26 C
Yangon

မြန်မာ့အရေးတွင် အရှက်တကွဲဖြစ်နေရသည့် အာဆီယံ ကျဆင်းနေသည့် ဂုဏ်သိက္ခာ ပြန်အဖတ်ဆယ်နိုင်ပါ့မလား

Must read

By မာဇူကီ ဒါရူစမန်


ဝါရှင်တန်တွင် ကျင်းပသော အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံ ဆွေးနွေးမှုများ အပြီးသတ်သွားချိန်၌ မြန်မာ့အရေးအတွက် အာဆီယံ၏ အနာဂါတ် လမ်းကြောင်းတစ်ခုမှာ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာသည်။

မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဆာအစ်ဖူဒင်အဗ္ဗဒူလာသည် မြန်မာအမျိုးသား ညီညွတ်ရေးအစိုးရ (အင်န်ယူဂျီ)မှ သက်ဆိုင်ရာ ကိုယ်စားလှယ်နှင့် အလွတ်သဘောတွေ့ဆုံခဲ့ပြီး အာဆီယံကိုလည်း အလားတူတွေ့ဆုံရန် အဆိုပြုလာသည့်အခါ အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သည့် ဒေသဆိုင်ရာအဖွဲ့သည် နောက်ဆုံးတွင် မြန်မာစစ်အစိုးရကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းကို ဖြေရှင်းရန် ခြေလှမ်းများ စတင်လာခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေသည် လူသားချင်း စာနာမှုဆိုင်ရာ ကြီးမားသော အရေးပေါ် အခြေအနေ ဖြစ်သဖြင့် မြန်မာပြည်သူများမှာ အာဆီယံ၏ အရေးယူဆောင်ရွက်မှုကို အချိန်ကြာကြာ ထပ်မံ စောင့်ဆိုင်းနိုင်စွမ်း မရှိကြတော့ပေ။ အာဆီယံအနေဖြင့် မိမိ၏ ယုံကြည်လေးစားခံရမှုကို အဖတ်ဆယ်လိုပါက မြန်မာ့အရေးအတွက် တစ်ကမ္ဘာလုံးက ကြီးမားသည့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် ဆော်ဩကြရမည် ဖြစ်သည်။

အချိန်ကိုက် ဆောင်ရွက်နိုင်မှုသည် အာဆီယံနှင့် မြန်မာပြည်သူများအတွက် အရေးကြီးနေသည်။ စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းယူထားသည်မှာ ၁၅ လကျော် ကြာမြင့်လာပြီဖြစ်သည့် ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေးတစ်ခု ကျရောက်နေပြီ ဖြစ်သည်။

စစ်တပ်ကြောင့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသော လူဦးရေ စုစုပေါင်းမှာ ၁၄ သန်းခန့်အထိ တိုးပွားလာခဲ့ပြီး ယင်းအရေအတွက်သည် ယူကရိန်းစစ်ဘေးကြောင့် တိမ်းရှောင်နေရသူ အရေအတွက်၏ သုံးဆနီးပါးအထိ ရှိနေသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ပြင်းထန်လာသည်နှင့်အမျှ အာဖဂန်နစ္စတန်၊ အီရတ်၊ ဆီရီးယားနှင့် ယီမင်နိုင်ငံများ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို ကျော်လွန်ကာ လူ ၅ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ အများစုမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ(အီးအာရ်အို)နှင့် အင်န်ယူဂျီ၏ မဟာမိတ်ဖြစ်ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပီဒီအက်ဖ်) များ ထိန်းချုပ်ထားသည့် မြန်မာနယ်စပ်ဒေသ တစ်လျှောက် ကျယ်ပြန့်သော နယ်မြေများ၌ စစ်တပ်၏ တိုက်ခိုက်မှုများမှ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြသူများဖြစ်သည်။

