36 C
Yangon

ပဋိပက္ခ စီမံခန့်ခွဲမှု အလွဲ သိုမဟုတ် ဘေဂျင်းနှင့် နေပြည်တော်၏ မှန်းခြေမကိုက်သော ရှမ်းပြည်နယ်မှ ခြေလှမ်းများ

Must read

By DRAKE AVILA


မြန်မာအကြမ်းဖက် စစ်ကောင်စီကို ထောက်ခံရင်း အခြားတစ်ဖက်တွင် ရှမ်း ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ကို အကူအညီပေးနေခြင်းသည် ဘေဂျင်းအတွက် ပိုမိုအန္တရာယ် ကြီးမားသည့် ခြေလှမ်းတစ်ခု ဖြစ်လာနေသည်။

ပြည်နယ်အတွင်း ပဋိပက္ခများမှ ဖိတ်လျှံကျလာသည့် ဆင့်ပွားဂယက်များက နေပြည်တော်အပေါ် ဆန့်ကျင်တော်လှန်မှုများ တိုးမြှင့်လာအောင် လမ်းခင်းပေးမည်ဆိုပါက စွန့်စားရသည့် လောင်းကြေးပမာဏမှာ ပိုမိုမြင့်မားလာမည် ဖြစ်သည်။

စစ်ဖြစ်ပွားနေသော မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြား (အီးအေအိုများ)နှင့် မြန်မာစစ်တပ်တို့ကို တရုတ်နိုင်ငံ၏ ထောက်ခံကူညီမှုသည် ကွယ်ဝှက်မထားသည့် လျို့ဝှက်ချက်တစ်ခု ဖြစ်သည်။

သို့ရာတွင် မြန်မာစစ်တပ်ကို တစ်ဖက်က ပြတ်ပြတ်သားသား ထောက်ခံရင်း အခြားတစ်ဖက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA)တို့အား တစ်ပြိုင်နက်တည်း အားပေးကူညီနေခြင်းက ဘေဂျင်းကို ကြိုးတန်းပေါ် လမ်းလျှောက်နေသည့်သဖွယ် မသေချာမရေရာ စွန့်စားခန်းထွက်နေရသည့် အနေအထားသို့ ရောက်ရှိစေသည်။

ပြိုင်ဖက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အား တောင်ဖက်သို့ တိုက်ထုတ်နေသည့် တရုတ်၏ ရှမ်းမြောက်မိတ်ဆွေများကို မထိန်းနိုင်ပါက ဘေဂျင်းအနေဖြင့် မြန်မာနိုင်ငံအတွင်း နိုင်ငံအဆင့် ဦးစားပေးမှုနှင့် ပြည်နယ်အဆင့် ဦးစားပေးမှုအကြား တစ်ခုခုကို ရွေးချယ်လာရလိမ့်မည် ဖြစ်သည်။ စစ်တပ်အတွက်မူ SSPP နှင့် RCSS အကြား ပဋိပက္ခများကို လျှော့ချနိုင်ခြင်း မရှိလျှင် ရှမ်းပြည်နယ်၌ မြန်မာစစ်တပ်ကိုယ်တိုင်က တရုတ်မိတ်ဆွေများနှင့် ရင်ဆိုင်တိုက်ပွဲဆင်နွှဲရမည့် အနေအထားသို့ ရောက်ရှိလာနိုင်ပေသည်။

ရှမ်းပြည်နယ်ရှိ မိမိအကျိုးစီးပွားများကို အာမခံနိုင်ရန် တရုတ်သည် မြန်မာစစ်တပ်၊ UWSA ၊ SSPP တို့နှင့် လွန်ခဲ့သောဆယ်စုနှစ်အတွင်း မိတ်ဖက်ပူးပေါင်းမှုများ ပြုလုပ်ခဲ့သည်။သို့သော် RCSS ကိုမူ သံသယ ကြီးကြီးဖြင့် ဆက်ဆံခဲ့သည်။ ရှမ်းပြည်နယ်အပြင် မြန်မာနိုင်ငံ အခြားဒေသများရှိ မိမိ၏အခြေခံ အဆောက်အအုံ စီမံကိန်းများကို အကာအကွယ်ပေးရန် မြန်မာစစ်တပ်သည် တရုတ်၏ အရေးအကြီးဆုံး မိတ်ဖက်အဖွဲ့ဖြစ်သည်။

သို့သော် အကောင်းဆုံးမျှခြေကို ထိန်းနိုင်ရန်နှင့် ၎င်း၏နယ်စပ်အနီး တည်ငြိမ်မှုပျက်ပြားစေမည့် ထိုးစစ်များလျှော့ချနိုင်ရန် တရုတ်တို့က အချို့အီးအေအိုများကိုလည်း အကူအညီများပေးရင်း စစ်တပ်နှင့် ချိန်ခွင်လျှာကို ပြန်လည်ထိန်းညှိထားခဲ့သည်။

