29 C
Yangon

မြန်မာစစ်တပ် စတင်ရှုံးနိမ့်နေပြီလား

Must read

By အန်ထော်နီ ဒေးဗစ်

မေလမှ စတင်သည့် အနောက်တောင်မုတ်သုန်လေသည် မြန်မာနိုင်ငံ၏ မပြီးဆုံးနိုင်သော ပြည်တွင်းစစ်ကို ခေတ္တငြိမ်သက်သွားစေလေ့ ရှိသည်။

ယခုနှစ်တွင်မူ အလယ်ပိုင်း မြေပြန့်ဒေသသာမက တောင်တန်းဒေသများအထိ မိုးကောင်းစွာ ရွာသွန်းနေပြီဖြစ်သော်လည်း စစ်ပွဲများမှာ အနားရနိုင်ဖွယ်မရှိပေ။

နေပြည်တော် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့် ပြည်သူတို့၏ လက်နက်ကိုင် တော်လှန်ရေးမှာ အရေအတွက်သာမက အရည်အချင်းပါ တိုးတက်လာသည့်အခါ မြန်မာစစ်တပ်သည် မိမိပြည်သူများအပေါ် ပြန်လည်ဆင်နွှဲသည့် နိုင်ငံရေးအရ ထွက်ပေါက်မဲ့ တစ်ဖက်ပိတ်စစ်ပွဲအတွင်း သက်ဆင်းခဲ့ပြီး ပိုမိုကျယ်ပြန့်လာသည့် ပဋိပက္ခအတွင်း ပြန်လမ်းမရှိသည့် အဆင့်သို့ရောက်ရှိလာကာ နောက်ဆုံး၌ စစ်တပ်အုပ်စိုးမှုသာ ရှင်သန်ကျန်ရစ်မည် ဟူသော ကာလရှည်ကြာ အရိုးစွဲယူဆချက်အပေါ်လည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

လူဦးရေသိန်းနှင့်ချီ၍ နေရပ်စွန့်ခွာစေခဲ့သော နိုင်ငံအနှံ့ အရှိန်အဟုန်ကြီးစွာ ဖြစ်ပွားလာသည့် တိုက် ခိုက်မှုများဖြင့် ဆိုးဝါးလှသော ပွင့်လင်းရာသီကို ဖြတ်သန်းခဲ့ပြီးနောက် ရှေ့လာမည့်လများ၌ စစ်ပွဲအခြေအနေကို ပုံဖော်ပေးနိုင်သော အနာဂါတ်ရေရှည် အလားအလာကို အဆုံးအဖြတ်ပေးမည့် ပကတိ အရှိတရားနှစ်ခုမှာ အထင်အရှားပေါ်ထွက် နေပြီဖြစ်သည်။

ပထမတစ်ခုမှာ ဗမာလူမျိုးတို့၏ နှလုံးသည်းပွတ်ဖြစ်သော မြန်မာပြည် အလယ်ပိုင်းဒေသရှိ စစ်အစိုးရဆန့်ကျင်မှု တော်လှန်ရေးကို ချေမှုန်းရန် စစ်တပ်၏ ပူးပေါင်းစစ်ဆင်ရေးများမှာ မအောင်မမြင်ဖြစ်နေပြီး ချေမှုန်းရန်မဆိုထားနှင့်၊ ထိန်းချုပ်နိုင်ခြင်းပင် မရှိသည့် အနေအထားဖြစ်သည်။

အမှန်စင်စစ်အားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တစ်လျှောက် ပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေးကို တန်ပြန်သည့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများသည် ဒေသခံပြည်သူများစွာကို မီးရှို့ လုယက်သည့် အဆင့်ထိ ဆိုးရွားနိမ့်ကျသည့်အတွက် လူထုလက်နက်ကိုင် တော်လှန်ရေးကို ပို၍ပင် အခြေခိုင်အားကောင်းလာစေခဲ့သည်။

ဒုတိယတစ်ခုမှာ နေပြည်တော်အာဏာသိမ်း စစ်ကောင်စီက တင်မြှောက်ထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)ကို ဆန့်ကျင်နေသည့် ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (ပီဒီအက်ဖ်များ)သည် မြို့နယ်အဆင့်၌သာ လှုပ်ရှားနေလင့်ကစား တပ်ဖွဲ့ဝင်အရေအတွက် များပြားလာသလို ပို၍ စုစည်းမှုရှိလာပြီး အတိုင်းအတာတစ်ခုအထိ လက်နက်များ ပိုမိုကောင်းမွန်စွာ တပ်ဆင်လာနိုင်ခြင်း ဖြစ်သည်။

အဆိုပါ အနေအထား ၂ ခုလုံးသည် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် အကောင်းဆုံး နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပရန် အချိန်ဇယား ရေးဆွဲထားသည့် စီးပွားရေး၊ သံတမန်ရေး အခက်အခဲများစွာ ရင်ဆိုင် ဖြေရှင်းနေရသော အာဏာသိမ်း စစ်တပ်အတွက် အလားအလာကောင်းသည့် အခြေအနေများ မဟုတ်ပေ။

နိုင်ငံတကာအသိအမှတ်ပြုမှု ရရန် ရည်ရွယ်ပြီး အရပ် သားအနည်းငယ်ကို မျက်နှာစာ၌ ဟန်ပြတင်ထားပြီး စစ်တပ်အသာစီးရမည့် စစ်တပ်အလိုကျ အသစ်ရေးဆွဲထားသော ဥပဒေများဖြင့် ရွေး ကောက်ပွဲ ကျင်းပရေးနှင့် ထိုသို့ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် အေးချမ်းတည်ငြိမ်မှု တည်ဆောက်ရေး တို့မှာ မြန်မာစစ်တပ်၏ ပထမဦးစားပေး အစီအစဉ်ပင် ဖြစ်သည်။