မြန်မာ့အကျပ်အတည်းသည် အာဆီယံဒေသတစ်ခုလုံး၏ တည်ငြိမ်မှုကို ခြိမ်းခြောက်လျက်ရှိသည်။ သို့တိုင်အောင် အာဆီယံအဖွဲ့၏ တုံ့ပြန်ဆောင်ရွက်မှုမှာ ယုတ္တိကင်းမဲ့နေပြီး ဝါရှင်တန် ထိပ်သီး အစည်းအဝေးမတိုင်မီ ရက်သတ္တပတ် တစ်ပတ်အလို၌ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးဆိုင်ရာ အစည်းအဝေးကို အာဆီယံလက်ရှိဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့်အခါ အဆိုပါ အာဆီယံတုံ့ပြန်မှု အခြေအနေမှာ စံချိန်တင်အောင် အားလျော့သွားခဲ့သည်။

အထူးသဖြင့် အာဆီယံ၏ အစီအစဉ်ကို မြန်မာစစ်ကောင်စီ တစ်ခုတည်းနှင့်သာ တိုင်ပင်ရေးဆွဲခဲ့သဖြင့် မြန်မာပြည်သူများအတွက် ပေးအပ်မည့် လူသားချင်းစာနာမှု အကူအညီကို စစ်ကောင်စီအား အပြည့်အဝ ထိန်းချုပ်ခွင့် ပေးအပ်ခဲ့ခြင်းပင် ဖြစ်သည်။

အဆိုပါ လက်ခံနိုင်ဖွယ် မရှိသည့် သဘောတူညီမှုသည် ပိုမိုအကြပ်ရိုက်လာသည့် အခြေအနေများအကြား မိမိစစ်ရေး ရည်မှန်းချက် အောင်မြင်ရေး ဟူသော ရည်ရွယ်ချက်ကို ဖုံးကွယ်ထားသော မြန်မာစစ်ခေါင်းဆောင်၏ ဟန်ဆောင်အားထုတ်မှု တစ်ခုမျှသာ ဖြစ်သည်။

အကူအညီပေးအပ်ရန် မင်းအောင်လှိုင်က သတ်မှတ် ရွေးချယ်ခဲ့သည့် ဒေသများမှာ အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေးအုပ်စုများအား မညှာမတာ ဗုံးကြဲမှုများ၊ မီးရှို့မှုများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါး ဖြတ်တောက်မှုများဖြင့် အချိန်အားဖြင့် လနှင့်ချီ၍ ၎င်းက ချေမှုန်းခဲ့လင့်ကစား မအောင်မမြင် ဖြစ်နေသည့် စစ်တပ်ထိန်းချုပ်မှု ပြင်ပရှိ ဒေသများသာ ဖြစ်နေသည်မှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။

စစ်တပ်၏ တိုက်ခိုက်မှုမှ ထွက်ပြေးနေရသူများထံ အကူအညီပစ္စည်းများ မရောက်စေအောင် ၎င်းတို့၏ နယ်စပ်များကို ပိတ်ထားရန် အိမ်နီးချင်းနိုင်ငံများအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောင်းဆိုထားသည်။ ဤအချက်မှာ အာဆီယံ၏ အကူအညီကို စစ်တပ်က လက်နက်တစ်ခုသဖွယ် အသုံးချနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

၎င်းစီမံချက်တစ်ခုတည်းကိုသာ အခြေခံ၍ အာဆီယံက ဆက်လက် ဆောင်ရွက်မည်ဆိုပါက မကောင်းမှုတစ်ခုတွင် အာဆီယံကိုယ်တိုင် ကြံရာပါ ပါဝင်ပတ်သက်မိသလို ဖြစ်ကာ စာနာမှု၊ ကြားနေမှု၊ ဘက်မလိုက်မှုနှင့် လွတ်လပ်မှု ဟူသော လူသားချင်းစာနာမှု အကူအညီပေးရေး အခြေခံမူများကိုလည်း ပစ်ပယ်ရာ ရောက်နေမည် ဖြစ်သည်။

ဤစီမံချက်သည် အာဆီယံ ဥက္ကဌအဖြစ် ဆောင်ရွက်နေသော ကမ္ဘောဒီးယားနိုင်ငံ၏ တစ်စထက်တစ်စ ကြံရာမရ ဖြစ်လာသည့် အနေအထားကိုလည်း ထင်ဟပ်ဖော်ပြနေသည်။ မိမိ၏ ဥက္ကဌ သက်တမ်းအတွင်း စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်၏ အမြော်အမြင်နည်းသော အားထုတ်မှုများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြာခဏ ထပ်တလဲလဲ ဂုဏ်ယူပြောဆိုလျက်ရှိသည်။

