30 C
Yangon

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဥကရစ်ထစခန်းကို အင်အားဖြည့်တင်းလာပြီး ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဆက်လက်ပြင်းထန်

Must read

ရန်ကုန်၊ ဇွန် ၂၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းရှိ ဥကရစ်ထ စစ်ကောင်စီခြေကုတ်စခန်းကို KNLA၊ KNDO ပူပေါင်းတပ်ဖွဲ့က ၃ ရက်ဆက်တိုက်တိုက်ခိုက်နေခဲ့ပြီး ယနေ့ ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဥကရစ်ထခြေကုတ်စခန်းကို ဇွန်လ ၂၆ ရက်နေ့နံနက်တွင် KNDO အထူးကွန်မန်ဒိုတပ်ဖွဲ့မှ စတင်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ BGF တပ်ဖွဲ့များ၊ စောစတီးဦးဆောင်သော DKBA တပ်ဖွဲ့များက စစ်ကူပေးခြင်းများ၊ လေကြောင်းမှ တိုက်လေယာဉ်များဖြင့် ရက်ဆက် ပစ်ကူပေးခြင်းများ၊ ၃ မိုင်ခွဲ ဝန်းကျင်အကွာ ဝေါလေဗျူဟာကုန်းမှာ လက်နက်ကြီးများ တရစပ် ပစ်ကူပေးခြင်းများကြောင့် နှစ်ဖက်အကျအဆုံး များပြားခဲ့သည်။

“မနေ့ညနေ ၅ နာရီခွဲလောက်မှာ ဥကရစ်ထစခန်းက လက်နက်ကြီးကုန်းကို ရခဲ့တယ်၊ စနိုက်ပါထိုင်ထားတဲ့ တကုန်းပဲ ကျန်တာပေါ့နော်၊ စခန်းက တဲတွေကိုတော့ မီးရှို့လိုက်တယ်။ စစ်ကောင်စီဘက်က သေတဲ့သူရော ပြေးတဲ့သူရော များပါတယ်၊ လက်နက်ခဲယမ်းအချို့ ကျနော်တို့ ရတာရှိပါတယ်။” ဟု KNDO ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ၁၁ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့အထိ ၃ ရက်တာ တိုက်ပွဲတွင် ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်မှ အနည်းဆုံး ၈ ဦး ကျဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာရကြောင်း KNDO ရှေ့တန်းစစ်မြေပြင် သတင်းရင်းမြစ်များက ပြောဆိုကြသည်။

“၂၆ ရက်နေ့က CDM ဒုတပ်ကြပ် ဝေလင်းအောင်နဲ့ အခြားတယောက် ကျတယ်၊ ၂၇ ရက်နေ့မှာ ၁ ယောက် ထပ်ကျတယ်၊ ၂၈ နေ့မှာ လေယာဉ်နဲ့ ပစ်တာ ထိပြီး ၂ ယောက် ကျတယ်၊ ၂၈ ရက်နေ့မှာ အားလုံးပေါင်း ၅ ဦး ကျတယ်။” ဟု Venom စစ်ကြောင်း သတင်းပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“ဟုတ်ကဲ့၊ ကျနော်တို့ Cobra စစ်ကြောင်းဘက်ကလည်း အထိအခိုက်ရှိပါတယ်၊ သတင်းထုတ်ပြန်ပါမယ်” ဟု ကော်ဘရာ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီ ခြေကုပ်စခန်းကို တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးစောစလုံး ဦးဆောင်သော KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ ဗိုလ်မှူးစောဝင်းမြင့် အထူးစစ်ကြောင်း (Venom)နှင့် ဗိုလ်ဒါဘော့ဦးဆောင်သော KNLA Cobra စစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ဓါတ်ပုံ – ဇွန်လ ၂၈ ရက်တိုက်ပွဲတွင် ဥကရစ်ထစခန်းအတွင်း သေဆုံးနေသော စစ်ကောင်စီ တပ်သား ၁ ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article