28 C
Yangon

ရန်ကုန်၊ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ရှိ အငှားဆိုင်ကယ် မောင်းသူများထံမှ ဆိုင်ကယ်များကို စစ် သားများက သေနတ်ဖြင့် ချိန်ကာ လုယူသွားပြီး ဆိုင်ကယ် ၁ စီး ၇ သောင်းဖြင့် ပြန်ရွေးခိုင်းနေ၊ လှိုင်သာ ယာတွင် တပ်စွဲသည့် ခမရ ၁၀၆ တပ်ရင်းမှူး တနှစ်အတွင်း ချမ်းသာလာဟုဆို

Must read

ရန်ကုန်၊ ဇွန် ၃

ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဝန်းတွင် လုပ်ကိုင်နေသော အငှားဆိုင်ကယ်မောင်းနှင်သူများ၏ ဆိုင်ကယ်များကို အကြမ်းဖက်စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၆ တပ်ရင်းမှ တပ်ဖွဲ့များက သေနတ်များချိန်ကာ ယမန်နေ့ ဇွန်လ ၂ ရက် ညနေပိုင်းတွင် သိမ်းယူသွားပြီး ဆိုင်ကယ် ၁ စီးလျှင် ငွေ ၇၀,၀၀၀ ကျပ်ဖြင့် ပြန်လည် ရွေးယူခိုင်းနေကြောင်း သတင်းရရှိသည်။

“မနေ့ ညနေပိုင်း ၄ နာရီလောက်က အောင်မင်္ဂလာ အဝေးပြေးဂိတ်မှာကားဂိတ်မှာ ဆိုင်ကယ်ကယ်ရီ ဆွဲနေတဲ့ ဆိုင်ကယ်ကယ်ရီသမားလေးတွေရဲ့ ဘီးတွေကိုယာဥ်ထိန်းရဲနဲ့ စစ်ခွေးတွေ ပေါင်းပြီး ဖမ်းတယ်၊ သေနတ်နဲ့ ချိန်ပြီး ဆိုင်ကယ်သော့တောင်း ဆိုင်ကယ်တွေကို စစ်ကားပေါ် တခါတည်း တင်တာ၊ ပြန်ရွေးချင်ရင် တစ်စီး 7သောင်းနဲ့ ဆိုပြီး အောင်မင်္ဂလာအဝေးပြေး အကျော် Terminal ဆီဆိုင်နားမှာ လာရွေးခိုင်းတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယင်းဖြစ်စဉ်တွင် ဆိုင်ကယ်အများအပြားကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကားပေါ် အဓမ္မ တင်ဆောင်သွားပြီး ငွေကျပ် ၇၀,၀၀၀ ဖြင့် ခြိမ်းခြောက်ကာ လာရောက် ရွေးယူခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ လှိုင်သာယာတွင် တပ်စွဲထားသည့် တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၆ တပ်ရင်းမှ တပ်ရင်းမှူးသည် အလားတူ ပြည်သူများအပေါ် သေနတ်ပြ ခြိမ်းခြောက်ကာ ငွေညှစ်သည့် လုပ်ရပ်ကြောင့် တစ်နှစ်အတွင်း မော်တော်ကား ၃ စီး ပိုင်ဆိုင်လာကာ ချမ်းသာသွားကြောင်း သိရှိရသည်။

“မနှစ်က ၄ လပိုင်း၊ ၅လပိုင်းတုန်းကလည်း လှိုင်သာယာဘက်မှာ တပ်စွဲထားတဲ့ တပ်မ ၇၇ လက်အောက်ခံ ၁၀၆ တပ်ရင်းက တပ်ရင်းမှူးဆို အရင်က ဘာမှ မရှိဘူး၊ ဆိုင်ကယ်စုတ်လေး တစ်စီးပဲ ရှိတာ။ လှိုင်သာယာဘက်မှာ တပ်စွဲထားပြီး ဆိုင်ကယ်တွေ အသက်ကုန်ဖမ်းပြီးငွေတွေညစ်တာ၊ အခုဆို အဲ့တပ်ရင်းမှူးကကိုယ်ပိုင်ကား ၃၊ ၄ စီးနဲ့ ဖြစ်နေပြီ၊ ပြည်သူ့တွေရဲ့ မျက်ရည်တွေကိုသူတို့မို့လို့ လုပ်ရက်တယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ဆက်သွယ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article