သို့သော် ပထမအစီအစဉ် မအောင်မြင်ပါက ဆောင် ရွက်မည့် ဒုတိယဦးစားပေး အစီအစဉ်ကို မတွေ့ရှိရပေ။

နှစ်ပေါင်းများစွာ မိမိကိုယ်ကို မြန်မာ့အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်သူများ အဖြစ်လည်းကောင်း၊ အမျိုးသားရေး စိတ်ဓာတ်၏ ပြယုဂ်အဖြစ်လည်းကောင်း၊ ခံယူရှုမြင်ထားသည့် စစ်တပ်ခေါင်းဆောင်များမှာ ယခု ကြံရာမရဖြစ်နေပြီဟု ယူဆလျှင် လုံးဝနီးပါး မှားယွင်းသွားနိုင်သည်။

သို့သော် လက်ရှိ စစ်မြေပြင်နှင့် စစ်မြေပြင်အလွန် ဖြစ်ရပ်များကို ပေါင်းစပ်သုံးသပ်ကြည့်ပါက လုံ ခြုံရေး ပြိုကျပျက်ယွင်းနေသည့် လိုဏ်ဂူအမှောင်တိုက်အတွင်း ရောက်ရှိနေသော စစ်ကောင်စီမှာ အဆုံးသတ် လွတ်မြောက်မှု အလင်းရောင်ကို ပြပြပင် မမြင်နိုင်သည့် လက်ရှိအခြေအနေအတွက် တစ်စထက်တစ်စ ပိုမိုချောက်ခြားလာနေသည်ဟု သုံးသပ်နိုင်သည်။

ခြောက်သွေ့ရာသီ ပုန်ကန်ထကြွလှုပ်ရှားမှုများ
==============================

၂၀၂၁ ခုနှစ် နှောင်းပိုင်းကတည်းက ပွင့်လင်းရာသီတစ်လျှောက် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အနှံအပြား၌ ဖြစ်ပွားခဲ့သော ပုန်ကန်ထကြွမှု ဖြစ်စဉ်များကို စစ်ရေးအမြင်အရ အဓိပ္ပာယ်ကောက်ယူရန်မှာ ခက်ခဲသော စိန်ခေါ်မှု တစ်ခုဖြစ်သည်။

ဖြစ်ပွားသည့် အကြိမ်အရေအတွက်သာ သတင်းရရှိခြင်း၊ တိုက်ပွဲငယ်များ နိုင်ငံအနှံ့အပြား၌ ဖြစ်ပွားနေခြင်း၊ ပြည်တွင်းစစ်၏ ရှေ့တန်းစစ်မျက်နှာမှ ဘက်မလိုက်သော သတင်းတင်ဆက်မှုများ ပြင်ပကမ္ဘာနှင့် အကြီးအကျယ် ဖြတ်တောက်ခံထားရခြင်း စသည့် အချက်များက အခြေအနေအားလုံးကို ဆက်စပ်ပြီး လေ့လာဆန်းစစ်နိုင်ရန် ခက်ခဲစေလျက် ရှိသည်။

သို့သော် နိစ္စဓူဝ ဖြစ်စဉ်များကို လေ့လာပါက ပဋိပက္ခများ၏ ဗဟိုချက်သည် အဖယ်ရှားခံ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) အစိုးရကို အစဉ်အဆက် ထောက်ခံခဲ့သည့် ဒေသများဖြစ်ကြသည်။

မဟာဗျူဟာအရ အရေးပါလှသော မြန်မာနိုင်ငံ အနောက်ပိုင်းမှသည် စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးများနှင့် မန္တလေးတိုင်း အလယ်ပိုင်းဒေသများအထိ ပျံ့နှံ့တည်ရှိနေသည်။

တိုက်ပွဲအများစုသည် မြန်မာစစ်တပ် တပ်စခန်းချရာ မန္တလေး၊ မုံရွာ၊ ပခုက္ကူ စသည့် မြို့များ၊ တိုင်းရင်း သားလူနည်းစု တော်လှန်ရေးတပ်များ ကြီးစိုးရာ တောင်တန်းဒေသများ ဖြစ်သည့် အနောက်ဘက်မှ ချင်းပြည်နယ်၊ မြောက်ဘက်မှ ကချင်ပြည်နယ် စသည့်ဒေသများကို ချိတ်ဆက်ထားသော အဓိက ကားလမ်း၊ ရေလမ်း ဆက်သွယ်ရေး လမ်းကြောင်း များတစ်လျှောက်မြို့နယ်များတွင် ဖြစ်ပွားနေခြင်းဖြစ် သည်။

ဤဒေသအတွင်း နေ့စဉ် အပြန်အလှန် အင်အားသုံး လက်တုံ့ပြန်နေသည့် တိုက်ပွဲ ကြီး၊ ငယ်များမှာ ဟိုတစ်ခု ဒီတစ်ခု နေရာကွက်၍ ပေါ်ပေါက်နေခြင်း ဖြစ်သည့်အလျောက် စစ်ရေးအကျိုးဆက် ရလဒ်ကို သီးခြား ခွဲထုတ်ဖော်ပြရန် မလွယ်ကူပေ။

