28 C
Yangon

စစ်ကိုင်းးနှင့် မကွေးရှိ မြို့နယ်တချို့တွင် ဖုန်းလိုင်းများအားလုံး ဒုတိယရက်အဖြစ် ထပ်မံဖြတ်တောက်ခံထားရပြန်၊ စစ်ယာဉ်တန်းနှင့်စစ်ကြောင်းများ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေ

Must read

ရန်ကုန်၊ မေ ၃၀

အကြမ်းဖက် စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုနှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ဖုန်းလိုင်းများအားလုံးကို ယနေ့ မေလ ၃၀ ရက်နေ့တွင်လည်း ထပ်မံ ဖြတ်တောက်ခံထားရကြောင်း ဒေသခံအများစုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

မေလ ၂၈ ရက်နေ့ ည ၁၁ နာရီကျော်အချိန်မှ စတင်ပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံရခြင်းဖြစ်ပြီး မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီတွင်လည်း ဖုန်းလိုင်း ပြန်ရကြောင်း၊ ယင်းနောက် မေလ ၂၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ဖုန်းလိုင်း များ ထပ်မံ ပြတ်တောက်သွားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းတွင် မုံရွာ၊ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့များတွင် ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းဖြစ်ပြီး မကွေးတိုင်းတွင် မြိုင်၊ ပေါက်၊ ဂန့်ဂေါ ရေစကြိုမြို့နယ်များတွင် ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းဖြစ်သည်။

“မုံရွာမြို့ပေါ်မှာတော့ မနေ့ညနေ ၁၀ နာရီလောက်ကတည်းက ဖုန်းလိုင်းတွေ မရတော့တာ။ မနေ့က အဖြတ်ခံရတဲ့ မြို့တွေပဲ အကုန် ဖြတ်တောက်ခံနေရတယ်။ ဖုန်းလိုင်းတွေက No Service ပေါ်နေတာ” ဟု မုံရွာမြို့ခံတစ်ဦးက ပြောဆိုသည်။

“မနက် ၇ နာရီ ၀န်းကျင်မှ စ၍ ဖုန်းလိုင်းများ မရတော့တာပါ။ မနေ့ မနက် ၁ နာရီ လောက်စပြီး ညနေ ၄ နာရီအထိ ဖုန်းလိုင်းတွေ ပြတ်သွားတယ်” ဟု ကနီဒေသခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ပြီးနောက် စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများ အင်အားတိုးချဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း ဝင်ရောက်နေကြောင်း၊ လက်ရှိ ပုလဲဘက်တွင် စစ်ကား အစီး ၁၀၀ ရောက်ရှိနေကြောင်း ယင်းမာပင်မှ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုခန့်က ပြောဆိုသည်။

“အခြေအနေဆိုးလာမယ်ထင်တယ်။ စခအကောင်ကြီးကြီးတွေပါရောက်နေတာ။ ပုလဲမှာရော စခကား အစီး တရာကျော်တယ်။ ဖုန်းနဲ့အင်တာနက်ဖြတ်ပြီး အင်အားတွေ တိုးချဲ့နေတယ်” ဟု မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုခန့်က ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ယမန်နှစ်က ပြည်သူများကို အကြမ်းဖက် ဖြိုခွင်းခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်များ။ (ပုံအဟောင်းဖြစ်သည်)။

Photo Credit – တိုင်းမ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article