34 C
Yangon

LOTTE ဟိုတယ်၊ VPower နဲ့ ရှန်ဂရီလာအပါအဝင် မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို သပိတ်မှောက်ပြီး၊ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ရုတ်သိမ်းကြဖို့ JFM တောင်းဆို

Must read

ရန်ကုန်၊ မေ ၃၀

ဟောင်ကောင်စီးပွားရေးနဲ့ ကုန်သွယ်ရေးရုံး ပံ့ပိုးကူညီမှုနဲ့ ဟောင်ကောင်၊ ထိုင်းနဲ့ စင်္ကာပူကုန်သည်ကြီးများ အသင်းပူးပေါင်းပြီး အခမ်းအနားတစ်ခု ကျင်းပနေပါတယ်။

ဒီအခမ်းအနားကိုတော့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးကို ရံပုံငွေထောက်ပံ့နေတဲ့ Lotte ဟိုတယ်မှာ ကျင်းပနေတာပါ။

မြန်မာပြည်သူတွေအပေါ် စစ်တပ်က ကျူးလွန်တဲ့ အကြမ်းဖက် စစ်ဆင်ရေးမှာ အသုံးပြုတဲ့ စစ်လက်နက်တွေကို အဓိကဝယ်ယူပေးတဲ့ စစ်ထောက်ချုပ်ရုံးကို အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

အကြမ်းဖက် မြန်မာစစ်တပ်ဟာ တည်ဆောက်- လုပ်ကိုင် – လွှဲပြောင်း (ဘီအိုတီ) သဘောတူညီချက်အရ LOTTE နဲ့ ဟိုတယ်ရဲ့ အဓိကရင်းနှီးမြှုပ်နှံသူ POSCO International တို့ဆီက မြေငှားရမ်းခတွေကို ရနေပြီး အနာဂတ်မှာ အကျိုးအမြတ်များတဲ့ ပိုင်ဆိုင်မှုကိုလည်း ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်း MCCOC က အဆိုပါအခမ်းအနားမှာ ပူးတွဲစီစဉ်သူအဖြစ်ကနေ နုတ်ထွက်ထားပြီး အခမ်းအနားမှာလည်း မပါတော့ကြောင်း Justice For Myanmar အနေနဲ့ သိနားလည်ထားတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ကျန်တဲ့ ကုန်သည်ကြီးများအသင်းတွေကလည်း ခုလို နှုတ်ထွက်ကြဖို့ လိုအပ်တယ်လို့ JFM က ထုတ်ပြန်ပါတယ်။

လက်ရှိမှာ မြန်မာဟောင်ကောင် ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းကလည်း ၎င်းတို့ဘုတ်အဖွဲ့ဝင် တွေကတဆင့် မြန်မာ့စစ်တပ်နဲ့ဆက်နွယ်နေပါတယ်။

ဘုတ်အဖွဲ့ဝင်တွေထဲမှာ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နဲ့ စွမ်းအင်စီမံကိန်းတစ်ခုကို လုပ်ကိုင်နေတဲ့ ဟောင်ကောင်ကုမ္ပဏီ VPower၊ စစ်ထောက်ချုပ်ရုံးက ငှားရမ်းထားတဲ့ မြေနေရာပေါ်မှာ Sule Square စီမံကိန်းကို လုပ်ကိုင်နေတဲ့ ရှန်ဂရီလာတို့က ကိုယ်စားလှယ်တွေ ပါဝင်နေတာပါ။

၎င်းတို့ရဲ့ စီးပွားရေးအကျိုးအမြတ်တွေအတွက် မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေမှာ ငွေကြေးထောက်ပံ့နေကြတာ ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

ဒါ့ကြောင့် ကုမ္ပဏီအားလုံးကို အကြမ်းဖက်မြန်မာစစ်တပ်နဲ့ ၎င်းရဲ့ လုပ်ငန်းစုကြီးတွေနဲ့ ဆက်နွယ်မှုတွေကို ဖြတ်တောက်ဖို့ JFM က တောင်းဆိုထားပါတယ်။

LOTTE ဟိုတယ်၊ VPower နဲ့ ရှန်ဂရီလာအပါအဝင် အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေမှာ ကြံရာပါ ပတ်သက်နေဆဲဖြစ်တဲ့ ကုမ္ပဏီတွေကို သပိတ်မှောက်ပြီး၊ ရင်းနှီးမြှုပ်နှံမှုတွေ ရုတ်သိမ်းနုတ်ထွက်ကြဖို့ကိုလည်း တဆက်တည်းတောင်းဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article