မြန်မာစစ်တပ်သည် မြို့နယ်ဌာနချုပ်နှင့် အဓိက စစ်တိုင်းများကို အခြေပြု၍ ပီဒီအက်ဖ် ထောက်ခံသည်ဟု ယူဆရသည့် ကျေးရွာများကို အပြစ်ပေးသည့်အနေဖြင့် အကြိမ်ကြိမ် အပြင်းအထန် စီးနင်းတိုက် ခိုက်ခြင်း၊ အရပ်သားများအား ဖမ်းဆီး သတ်ဖြတ်ခြင်း၊ တော်လှန်ရေးသမားများနှင့် ပတ်သက်သော နေအိမ်များအား မီးရှို့ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ အကြမ်းဖက် စစ်ဆင်ရေးအများစုကို (မြန်မာကြည်းတပ်ဖွဲ့စည်းပုံအရ တပ်ဖွဲ့ဝင် ၅၀ မှ ၁၀၀ အကြား ရှိသော) တပ်ခွဲစစ်ကြောင်းများက လုပ်ဆောင်ကြပြီး ထိုစစ်ဆင်ရေးများတွင် စစ်မှု ထမ်းဟောင်းများ၊ သဘောထားတင်းမာသော အမျိုးသားရေးဝါဒီများ၊ လွှတ်တော်၌ စစ်တပ်ကို ကိုယ်စားပြုသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံများ စသည်တို့နှင့် ဖွဲ့စည်းထားသည့် ပျူစောထီးဟုခေါ်သော ဒေသခံပြည်သူစစ်များကို ကြိမ်ဖန်များစွာ အသုံးချနေကြောင်း တွေ့ရသည်။

မြန်မာစစ်တပ်သည် ရံဖန်ရံခါ PDF စခန်းများနှင့် တော်လှန်ရေး အင်အားစုများ စုစည်းနေသည့် နေရာများကို ဖော်ထုတ်တွေ့ရှိသည့်အခါ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်သည့် လေကြောင်းချီ တိုက်ခိုက်ရေးတပ်ဖွဲ့များဖြင့် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ကြသည်ကို တွေ့ရသည်။

သို့သော် ဟောင်းနွမ်းနေပြီဖြစ်သော ပိုလန်နိုင်ငံထုတ် အမ်အိုင်-၂ နှင့် ၎င်းထက် ပိုမိုခေတ်မီသော ရုရှားထုတ် အမ်အိုင်-၁၇ ပို့ဆောင်ရေး ရဟတ်ယာဉ်အင်အား မလုံလောက်သဖြင့် ခေတ်မီတပ်ဖွဲ့များ၏ သူပုန်နှိမ်နှင်းရေး နည်းဗျူဟာများ ကျင့်သုံးရာတွင် အကန့်အသတ်များ ရှိနေကြောင်းတွေ့ရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ထောက်ပံ့လုပ်ငန်း ၊ သယ်ယူပို့ဆောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လေတပ်စခန်းများ၌ မောင်းနှင်အသုံးပြုနိုင်သော ရဟတ်ယာဉ်အစီးရေမှာ ၃၀ ပင် မပြည့်ပေ။

ထို့ပြင် စုစုပေါင်း ၁၁ စီးသာရှိသည့် ရုရှားလုပ် အမ်အိုင်-၂၄/အမ်အိုင်-၃၅ မြေပြင်တိုက်ခိုက်ရေး ရဟတ် ယာဉ်တပ်ဖွဲ့ကို အားဖြည့်ကူညီရန် အဆိုပါ ပို့ဆောင်ရေး ရဟတ်ယာဉ်များကို တစ်ခါတစ်ရံ အသုံးပြုနေရပြန်သည်။

မြန်မာစစ်တပ်စခန်းများ စစ်ကြောင်းများကို နှောင့်ယှက်ဟန့်တားရန် PDF အားလုံးနီးပါးသည် အရွယ်အမျိုးမျိုး၊ ထိရောက်မှု အဖုံဖုံ ကွဲပြားသည့် လက်လုပ်မိုင်းများကို အဓိက အသုံးပြုကြသည်။ မြန်မာစစ်တပ်ကို တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်းကို ပစ်အားနှင့် လက်နက်အရေအတွက်အပေါ် မူတည်ခန့်မှန်းနိုင်သည်။

လက်နက်အင်အား ချို့တဲ့အားနည်းသည့် အုပ်စုများမှာ စစ်တပ်၏ စီးနင်းတိုက်ခိုက်မှုကြောင့် အချို့ပျောက်ကွယ် သွားကြသည်များ ရှိသလို အချို့မှာ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား ကူညီသည့်အလုပ်ကို ပိုမို အာရုံစိုက် လုပ်ကိုင်လာကြသည်ကိုတွေ့ရသည်။

မတူသည့် အခြားအခြေအနေများတွင် လက်နက်ကောင်းစွာ တပ်ဆင် ထားသော PDF များအနေဖြင့် ထိုးဖောက်ဝင်ရောက်လာသော မြန်မာစစ်တပ်နှင့် ထိတွေ့တိုက်ခိုက်ရာတွင် ယမန်နှစ်က မိနစ်ပိုင်းမျှသာ တောင့်ခံနိုင်ခဲ့သော်လည်း မကြာသေးမီလများအတွင်း နာရီနှင့်ချီအောင် တိုက်ပွဲဆင်နွှဲလာ နိုင်ခဲ့သည်ကို တွေ့ရသည်။ ယင်းမှာ စစ်ပွဲဒိုင်ခွက်တွင် အားသာမှုချိန်ခွင်လျှာ ပြောင်းလဲလာကြောင်း ပြသနေသည့် မြားတံတစ်ခုပင် ဖြစ်သည်။

ရံဖန်ရံခါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဝိုင်းရံ ပိတ်ဆို့ခံထားရသဖြင့် လေကြောင်းပစ်ကူများ၊ မြေပြင်စစ်ကူများ လိုအပ်သည့် အခြေအနေမျိုးများ ကြုံကြရသည်။ ထိုအခြေအနေများ၌ စေလွှတ်လိုက်သည့် မြေပြင်စစ်ကူများမှာလည်း မကြာခဏ ချုံခိုတိုက်ခိုက်ခြင်း ခံကြရသည်။