အီးအေအိုများအကြား ဘေဂျင်း၏ အဓိကမိတ်ဖက်အဖွဲ့ဖြစ်သော UWSA သည် ချေမှုန်းရေးရိုင်ဖယ်မှသည် အာရ်ပီဂျီဒုံးကျည်၊ လေယာဉ်ပစ်စက် အမြောက်များအထိ တရုတ်ထံမှ အကူအညီမျိုးစုံ ရရှိနေခဲ့သည်။ တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်များတစ်လျှောက် အခိုင်အမာနေရာ ယူထားသော အဆိုပါ ‘ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်သည် ခန့်မှန်းတပ်ဖွဲ့ဝင် နှစ်သောင်းနီးပါး ရှိသဖြင့် အီးအေအိုများအနက် အင်အားအကြီးဆုံး အဖွဲ့ဖြစ်သည်။

‘ဝ’ တပ်ဖွဲ့ထက် အင်အားသေးငယ်သော SSPP သည် တရုတ်တို့၏ အရေးကြီးသော နောက်ထပ်မိတ်ဖက် အဖွဲ့တစ်ခု ဖြစ်သည်။ အကြောင်းရင်းမှာ SSPP သည် ရှမ်းအမျိုးသားရေးအလံ တရားဝင် လွှင့်ထူခွင့်ရအောင် RCSS နှင့် အပြိုင်လုနေသော အဖွဲ့ဖြစ်သလို ‘ဝ’ တပ်ဖွဲ့နှင့် တရုတ်တို့အတွက် RCSS နှင့် တိုက်ရိုက် မထိတွေ့အောင် ကြားခံပေးနေသည့်အဖွဲ့ ဖြစ်ခြင်းကြောင့် ဖြစ်သည်။

SSPP သည် ဘေဂျင်းက လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေးများကို ရခဲ့သည့်အပြင် တရုတ်လက်နက်များကိုလည်း ‘ဝ’ တပ်ဖွဲ့ထံမှရရှိခဲ့သည်။ ပြည်တွင်းသတင်းဌာနများ၏ အဆိုအရ RCSS ကို ထိုင်းအဖွဲ့တစ်ခုဟု နားလည်ရုံမက အမေရိကန်၏ အကျိုးတော်ဆောင် အဖွဲ့ဟုလည်း ယူဆသဖြင့် တရုတ်က ၎င်းအဖွဲ့ကို ခြိမ်းခြောက်မှုအန္တရာယ် တစ်ခုအဖြစ် မှတ်ယူထားသည်ဟု ဆိုသည်။

ထိုသို့ တရုတ်၏ ဖယ်ကြဥ်မှုကို ခံနေရစဉ် RCSS သည် မြောက်ပိုင်း ပြိုင်ဘက်များနှင့် တိုက်ပွဲများတွင် မြန်မာစစ်တပ်၏ အကူအညီများကို သွယ်ဝိုက်ရရှိနေသည်။ RCSS သည် SSPP ကို အပြီးသိမ်းပိုက် ချေမှုန်းပြီး ရှမ်းအမျိုးသားရေးဝါဒ၏ တစ်ဦးတည်းသော ပြိုင်ဖက်ကင်း ချန်ပီယံဖြစ်ရန် ဆန္ဒရှိပြီး တရုတ်နယ်စပ်ရှိ အကျိုးအမြတ် ကြီးမားလှသော ကုန်သွယ်မှု လမ်းကြောင်းများကိုလည်း ထိန်းချုပ်လိုကြသည်။

၂၀၁၅ခုနှစ်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (အင်န်စီအေ)ကို RCSS က ဦးသိန်းစိန်အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်အရ မြန်မာစစ်တပ်၏ ခြိမ်းခြောက်မှု အန္တရာယ်များမှ ဘေးကင်းလုံခြုံ စိတ်ချသွားသည့်အခါ RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပိုမိုထိုးဖောက် ဝင်ရောက်လာနိုင်ခဲ့သည်။

ယင်းသို့ RCSS ၏ ထိုးဖောက်နိုင်မှုသည် SSPP၏ ဆုတ်ယုတ်မှုပင် ဖြစ်သည်။ မြန်မာစစ်တပ်က ၎င်းတို့ထိန်းချုပ်ထားသော လမ်းများမှတစ်ဆင့် ရှမ်းမြောက်နယ်ထဲသို့ ဖြတ်သန်းခွင့် ပြုခြင်းအားဖြင့် RCSS ကို အားပေးကူညီခဲ့သည်။

