32 C
Yangon

ကော့မှူး၊ ရွှေဘို၊ မြိုင်၊ အုတ်ဖိုနှင့် စဉ့်ကူးတို့တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ၊ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၃၀

ကော့မှူး၊ ရွှေဘို၊ မြိုင်၊ အုတ်ဖိုနှင့် စဉ့်ကူးမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ၊ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေး အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၆ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများနှင့် ကာကွယ်ရေး အဖွဲ့များထံမှ သိရသည်။

ကော့မှူးမြို့နယ်
=========
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး အောင်မင်းနှင့် ဇနီးဖြစ်သူ မြမြမိုးတို့ကို ယနေ့ မေလ ၃ဝ ရက်နေ့ ညနေ ၅ နာရီခန့်တွင် 5 Brothers Younger တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဇနီးဖြစ်သူ သေဆုံးကာ အောင်မင်းကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ပစ်ခတ်ခံရသော အုပ်ချုပ်ရေးမှူး အောင်မင်းသည် ငှက်အော်စမ်းရွာတွင် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများကို ဖမ်းဆီး နှိပ်စက်မှုများ ပြုလုပ်နေသူဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ရွှေဘိုမြို့
=====
စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ကော့ကျေးရွာတွင် နေထိုင်သော စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ မြဝင်းကို မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်က အမည်မသိ သေနတ်သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

သေဆုံးသူ မြဝင်းသည် ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းရှိ မင်းဘေးကျေးရွာ အနီးတွင် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဇီးတောကျေးရွာမှ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ဆန်းမိုးကို မေလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၅ဝ မိနစ်ခန့်တွင် ရွှေဘို ယမ်းဘီလူးအဖွဲ့၊ Shwe Bo Defense Force SBDF နှင့် ရွှေဘိုခရိုင် တပ်ရင်း(၂၃) တို့မှ ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ဆန်းမိုးသည် PDF တွေ တကယ် မလုပ်ရဲပါဘူးဟု ကြွေးကြော်ထားသူ တစ်ဦးဖြစ်ကာ သေနတ် ကျည် ၈ ချက်ထိပြီး သေဆုံးခဲ့ကြောင်း ရွှေဘို ယမ်းဘီလူးအဖွဲ့မှ ထုတ်ပြန်ထားသည်။

မြိုင်မြို့နယ်
======
မကွေးတိုင်း မြိုင်မြို့နယ် ကင်းကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် သန်းစိုးကို မေလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၃ဝ မိနစ်ခန့်တွင် PAKOKKU-UNDERGROUND၊ MRTF-2နှင့် မဟူရာ အလင်းတန်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း PAKOKKU-UNDERGROUND တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အုတ်ဖိုမြို့နယ်
========
ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် ကိုရီးယား တုတ်ထိုးဆိုင် ဖွင့်ရောင်းချနေသော ရဲဝန်ထမ်းဟောင်း မြင့်လွင်ကို မေလ ၂၉ ရက်နေ့ ည ၇ နာရီ ၃ဝ မိနစ်ခန့်တွင် အမည်မသိ သေနတ်သမားများ တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

စဉ့်ကူးမြို့နယ်
========
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရွှေပြည်ကျေးရွာတွင် နေထိုင်သော ပျူစောထီးနှင့် သွေးသောက်အဖွဲ့ကို ဦးဆောင်သူ ကိုထွန်း ဆိုသူကို စဉ့်ကူး မဟာမိတ်တပ်ပေါင်းစုမှ မေလ ၂၉ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ကိုထွန်းဆိုသူသည် စဉ့်ကူး ပျူစောထီးအဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး သွေးသောက်အဖွဲ့တွင်လည်း ဒုတိယ ခေါင်းဆောင်ဖြစ်ကြောင်း စဉ့်ကူးမဟာမိတ် တပ်ပေါင်းစုမှ ထုတ်ပြန်ထားသည်။

Photo – စစ်တပ် သတင်းပေးဟု သတ်မှတ် ခံရသူ ဆန်းမိုး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article