အဆိုပါ တော်လှန်ရေး အင်အားစုများ၏ အောင်မြင်မှုများကြောင့် အနီးအနားရှိ ကျေးရွာများကို မြန်မာစစ်တပ်က လက်တုံ့ပြန် အကြမ်းဖက်သည့်အတွက် အတောမသတ်နိုင်သည့် အကြမ်းဖက်သံသရာများ အရှိန်မြင့်လာသည်။

ခြောက်သွေ့ရာသီတစ်လျှောက် ဟိုတစ်စဒီတစ်စ အစိတ်စိတ်အမွှာမွှာ ပြန့်ကြဲ ဖြစ်ပွားနေသလို အမြဲ ပြောင်းလဲနေသည့် တိုက်ပွဲများကို ဆန်းစစ်လေ့လာရာတွင် ယေဘုယျ ကောက်ချက် ၄ ခုကို သုံးသပ်တွေ့ရှိရသည်။

ပထမအချက်မှာ တော်လှန်ရေးစခန်းများကို မကြာ ခဏ စီးနင်းတိုက်ခိုက်ခြင်း၊ လက်နက်များ သိမ်းပိုက်ရရှိခြင်း တို့ကြောင့် စစ်တပ်သည် ပီဒီအက်ဖ်များ၏ လှုပ်ရှားမှုများကို ပျက်ပြားအောင် ဆောင်ရွက်ရာ၌ အောင်မြင်ခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် ယမန်နှစ်က အကြီးအကျယ် ပြိုလဲခဲ့သည့် အရပ်ဖက်အုပ်ချုပ်ရေးကို ပြန်လည် တည်ဆောက်နိုင်ခြင်း မရှိရုံသာမက ထိုသို့ သိမ်းပိုက်ရရှိသော ဒေသများကို မြန်မာစစ်တပ်က ဆက်လက် ထိန်းချုပ်ထား နိုင်ခြင်းလည်း မရှိခဲ့ပေ။

လမ်းမကြီးများပေါ်မှ ပျူစောထီး ပြည်သူ့စစ်အဖွဲ့ဝင် မိသားစုများ ကြီးစိုးနေသည့် လက်တစ်ဆုပ်စာ ကျေးရွာများမှအပ မြန်မာစစ်တပ်သည် လူအင်အား မလုံလောက်မှုနှင့် အကြီးအကျယ် ရင်ဆိုင်နေရပြီး တစ်နိုင်ငံလုံး၌ တပ်စွဲနိုင်ရန် ကြိုးပမ်းရင်း ကုန်းတွင်းပိုင်းဒေသများကိုပါ လက်လွှတ်လာရသည်။

လက်တွေ့တွင်လည်း ကုန်းတွင်းပိုင်းရှိ ပဋိပက္ခဖြစ်ရာ မြို့နယ်အများအပြားကို တော်လှန်ရေးတပ်များက ပိုမို ချုပ်ကိုင်လာနိုင်ပြီး အချို့ဒေသများတွင် အမျိုး သား ညီညွတ်ရေး အစိုးရ (အန်ယူဂျီ) အဖွဲ့၏ ငွေကြေး အကူအညီရယူကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပုံစံမျိုးဖြင့် ကနဦး စင်ပြိုင်အစိုးရအဆောက် အအုံကို စတင် တည်ဆောက်လာနိုင်ခဲ့သည်။

ဒုတိယအချက်မှာ အရင်းအနှီး ကြီးမားလှသည့် အတွေ့အကြုံ သင်ခန်းစာများမှနေ၍ ပိုမို စုစည်းမှုရှိသော စစ်ရေး တုံ့ပြန်မှုများ စီစဉ် ဆောင်ရွက်လာခြင်း ဖြစ်သည်။

မြောက်များစွာသော အုပ်စုငယ်များအကြား ကျစ်လစ်ခိုင်မာသည့် စုစည်းတည်ဆောက်မှု အနည်းငယ်သာရှိသည့် အနေအထားမျိုး တွေ့ရသော်လည်း ယမန်နှစ်ကတည်းက တိုးပွားလာသည့် PDF များ သည် တိုက်ခိုက်ရေးသမား ရာနှင့်ချီ ပါဝင်သည့် အရေးပေါ် မဟာမိတ်အဖွဲ့များကို မကြာခဏ အောင် မြင်စွာ ဖွဲ့စည်းလာနိုင်ကြသည်ကို တွေ့ရသည်။

အဆိုပါအပြောင်းအလဲများကို အန်ယူဂျီနှင့် ဆက်နွယ်သော အုပ်စုများတွင်ရော သီးခြား လွတ်လပ်သော အဖွဲ့များတွင်ပါ တွေ့မြင်လာကြရသည်။

နောက်ထပ် အရေးပါသောအဆင့်တခုမှာ ပွင့်လင်းရာသီကာလများအတွင်း တော်လှန်ရေးအင်အားစုများ၏ လက်နက်အင်အား တိုးတက်လာမှုမှာ ငြင်းမရနိုင်သော အချက်တစ်ချက်ဖြစ်ကြောင်း တစ်ဦးချင်းစီ၏ ပြောပြမှုများအရ သိရှိရခြင်း ဖြစ်သည်။

သို့သော် မကြာသေးမီက နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အန်ယူဂျီ၏ ကာကွယ်ရေး ဝန်ကြီးဌာနမှ တောင်းဆိုခဲ့သည့်အတိုင်း ခေတ်မီလက်နက်များရရှိမှုမှာမူ အလွန်ပင် နည်းပါးနေဆဲ ဖြစ်သည်။