အပစ်အခတ်ရပ်စဲခြင်းနှင့် RCSS အား လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးခြင်းသည် ဗဟိုအစိုးရကို တိုက်နေမည့်အစား တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်းသာ အပြန်အလှန် တိုက်ခိုက်ကြစေရန် မြန်မာစစ်တပ်က နှစ်ရှည်လများ ကျင့်သုံးနေသည့် သွေးခွဲအုပ်ချုပ်မှုဗျူဟာ၏ ပြယုဂ်များပင် ဖြစ်သည်။

တိုက်ခိုက်မှုများ၌ ‘ဝ’ တပ်ဖွဲ့များ တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း SSPP ၏ ဆုတ်ခွာရသည့် ခြေလှမ်းတိုင်းသည် RCSS ထိန်းချုပ်နယ်မြေနှင့် တရုတ်နယ်စပ်ရှိ ‘ဝ’ နယ်မြေအကြား ကြားခံဇုန်နယ်နိမိတ်ကို တဖြည်းဖြည်းပိုမို ကျဉ်းမြောင်းလာစေခဲ့သည်။

မြန်မာ့အာဏာသိမ်းမှုသည် ရှမ်းပြည်နယ်အတွင်း ဘေဂျင်းနှင့် နေပြည်တော်တို့၏ သွေးခွဲအုပ်ချုပ်ရေး မဟာဗျူဟာနှစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေခဲ့သည်။

သို့သော် မြန်မာစစ်တပ်၏ စစ်မျက်နှာ အလွန်အမင်း ကျယ်ပြန့်လာမှုကို အခွင့်ကောင်းယူလျက် SSPPနှင့် UWSA တို့သည် RCSS အဖွဲ့ကို တောင်ဘက်သို့ တိုက်ထုတ်နိုင်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် နွေဦးရာသီ အာဏာသိမ်းမှုက ပြိုင်ဘက်အုပ်စုများအကြား ချိန်ခွင်လျှာကို ထိန်းရန် ခက်ခဲလာသည်အထိ စစ်တပ်ကို အင်အားချိနဲ့စေခဲ့ပြီး ရှေ့မတိုးရန် မေတ္တာရပ်ခံရင်း ၊ရှေ့တိုးလာသည့် SSPP ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ရင်းဖြင့်သာ စစ်တပ်က တုံ့ပြန်နိုင်ခဲ့သည်။

နောက်ထပ်လေကြောင်း တိုက်ခိုက်မှုများ မရှိတော့သည့်အချက်ကို ထောက်ရှု၍ စစ်တပ်သည် RCSS အတွက် လေကြောင်းစစ်ကူ ပေးနေခြင်းထက် မိမိလက်ငင်း ရင်ဆိုင်နေရသော အခြားစစ်မျက်နှာစာများကို ပိုဦးစားပေးလာသည်ဟု ယူဆနိုင်သည်။ တစ်ချိန်တည်းမှာပင် ‘ဝ’ တပ်ဖွဲ့များသည် RCSS ဌာနချုပ်နှင့် နီးကပ်စွာ တည်ရှိသည့် ထိုင်းနယ်စပ်အနီး ၎င်းတို့တပ်စခန်းတွင် အင်အားအလုံးအရင်း ဖြည့်တင်းလျက်ရှိသည်။

ထိုသို့ ဝိုင်းရံခံထားရသော RCSS ခေါင်းဆောင်ရွက်စစ်သည် မကြာသေးမီကပင် မြန်မာစစ်တပ်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ်၌ RCSSနှင့် စစ်တပ်အကြား ပေါင်းစည်းညီညွတ်မှုကို ထပ်လောင်း အတည်ပြုခဲ့သည်။

မေ ၁၃ ရက်တွင် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော UWSA ကိုယ်စားလှယ်အဖွဲ့က စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲတွင် ၎င်းတို့ကြားနေအဖြစ် ရပ်တည်မည့်အကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သော်လည်း RCSS နှင့် ‘ဝ’ တပ်ဖွဲ့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခအကြောင်းကိုမူ တစ်စွန်းတစမျှ မဖော်ပြဘဲ ချန်လှပ်ထားခဲ့သည်။

RCSS ကို SSPP က အနိုင်ရပါက ပဋိပက္ခကို နည်းလမ်းနှစ်သွယ်ဖြင့် ပိုမိုကြီးမားလာစေနိုင်ပြီး စစ်တပ်ကို ထိခိုက်စေမည်ဖြစ်သည်။ ပထမအချက်မှာ RCSS သည် မြန်မာစစ်တပ်နှင့် အခြားရှမ်းအီးအေအိုများအကြား အင်မတန် အသုံးမဝင်တော့သော ကြားခံ သို့မဟုတ် အာရုံလွှဲမှု တစ်ခုဖြစ်လာမည့်အချက် ဖြစ်သည်။

