30 C
Yangon

နေဝင်ချိန် နီးလာသည်နှင့်အမျှ ပို၍ ရက်စက်ကြမ်းကြုတ်နေသည့် ရာဇဝတ်ဂိုဏ်း စစ်ကောင်စီကို ချေမှုန်းရန် အားလုံး စုစည်း တော်လှန်မည့် မဟာဗျူဟာအကောင်အထည်ဖော်နေဟု NUG ကာကွယ်ရေး ဝန်ကြီး ပြောဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်သည် နေဝင်ချိန် နီးလာသည်နှင့်အမျှ ပိုမို ရက်စက်ကြမ်း ကြုတ် လာနေသော ရာဇဝတ်ဂိုဏ်းဖြစ်လာနေပြီး စစ်ကောင်စီကို ချေမှုန်းရန် အားလုံး စုစည်း တော်လှန်မည့် မဟာ ဗျူဟာကို အကောင်အထည်ဖော်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်သည်။

ယနေ့ နံနက် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ မြန်မာများနှင့် အွန်လိုင်း တွေ့ဆုံပွဲတွင် ဦးရည်မွန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ဒေသကြီး ၃ ခုကို တည်ဆောက်လျက်ရှိပြီး စစ်ဒေသကွပ်ကဲရေး အဖွဲ့များ ဖွဲ့စည်းလျက်ရှိကြောင်း၊ စစ်ဒေသကွပ်ကဲရေးအဖွဲ့များတွင် ခရိုင်၊ မြို့နယ် စစ်ဒေသကွပ်ကဲရေးမှူးနှင့် ကွပ်ကဲရေးအဖွဲ့များကို ဆင့်ကဲ ဖွဲ့စည်းလျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းသည် စစ်ဒေသ ၁ ဖြစ်ပြီး ခရိုင်အားလုံး ကွပ်ကဲရေးအဖွဲ့နှင့် ကွပ်ကဲရေးမှူးများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ လက်ရှိတွင် အားလုံးစုစည်းပြီး တော်လှန်သည့် မဟာဗျူဟာကို အကောင်အထည်ဖော်နေကြောင်း ပြောဆိုသည်။

“စစ်ဒေသ ၃ ခု တည်ဆောက်ထားပါတယ်။ ခရိုင်ကွပ်ကဲမှူးတွေကို မဟာမိတ် ERO တွေက တာဝန်ယူတာများတယ်။ ခရိုင်ကွပ်ကဲရေးအဖွဲ့ လတ်တလောက အားစိုက်ပြီးလုပ်နေတာဖြစ်တယ်။ စစ်ဒေသ ၁ စစ်ကိုင်းတိုင်း ခရိုင်အားလုံးမှာဖွဲ့စည်းပြီးဖြစ်တယ်။ စစ်ဒေသကွပ်ကဲမှုရော ခရိုင်ကွပ်ကဲရေးမှူး အဖွဲ့ရောရှိတယ်။ ခရိုင်ကွပ်ကဲရေးအဖွဲ့မှာ တော်လှန်ရေးအားလုံး အင်အားစု အားလုံးပါဝင်နိုင်ရေး လမ်းဖွင့်ထားတယ်။ စစ်ဒေသတွေမှာ ခရိုင်အခြေပြု PDF တပ်ရင်းတွေ။ PDF အထူးတပ်ရင်း အထူးစစ်ကြောင်းဆိုတာရှိတယ်။ မြို့နယ်တွေကို အခြေခံ ဖွဲ့စည်းတဲ့ ပကဖ တွေကတော့ ဒေသတွင်း စစ်ရေးလှုပ်ရှားမှုမှာ PDF နဲ့ ပူးပေါင်းပြီး လှုပ်ရှားတယ်။ ပကဖတွေ လူထုထဲမှာနေပြီး နိုင်ငံရေးအရ လူထုစည်းရုံးရေးအလုပ်ကို လုပ်ဆောင်ကြပါတယ်။ ကိုယ့်ဘက်က ပိုပြီးတော့ စိုးမိုးနိုင်စွမ်း ရှိတဲ့ဒေသတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအာဏာ တည်ဆောက်ဖို့ အလုပ်လုပ်တွေ လုပ်ကြတဲ့အခါမှာ ပကဖတွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ LDF တွေဆိုတာကဒေသအသီးသီးမှာ ဒေသကာကွယ်ရေးအဖွဲ့တွေဖြစ်တယ်။ ကျနော်တို့အားလုံး စုစုစည်းစည်းနဲ့ တော်လှန်ရမှာဖြစ်ပါတယ်” ဟု ဦးရည်မွန်က ဆိုသည်။

လက်ရှိတော်လှန်ရေးတွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စုပေါင်းနိုင်ရေးကိုလည်း ကြိုးစားလျက်ရှိသည်ဟု ၎င်းက ရှင်းပြသည်။

“တကွဲတပြားစီ အလုပ်လုပ်လို့ မရတော့ဘူး။ တော်လှန်ရေးအင်အားစု အားလုံးကို စုစည်းပြီးတော့ဒေသအလိုက် ကွပ်ကဲမှု တည်ဆောက်ကြရမယ်။ ကွပ်ကဲမှုအောက်မှာ အားလုံးပါဝင်ပြီး‌ဒေသအလိုက် ဗျူဟာတွေ တည်ဆောက်ပြီးတော့မှ တာဝန်ခွဲယူပြီးတော့ စုပေါင်း တော်လှန်မယ်။ ဒေသအလိုက် ခရိုင်အလိုက် စုစည်းမှုနဲ့ ကွပ်ကဲမှု ဒီစီမံချက်ကို အားလုံးပူးပေါင်း လက်တွဲ အကောင်အထည်ဖော်ဖို့ အကြမ်းဖက်စစ်ကြောင်း ချေမှုန်းပစ်နိုင်ရေးအထိ ရည်မှန်းပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ဦးရည်မွန်က ဆက်ပြောသည်။

လက်ရှိတွင် စစ်တပ်သည် နေဝင်ချိန်နီးလာ၍ ပိုမို ရက်စက်ကြမ်းကြုတ်လာကြောင်း၊ မင်းအောင်လှိုင်ဦးဆောင်သော ရာဇဝတ်ဂိုဏ်းတွင် အခြားလုပ်စရာမရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်တပ်က အကြမ်းဖက် ရာဇဝတ်ဂိုဏ်းအဖြစ် ပြောင်းလဲခဲ့ပြီ။ သူ့မှာ အခြားလုပ်စရာမရှိတော့ဘူး။ ဒါက သူ့နောက်ဆုံး နည်းလမ်း နောက်ဆုံးထွက်ပေါက်လို့ မို့လို့ လုပ်တာပါ။ သူ့မှာ နည်းလမ်းမရှိဘူး။ ဒီအတွက် ဒီလို လူမဆန်တဲ့နည်းလမ်းတွေကို ကျူးလွန်နေတာဖြစ်ပါတယ်။ အင်မတန်ကို စက်ဆုပ်စရာ နေဝင်ချိန်နီးလာ၍ အင်မတန်ရက်စက်ကြမ်းကြုတ် လာတာဖြစ်တယ်” ဟု ဦးရည်မွန်က ပြောဆိုသည်။

ဓာတ်ပုံ- ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article