သို့တိုင်အောင်လည်း PDF အများအပြားအတွက်မူ ယမန်နှစ်က အမဲပစ်သေနတ်များသာ ကိုင် ဆောင်ခဲ့ရသည်မှ ယခုအခါသိမ်းပိုက်ရရှိသော တိုက်ခိုက်ရေး မောင်းပြန်ရိုင်ဖယ်များ၊ လက်လုပ်ဒုံးကျည်များ၊ နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်ဒေသ၊ အထူးသဖြင့် ကိုယ်ပိုင် လက်နက်ထုတ် လုပ်နိုင်စွမ်းရှိသော ကချင် လွတ်မြောက်ရေးတပ် (ကေအိုင်အေ)ထံမှ ရရှိသော လက်နက်ငယ်များဖြင့် ပိုမို အင်အားတောင့်တင်း လာခဲ့သည်။

PDF အဖွဲ့များက မြန်မာစစ်တပ်စခန်းတည်နေရာများကို အာပီဂျီ ဒုံးကျည်များ၊ ၄၀ မမ လောင်ချာများ၊ ၆၀ မမ မော်တာ များဖြင့် ပတ်ခတ်တိုက်ခိုက်သည့် သတင်းကို မကြာခဏဆိုသလို ကြားလာရသည်။

ကင်းစခန်းများ၊ စစ်တပ်အခြေစိုက်စခန်း များပေါ်သို့ ဈေးကွက်တွင် ဝယ်ယူနိုင်သော ဒရုန်းများဖြင့် ဗုံးခွဲ တိုက်ခိုက်သည့် နည်းဗျုဟာများ ပုံမှန်အသုံးပြုလာသည့်အတွက် မြန်မာစစ်တပ်သည် တရုတ် နိုင်ငံထုတ် ဒရုန်းဖျက် လက်နက်များကို လက်လှမ်းမီသည့်နေရာများ၌ တပ်ဖြန့်ချထားလာကြရသည်။

တတိယအချက်မှာ နှစ်ဘက်တိုက်ခိုက်မှု အများစုသည် ကျေးလက်ဒေသ၌သာ ဖြစ်ပွားခဲ့သော်လည်း ပီဒီအက်ဖ်များသည် မိမိရန်သူရှိရာသို့ တစ်စထက်တစ်စ ပို၍ ချဉ်းကပ် တိုက်ခိုက်လာနိုင်သည်ကို တွေ့ရသည်။

မကြာသေးမီ ရက်သတ္တပတ်များ အတွင်း ပုလဲ၊ ဘုတလင်၊ ပင်လည်ဘူး ကဲ့သို့ အားပြိုင်နေသည့် မြို့နယ်များရှိ ရဲစခန်းများ၊ စစ်စခန်းများအား တိုက်ခိုက်မှုများအပြင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နှင့် ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်ရင်းများကိုပါ တိုက်ခိုက်နိုင်လာသည်ကို တွေ့မြင်လာရသည်။

နောက်ဆုံးအချက်အနေဖြင့် ဧပြီနှင့် မေလများတွင် မြန်မာစစ်တပ်၏ နယ်လှည့် စစ်ကြောင်းများနှင့် ပြည်သူ့စစ်များ၏ ရွာလုံးကျွတ် မီးရှို့တိုက်ခိုက်မှုများကို သိသိသာသာ တိုးမြှင့်လာသည်ကို တွေ့ရသည်။ ထိုသို့ ရွာလုံးကျွတ် မီးရှိုတိုက်ခိုက်မှုများကြောင့် ဒေသခံ ရွာသူရွာသားပေါင်းများစွာမှာ နေရပ်စွန့်ခွာ ထွက်ပြေးကြရသည်။

ထိုဖြစ်ရပ်များကို ကြည့်လျှင် မြန်မာစစ်တပ်၏ လုပ်ရပ်များသည် ဒေသတွင်း အပြန်အလှန် လက်တုံ့ပြန်ခြင်းထက် ဒေသခံ ရွာသူရွာသားပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးရန် အဓိက ဗျူဟာအဖြစ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းလား ဟု မေးခွန်းထုတ်စရာ ဖြစ်လာသည့် အခြေအနေဖြစ်သည်။

မြန်မာစစ်တပ်က ကျေးရွာများကို မီးရှိုဖျက်ဆီးရာတွင် တိုက်အိမ်များပါမကျန် လောင်ကျွမ်းပျက်စီးစေရန် ဓာတ်ဆီကို တမင်အသုံးပြုသည် ဟူသော သတင်းများအရ ခုခံတော်လှန်စစ် အားကောင်းသည့် ဒေသများ၌ အခြားကျေးရွာများက အားပေးကူညီနေများကို ဟန့်တားရန်အတွက်သာမက ပီဒီအက်ဖ်များအား ထောက်ပို့ နှင့် စည်းရုံးရေး အခက်အခဲ ဝန်ထုတ်ဝန်ပိုးများ ကြီးမားစေရန် အလုံးစုံ မီးရှို့ မြေလှန်ဖျက်စီးသည့် မူကို မြန်မာစစ်တပ်က စနစ်တကျ ကျင့်သုံးခဲ့သည်ဟု ယူဆနိုင်ဖွယ်ရှိသည်။

လာမည့်မိုးရာသီသည် နှစ်ဖက်စလုံး၏ ဆက်လက် ရပ်တည်ရှင်သန်ရေးအတွက် အရေးအကြီးဆုံး အနေ အထား ဖြစ်နေသောကြောင့် အပြန်အလှန် တိုက်ခိုက်နေမှုများ ရပ်တန့်သွားနိုင်ခြေ အလား အလာ အလွန်နည်းပါးသည်။