‘ဝ’ တပ်ဖွဲ့က ထိန်းချုပ်ထားသော တစ်ဆက် တစ်စပ်တည်း မဟုတ်သည့် ‘ဝ’ နယ်မြေ အစိတ်အပိုင်းနှစ်ခုနှင့် ၎င်း၏မိတ်ဖက် အီးအေအိုနယ်မြေများသည် စစ်တပ်၏ တြိဂံဒေသတိုင်း စစ်ဌာနချုပ်အား ပတ်ပတ်လည် ဝိုင်းရံထားသကဲ့သို့ ဖြစ်လာသည်။ ထိုအခါ UWSA အနေဖြင့် မြန်မာစစ်တပ်ကို မောင်းထုတ်ပြီး ‘ဝ’ ပြည်နယ်အဖြစ် တိုးချဲ့ထူထောင်မည့် လမ်းစပေါ် လျှောက်လှမ်းကောင်း လျှောက်လှမ်းလာနိုင်မည် ဖြစ်သည်။

ဒုတိယအချက်မှာ ရှမ်းပြည်နယ်တစ်လျှောက် ဖြစ်ပေါ်လာမည့် မြန်မာစစ်တပ်၏ အနှောင့်အယှက် မရှိသလောက် ကင်းစင်သည့် အဆိုပါစင်္ကြန်သည် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ စစ်တပ်ဆန့်ကျင်ရေး တပ်ဖွဲ့များအထိ တိုးလျှိူပေါက် လမ်းပွင့်သွားနိုင်ခြင်း ဖြစ်သည်။

ထိုသို့ စစ်တပ်မှ ကင်းလွတ်သော စင်္ကြန်တစ်ခု လမ်းပွင့်လာပါက မြောက်နှင့်တောင်၊ တောင်နှင့်မြောက် လက်နက်နှင့်ပစ္စည်းများ အတားအဆီးမဲ့ စီးဆင်းမှုများ ဖြစ်ထွန်းလာပေလိမ့်မည်။ ၎င်းစင်္ကြန်သည် လက်ရှိဖြစ်ပွားနေဆဲ အရပ်ဖက် ပဋိပက္ခများအတွက် အလွန်အရေးပါနေသော မြန်မာနိုင်ငံ အနောက်ပိုင်းမှ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အကြား ဆက်သွယ်ထားသော စင်္ကြန်နှင့် အလားသဏ္ဍာန် တူနေမည်ဖြစ်သည်။

စစ်တပ်အပေါ် ခြိမ်းခြောက်မှုများ တိုးမြင့်လာလင့်ကစား SSPPနှင့် UWSA တို့အပေါ် ထောက်ခံမှုကို တရုတ်က စွန့်လွှတ်ခြင်း မရှိသေးပေ။ ထိုအချက်ကို ကြည့်ခြင်းဖြင့် တရုတ်မူဝါဒ ချမှတ်သူများသည် မြန်မာစစ်တပ် ရှင်သန်ရေးကို အာမခံရန် ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုထက် ရှမ်းပြည်နယ်ရှိ တရုတ်အကျိုးစီးပွားများကို ပိုမို ဦးစားပေးနေခြင်းလား သို့မဟုတ် ပို၍ ဖြစ်နိုင်ချေရှိသည်မှာ ရှမ်းပြည်နယ်ရှိ ၎င်းမိတ်ဆွေများအပေါ် တရုတ်ဩဇာလွှမ်းမိုးမှု အကန့်အသတ် ရှိနေခြင်းလားဟု ယူဆစရာရှိနေသည်။

မြန်မာ့အာဏာသိမ်းမှုသည် ရှမ်းပြည်နယ်အတွင်း ဘေဂျင်းနှင့် နေပြည်တော်တို့၏ သွေးခွဲအုပ်ချုပ်ရေး မဟာဗျူဟာနှစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေခဲ့သည်။ SSPP-UWSA မဟာမိတ်အဖွဲ့အား တရုတ်၏ မပြောင်းမလဲ ဆက်လက် ထောက်ခံနေမှုသည် ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ အကြောင်းတိုက်ဆိုင်ရုံ သတ်သတ်ဖြစ်စေ၊ မြန်မာစစ်တပ်အား ထိခိုက်နစ်နာစေမည်ဖြစ်ကာ အဆိုပါထိခိုက်မှုသည် မြန်မာနိုင်ငံ အခြားဒေသအနှံ့အပြားရှိ ဘေဂျင်း၏ အကျိုးစီးပွားများကို တစ်ဖန် ယုတ်လျော့ကျ ဆင်းစေလိမ့်မည်သာ ဖြစ်သည်။

(FULCRUM တွင် ဖော်ပြထားသော DRAKE AVILA ၏ “Conflict Mismanagement: Beijing and Naypyitaw’s Counter-Effective Moves in Shan State” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article