အဆိုပါ အာဆီယံ အကူအညီပေးမှု အစီအစဉ်သည် မြန်မာ့အရေး ခရီးပေါက်နေကြောင်း ဝါရှင်တန် ထိပ်သီးအစည်းအဝေး မတိုင်မီ တစ်စုံတစ်ခု သက်သေထူရန် ကမ္ဘောဒီးယားနိုင်ငံ၏ နောက်ဆုံးအစွမ်းကုန် ကြိုးပမ်းမှုဖြစ်သည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဖြစ်သူ နိုလင်းဟေဇာ ကိုယ်တိုင်အစည်းအဝေးသို့ တက်ရောက်သည်ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက လိမ်ညာပြောဆိုခဲ့ကြောင်း နောက်ပိုင်းအဖြစ်မှန် ပေါ်ပေါက်သွားသည့်အခါ အာဆီယံဥက္ကဌမှာ ထပ်မံ အရှက်ကွဲခဲ့ရပြန်သည်။ စစ်အစိုးရ၏ တောင်းဆိုမှုကြောင့် သူမအား အစည်းအဝေးသို့ ဖိတ်ကြား တက်ရောက်စေခြင်း မရှိခဲ့ပေ။

ယခုအခါ မြန်မာ့အရေးအတွက် အာဆီယံက လမ်းကြောင်းသစ်တစ်ခု ဖွင့်လှစ်ဆောင်ရွက်ရန် လိုအပ်နေသည်မှာ အထူးပင် ထင်ရှားလာလျက် ရှိသည်။ အာဆီယံက ဆောင်ရွက်သင့်သည့် ပထမဦးဆုံး ခြေလှမ်းမှာ အန်ယူဂျီနှင့် ၎င်း၏မဟာမိတ်များက ထိန်းချုပ်ထားသည့် နယ်စပ်ဒေသမှ ပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများ မည်သို့ပေးအပ်မည်ကို အင်န်ယူဂျီနှင့်ဆွေးနွေးမှုများ ချက်ခြင်း စတင်ခြင်း ဖြစ်သည်။

အရင်းအမြစ်များ လျော့နည်းကျဆင်းနေသလို စစ်အစိုးရ၏ တရစပ် တိုက်ခိုက်မှု အန္တရာယ်များ ရှိနေသဖြင့် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများအား လူသားချင်း စာနာမှု အကူအညီ ပေးအပ်ရေးကို ၎င်းတို့ ကိုယ်တိုင် တာဝန်ယူဆောင်ရွက်စေခြင်း မပြုသင့်ပေ။

မြန်မာနိုင်ငံ၌ အထွေထွေလူသားချင်း စာနာမှုအရေးပေါ် အခြေ အနေတစ်ရပ် ဖြစ်ပေါ်နေကြောင်း အာဆီယံက ကြေညာကာ အကူအညီပေးသူများနှင့် ကျန်းမာရေး စောင့်ရှောက်ရေးဝန်ထမ်းများအား မြေပြင်၌ တာဝန်ထမ်းဆောင်စေခြင်း အပါအဝင် လူသားချင်း စာနာမှုဆိုင်ရာ ကြားဝင် ဆောင်ရွက်ရေး အခွင့်အာဏာပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုသင့်သည်။

ဤနည်းလမ်း သည် လူဦးရေထူထပ်သော မြန်မာနိုင်ငံ အလယ်ပိုင်း မြေနိမ့်ဒေသ၊ ဝေးလံသော အနောက်မြောက်ပိုင်းဒေသနှင့် စစ်အစိုးရ၏ အကျဉ်းထောင်များအတွင်း ဆင်းရဲဒုက္ခခံနေရသော သောင်းနှင့်ချီသည့် အကျဉ်းသားများ အပါအဝင် အကူအညီ အလွန်အမင်း လိုအပ်နေသည့် မြန်မာပြည်တွင်းမှ သန်းပေါင်းများစွာသော လူထုအား ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