သို့သော် ရွှံ့နွံများဖြင့် ဗွက်ပေါက်ကုန်မည့် ကျေး လက်မြေလမ်းများနှင့် မိုးတိမ်နိမ့်များက မြန်မာစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကို အဟန့်အတား ဖြစ်စေမည့်အတွက် ရှေ့လာမည့်လများ၌ မြန်မာစစ်တပ်၏ စစ်ဆင်ရေးများအပေါ် ထိခိုက်မှုများ ရှိလာမည်မှာ သေချာသည်။

ယမန်နှစ် ယခုလို မိုးရာသီကာလတွင် စတင် အားယူပေါက်ဖွားခဲ့ကြသည့် ပြောက်ကျားအင်အားစုများ သည် ယခုအချိန်တွင် အထိုက်အလျောက် အင်အားခိုင်မာလာပြီ ဖြစ်သည့်အတွက် အထက်ပါ အခြေ အနေများက ၄င်းတို့အတွက် အားသာချက်များ ရှိလာစေမည် ဖြစ်သည်။

မိုးရာသီတွင် စစ်အစိုးရ၏ စစ်ဆင်ရေး ခရီးပေါက်မှု အတိုင်းအတာ လျော့နည်းကျဆင်းလာမည့် အချက် မှာ သေချာသလောက် နီးပါး ဖြစ်သည်။

ကချင်ပြည်နယ်မြောက်ပိုင်းစွန်းမှ ပူတာအိုကဲ့သို သီးခြားအကာအကွယ်မဲ့ တည်ရှိနေသော ခြေကုပ် စခန်းများ အတွက် စစ်တပ်သည် မိုးရာသီ သွားရေးလာရေး ခက်ခဲသည့်အချိန် မရောက်မီ ရိက္ခာပစ္စည်းများ ကြိုတင် ဖြည့်တင်းပေးပို့ထားပြီး ဖြစ်သည်။

သို့သော် စစ်တပ်က ယခုနေရာဝင် ယူထားသည့် မြို့နယ်ရဲစခန်းများကဲ့သို့ အခြေစိုက်စခန်းများနှင့် ဝေးကွာပြီး အကာအကွယ်မဲ့ တည်နေရာများ၌မူ စခန်းများကို စွန့်လျှင် စွန့်၊ မစွန့်ပါက စခန်းများ စီးနင်းခံရမည်ဖြစ်သည်။

မေလအတွင်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တောင်ဘက် ညောင်ရွှေမြို့နယ်ရှိ မြန်မာစစ်စခန်းတစ်ခုနှင့် ထိုင်းနိုင်ငံ နယ်စပ်အနီးမှ စခန်းကြီးတစ်ခုတို့အား လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်များကို ကြည့်၍ လူအင်အားနည်းပြီး အကာ အကွယ်မဲ့ဖြစ်နေသော မြန်မာစစ်တပ်စခန်းများတွင် မကြာမီ ကျရောက်လာမည့် အခြေအနေကို ကြိုတင် မှန်းဆ ကြည့်နိုင်သည်။

သီအိုရီအရ ကြည့်လျှင် လာမည့်လများအတွင်း မြန်မာစစ်တပ်၏ ထိန်းချုပ်နိုင်မှု လျော့နည်းလာသည့် အခြေအနေတွင် လူထုတော်လှန်ရေး တပ်ဖွဲ့များမှာ စုစုစည်းစည်းဖြင့် လေ့ကျင့်မှု ကောင်းလာကာ ပိုမို ထိရောက်သည့် ထိုးစစ်များ ဆင်နွှဲလာနိုင်ဖွယ် ရှိသည်ဟု ကောက်ချက်ချနိုင်သည်။

တစ်နည်းအားဖြင့် ယခုအချက်သည် အခြားခေတ် သစ် ပြောက်ကျားစစ်ပွဲများက သက်သေထူခဲ့သကဲ့သို့ စစ်ပွဲကို အပြောင်းအလဲဖြစ်စေမည့် အရွေ့တစ်ခု ဖြစ်လာဖွယ် ရှိသည်။

ဟန်ချက်ညီ စစ်ပွဲ
============

မော်စီတုန်းနှင့် ငုယင်ဂီယက်တို့ ရေးသားခဲ့ကြသည့် ပြောက်ကျား တော်လှန်ရေးဆိုင်ရာ ဂန္ထဝင်ကျမ်းများအရ အောင်မြင်သော ကျေးလက်အခြေပြု တော်လှန်မှုတွင် အဆင့် ၃ ဆင့် ရှိသည်။

ကနဦးကာလတွင် လက်ရှိ အာဏာရအုပ်စု၏ တိုက် ခိုက်ချေမှုန်းမှုများကို လူထုတော်လှန် ရေးက ဗျူဟာမြောက် တုန့်ပြန်သည့် ခုခံစစ် ဖြစ်သည်။

ဒုတိယအဆင့်မှာ ဗျူဟာမြောက် မျှခြေ သို့မဟုတ် ဟန်ချက်ညီအနေအထား ဖြစ်ကာ အဆိုပါ အဆင့်၌ အာဏာရ အုပ်စုသည် ပြန်လည်ထိန်းချုပ်နိုင်သည့် စွမ်းဆောင်ရည် ဆုံးရှုံးလာပြီး အတိုက်အခံအင် အားစုမှာ အာဏာရအုပ်စုကို ဖြုတ်ချရန် စစ်ရေးနှင့် နိုင်ငံရေး အင်အားရင်းမြစ်များ တိုးတက်ဖြစ်ထွန်းအောင် ဆောင်ရွက်လာနိုင်သည့် အနေအထားဖြစ်သည်။

