဟာ ၁ လေးကေစခန်းမှ BGF များ ထပ်မံ ဆုတ်ခွာသွားကြောင်း KNLA သတင်းရင်းမြစ်များထံမှ သိရှိရသည်။
KNU တပ်မဟာ ၁ သထုံ (ဒူးသထူ) ခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGF များ တပ်စွဲထားသော လေးကေနှင့် ဝင်းတာပန်စခန်းများမှ တပ်ဖွဲ့ဝင်များ ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရန် KNDO နှင့် KNLA တပ်များက သတိပေးထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာသွားခြင်း မရှိသည့်အတွက် အဆိုပါ စခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ ဝင်ရောက်တိုက်ခိုက်လျှက်ရှိသည်။