မြန်မာ့အရေးအခင်း စတင်ဖြစ်ပွားစဉ်ကတည်းက အရပ်ဖက်အဖွဲ့များ၊ ရပ်ရွာလူထုအခြေပြုအဖွဲ့များ၊ ဘာသာရေးအုပ်စုများနှင့် ကာလတာရှည် အခြေခိုင်နေပြီးဖြစ်သော လူသားချင်း စာနာမှုဆိုင်ရာ အခြား ပြည်တွင်းအဖွဲ့များက အလွန်အမင်း အတိဒုက္ခရောက်နေသူများထံ နယ်စပ်ဖြတ်ကျော်၍ အရေးပေါ် ကယ်ဆယ်ရေးအကူအညီများ ပေးအပ်လျက်ရှိသည်။

သို့သော် ၎င်းတို့တွင် အရင်းအမြစ်များ လွန်စွာနည်းပါး နေသလို ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ အာဏာပိုင်များ၏ အကြီးအကျယ် ကန့်သတ်မှုများနှင့်လည်း ရင်ဆိုင်နေကြရသည်။

အထက်ပါ အဖွဲ့များ၏အကူအညီ ပေးအပ်နေမှုများကို ဟန့်တားပြီး စစ်အစိုးရ၏ တောင်းဆိုမှုအတိုင်း မိမိတို့၏ မြန်မာနယ်စပ်များကို ဆက်၍ ပိတ်ထားမည်ဆိုပါက အာဆီယံနိုင်ငံများ၏ လုပ်ရပ်မှာ မှန်ကန်သင့်တော်မှု ရှိမည် မဟုတ်ပေ။

အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့များ အပါအဝင် နိုင်ငံတကာ အလှူရှင်များသည် အင်န်ယူဂျီနှင့် စေ့စပ်ညှိနှိုင်း၍ အရေးကြီးသော နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေး လမ်းကြောင်းများနှင့် တိုက်ရိုက်အကူအညီ လမ်းကြောင်းများ ပွင့်နေသည်မှာ သေချာအောင် ဆောင်ရွက်ရမည် ဖြစ်သည်။

အတောမသတ်နိုင်သေးဘဲ ဆက်လက်ဆိုးဝါးနေသည့် မြန်မာ့နိုင်ငံ၏ လူသားချင်းစာနာမှု အကျပ်အတည်းအား တုံ့ပြန်ရန် အာဆီယံ၏ နောက်တစ်ဆင့် ဆောင်ရွက်မှုသည် ရေရှည်ဂယက်ရိုက်မှု ရှိလာမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးအပ်မှုအပေါ် စစ်အစိုးရအား ဆက်လက်ထိန်းချုပ်ခွင့် ပေးအပ်နေပါက အာဆီယံသည် မြန်မာပြည်သူများကို ပစ်ပယ်၍ မင်းအောင်လှိုင်ဘက်ကို ရွေးချယ် ရပ်တည်လိုက်ခြင်း ဖြစ်ပေမည်။

သို့သော် မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခကို အမှန်တကယ် လျော့နည်းသက် သာစေလိုပြီး လက်ရှိ အကျပ်အတည်းကို ဖြေရှင်းကာ မိမိဂုဏ်သိက္ခာကိုလည်း အဖတ်ဆယ်လိုသည်ဆိုပါက အာဆီယံသည် အင်န်ယူဂျီနှင့် ချိတ်ဆက်ဆောင် ရွက်ပြီး မြန်မာ့အရေးအတွက် တစ်ကမ္ဘာလုံးက ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ကြရန် တောင်းဆိုရမည် ဖြစ်သည်။

(ဆောင်းပါးရှင် မာဇူကီ ဒါရူစမန်သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက် အလက်ရှာဖွေရေးမစ်ရှင် (၂၀၁၇-၂၀၁၉ခုနှစ်) တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး မြန်မာ့ နွေဦးတော်လှန်ရေးစချိန်တွင် အချက်အလက်ရှာဖွေရေးမစ်ရှင် အဖွဲ့ဝင် ခရစ်ဆီဒိုတီ၊ ယခင် ကုလသမဂ္ဂ၏ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ရန်ဟီးလီတို့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (Special Advisory Council for Myanmar) ကို ဖွဲ့စည်းတည်ထောင်ခဲ့သူ ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article