နောက်ဆုံးအဆင့်ဖြစ်သော ဗျူဟာမြောက် တိုက်စစ်တွင် အတိုက်အခံ အင်အားစုတို့မှာ ပြောက်ကျားစစ်ကို မဆင်နွဲတော့ဘဲ အင်အားအရွယ်အစား ပိုမိုကြီးမားသော အမြဲတမ်း တပ်ဖွဲ့ဆန်သည့် အင်အားစုများအဖြစ် တိုက်ပွဲဝင်လာကြပြီး အာဏာရအုပ်စုမှာ တဖြည်းဖြည်းနှင့် နယ်မြေကျုံ့လာပြီး မြို့ကြီးများ၌ ပိတ်မိသွားကြသည်။

ပိတ်မိသွားသည့် အာဏာရအုပ်စုက အဓိက ဆက်သွယ်ရေး လမ်းကြောင်းများ ပွင့်နေအောင် ခက်ခက်ခဲခဲ ကြိုးပမ်းနေရသည့် အခြေအနေသို့ ဆိုက်ရောက်သွားကြသည်။

တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အခြား တော်လှန်ရေးဇာတ်ခုံများတွင် ဖြစ်ပွါးခဲ့သည့် စစ်ပွဲများ၏ အတွေ့အကြုံများအရ အဆိုပါ အဆင့်များမှာ ရှင်းရှင်းလင်းလင်း ခွဲခြား၍ မရနိုင်ဘဲ မတူညီသော ဒေသအခြေအနေများအပေါ် မူတည်၍ တစ်ခါတစ်ရံ အဆင့်တစ်ခုနှင့် တစ်ခု ထပ်နေတတ်ကြောင်း တွေ့ရသည်။

သို့သော် ဗျူဟာမြောက် မျှခြေအဆင့်တွင် အာဏာရအုပ်စုက မြို့ပြဒေသအား လည်းကောင်း၊ အတိုက် အခံအင်အားတို့က ကျေးလက်ဒေသအား လည်းကောင်း၊ နှစ်ဖက်စလုံးက မိမိတို့ ခြေကုပ်ဒေသများကို ပိုမိုလုံခြုံအောင် အင်အားဖြည့်ရင်း တစ်ဖက်ကလည်း ရန်သူ့စခန်းများကို သွားရောက် တိုက်ခိုက်လေ့ ရှိသဖြင့် ၎င်း ဗျူဟာမြောက် မျှခြေအဆင့်သည် ပုံမှန်အားဖြင့် အရှည်ကြာဆုံးနှင့် အရှုပ်ထွေးဆုံး ကာလ ဖြစ်သည်။

နောက်ဆုံးအဆင့် ဗျူဟာမြောက် ထိုးစစ်သည် အာဏာရအုပ်စု၏ စစ်အင်အားကို အစိတ်စိတ် အမွှာမွှာ ဖြစ်စေပြီး ထိုအစိတ်စိတ်အမွှာမွှာ ပြိုကွဲသည့် ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဓာတ်ရေးရာပိုင်း ဆိုင်ရာ တွန်းအားများကြောင့် အာဏာရအုပ်စုသည် နောက်ဆုံးတွင် အချိန်တိုအတွင်း ပြိုလဲသွားသည်။

နောက်ဆုံးအဆင့်တွင် နောက်ထပ် တစ်နှစ် သို့မဟုတ် တစ်နှစ်ထက် ပိုကြာကြာ ဆက်လက် စစ်ကစားနေကြရ နိုင်သည်။ သို့မဟုတ် ၁၉၅၉ ခုနှစ် ကျူးဘားနိုင်ငံနှင့် ၂၀၂၁ ခုနှစ် အာဖဂန်နစ္စတန်နိုင်ငံတို့ကဲ့သို့ စစ်ရေးအရ အထီးကျန်ဖြစ်ကာ နိုင်ငံရေးအရလည်း ချွတ်ခြုံကျလာသည့် အာဏာရအုပ်စု၏ စိတ်ဓာတ်ပျက်ပြားလာခြင်းနှင့်အတူ ပြည်နယ်အဆင့် တပ်ဖွဲ့များ လက်နက်ချ၍ သူတို၏ ခေါင်းဆောင်များ ထွက်ပြေးရခြင်းကဲ့သို့ ဖြစ်စဉ်များမှာ ရက်သတ္တပတ် အနည်းငယ်အတွင်း အရှိန်အဟုန် မြင့်မြင့်နှင့် ဖြစ်ပေါ်လာနိုင်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွါးနေသည့်စစ်ပွဲကို သမိုင်းထဲမှ တော်လှန်ရေးများတွင် ဖြစ်ခဲ့သည့် ဖြစ်ရပ်မှန်များနှင့် ယှဉ်ထိုးလေ့လာရလျှင် ၂၀၂၂ ခုနှစ် မိုးရာသီကာလသည် တော်လှန်ရေးအင်အားစုများအတွက် တစ်နှစ်တာ ခံစစ်ဗျူဟာမှ မျှခြေဗျူဟာသို့ ကူးပြောင်းသည့် ဆုံချက်ကျကာလဟု ဆိုကောင်းဆိုနိုင်ဖွယ်ရှိပြီး ယင်းကာလအတွင်း၌ တော်လှန်ရေးအင်အားစုများ ရှင်သန်ရပ်တည်ရေးနှင့် ပတ်သက်၍ စိတ်ချနိုင်သည့်အခြေအနေရှိလာပြီး တော်လှန်ရေးအင်အားစုများ ကျစ်လစ်ခိုင်မာရေး၊ ဖွံဖြိုးတိုးတက်ရေး တို့ကို နေ့စဉ် ပင်မလုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်ကြမည့်ကာလ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ အာဏာသိမ်းစစ်အုပ်စုတွင် ရင်းမြစ်နည်းပါး ကြပ်တည်းသည့် အခြေအနေကြောင့် ၂၀၂၃ ခုနှစ် ပွင့်လင်းရာသီ၌ ပိုမို ကြီးမား သော အင်အား၊ ပိုကောင်းသည့် နည်းဗျူဟာများ၊ ပိုမြင့်မားသည့် စိတ်ဓာတ်များဖြင့် တစ်နိုင်ငံလုံးမှ အတိုက်အခံများကို တိုက်ကွက်ဖော်၍ ခံစစ်အနေအထားသို့ ပြန်လည်တွန်းပို့နိုင်မည့် အခြေအနေ မြင်ကွင်းမျိုးကို မျှော်လင့်ရန် ခက်ခဲလျက် ရှိသည်။

မြန်မာ့ဗျူဟာမြောက် မျှခြေ ကာလသည် မည်မျှ ကြာမြင့်မည်ကို တိုင်းတာရန် ခဲယဉ်းသည်။ လူအင်အား အကြပ်အတည်းနှင့် စိတ်ဓာတ်ပိုင်း အက်ကြောင်းများ ပေါ်ပေါက်လာသော်ငြား စစ်တပ်သည် အဖွဲ့အစည်းပိုင်းဆိုင်ရာနှင့် လက်နက်အင်အားတွင် သိသိသာသာ ထိမ်းထားဆဲ ဖြစ်သည်။

တော်လှန်ရေးအင်အားစုများမှာမူ စည်းရုံးရေး၊ လက်နက်တပ်ဆင်ရေး၊ ပိုမိုကျယ်ပြန့်သည့် ဗျူဟာတစ်ခု ညှိနှိုင်းရေး စသည့် လုပ်ငန်းများကို အလွန်ခက်ခဲပင်ပန်းစွာ ရုန်းကန် ဆောင်ရွက်နေကြရသည်။

ဤအခြေအနေတွင် နယ်စပ်ဒေသများရှိ ကရင်၊ ကချင်၊ ချင်းနှင့် ကယား တိုင်းရင်းသား လူမျိုးစုတပ်ဖွဲ့များ၏ အခန်းကဏ္ဍမှာ အထူးအရေးပါလာမည်ဟု ဆိုနိုင်သည်။

ပံ့ပိုးနေသည့် ဗမာ PDF များကို ဆက်လက်ပံ့ပိုးမှုများ သို့မဟုတ် ပိုမို တိုးမြှင့်ထောက်ခံပံ့ပိုးမှုများ၊ အန်ယူဂျီနှင့် ပေါင်းစပ်ညှိနှိုင်းမှုများက ဗျူဟာမြောက် မျှခြေကာလကို များစွာ တိုတောင်း သွားစေနိုင်ပေမည်။

ရခိုင်ပြည်နယ်အနောက်ပိုင်း၌ အားကောင်းသော ရခိုင်တပ်တော် (အေအေ)နှင့် စစ်အစိုးရအကြား ခပ်တည်းတည်းသာ ကျန်ရှိသည့် လက်ရှိ အပစ်အခတ်ရပ်စဲမှု ပျက်ပြားသွားမည်ဆိုပါက နောက်ထပ် စစ်မျက်နှာတစ်ခု ဖွင့်လှစ်ရပြီး နိုင်ငံ၏ အရေးပါ သော့ချက်ဗဟိုကျသည့် ဒေသအခြေအနေများ ပိုမို ရှုပ်ထွေးကာ မူလကတည်းက ဝန်နှင့်အား မမျှမတဖြစ်နေသည့် နေပြည်တော်၏ အခြေအနေကို ပိုမိုဆိုးဝါးလာစေမည်ဖြစ်သဖြင့် ဤအချက်က စစ်ပွဲ၏ အဆုံး အဖြတ်တစ်ခု ဖြစ်ကောင်း ဖြစ်သွားနိုင်ပေသည်။

အခြားတစ်ဖက်တွင်လည်း ဆယ်စုနှစ်များစွာ သွေးခွဲရေးဗျူဟာဖြင့် မိမိအာဏာ ခိုင်မြဲရေးအတွက် ဆောင်ရွက်ခဲ့သော စစ်တပ်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများကို အစဉ်အလာအားဖြင့် အုပ်စုကွဲနေသော တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများက အပေးအယူဖြင့် လက်ခံလိုမှု ရှိ/မရှိ အပေါ်မူတည်၍ မလိုလားအပ်သော ဆန့်ကျင်ဘက် အကျိုးဆက်များ ဖြစ်ပေါ်ကာ ပဋိပက္ခကို နှစ်ပေါင်းများစွာ ပိုမို ရှည်ကြာသွားစေနိုင်သည်။

မည်သို့ပင်ဆိုစေ လာမည့်လများအတွင်း ပြောင်းလဲလာမည့် စစ်ပွဲ အခြေအနေများမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက လျစ်လျူရှုပြီး ပယ်ချထားခဲ့သည့် ဖြစ်နိုင်ချေ အလားအလာတစ်ခုကို အထင်အရှား ပေါ်ပေါက် လာစေလိမ့်မည် ဖြစ်သည်။

ထိုဖြစ်နိုင်ချေအလားအလာမှာ “ နောက်ဆုံးတွင် မြန်မာစစ်တပ်သည် မည်သည့်နည်းနှင့်မျှ မပြိုလဲနိုင်လောက်အောင် အင်အားကြီးမားသည် ဆိုသည့်အချက် မှားယွင်းကြောင်း အထင်အရှား ပေါ်လာသည့် အခြေအနေ ရောက်သွားခြင်း ဖြစ်ပေသည်။

(ယခုဆောင်းပါးသည် Asia Times တွင် ဖော်ပြထားသည့် စာရေးသူ Anthony Davis ၏ Is Myanmar’s military starting to lose the war? ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆို ထားဖြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article